Khun Sa | |
---|---|
![]() တောတွင်း ဌာနချုပ်တွင် တွေ့ရသော ခွန်ဆာ (ဧပြီ ၁၉၈၈) | |
ဒေသခေါ်အမည် | မြန်မာ: ခွန်ဆာ တရုတ်: 張奇夫 |
မွေးနာမည် | စိုင်းဆာ |
မွေးဖွား | ၁၇ ဖေဖော်ဝါရီ ၁၉၃၄ လိုင်မော်၊ မိုင်းရယ်၊ ဗြိတိသျှဘားမား |
ကွယ်လွန် | အောက်တိုဘာ ၂၆၊ ၂၀၀၇ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | (အသက် ၇၃)
သစ္စာခံနိုင်ငံ | မုန်တိုင်းတပ်မတော် ရှမ်းပြည်နယ်တပ်ပေါင်းစုတော်လှန်ရေးတပ်မတော် |
ရာထူးအဆင့် | စစ်ဦးစီးချုပ် |
တိုက်ပွဲ/စစ်ပွဲများ | မြန်မာပြည်တွင်း ပဋိပက္ခ |
အခြား အလုပ် | Shan warlord |
ခွန်ဆာ (တရုတ်: 張奇夫[၁]; ပင်ယင်: Zhāng Qífú; ထိုင်း: จันทร์ จางตระกูล; RTGS: Chan Changtrakul;[၂] ၁၇ ဖေဖော်ဝါရီ ၁၉၃၄ – ၂၆ အောက်တိုဘာ ၂၀၀၇)၊[၃][၄] သည် ရှမ်းစစ်ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ ခွန်ဆာသည် ရှမ်း တရုတ် ကပြားတစ်ဦးဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် မြန်မာစစ်အစိုးရထံ၌ လက်နက်မချမီ အချိန်အထိ အင်အား ၁၅,၀၀၀ ခန့်ရှိ ကိုယ်ပိုင် စစ်တပ်ဖြင့် ထိုင်း၊ မြန်မာ၊ လာအိုနယ်စပ် ရွှေတြိဂံဒေသကို လွှမ်းမိုးနိုင်ခဲ့သည်။
ခွန်ဆာကို တောင်သိန္နီစော်ဘွားနယ် (ယခု တန့်ယန်းမြို့နယ်) လွိုင်မော်ကျေးရွာအုပ်စု၊ ဖာဖိန့်ရွာနေ တရုတ်လူမျိုး ဖခင် ခွန်အိုက် (Zhang Bingyao) နှင့် ရှမ်းလူမျိုး မိခင် နန်းဆိုင်ဇွန် တို့မှ ၁၉၃၄ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်တွင် မွေးဖွားသည်။[၅]
၁၉၃၇ ခုနှစ်၌ ဖခင်ကွယ်လွန်ရာ မိခင်က မိုင်းတွမ်းမြို့စား ခွန်ကြည်နှင့် လက်ဆက်သည်။ ၁၉၃၉ ခုနှစ်၌ မိခင်ကွယ်လွန်ပြန်ရာ ဘထွေးနှင့် အတန်ကြာနေထိုင်ပြီး အဘိုးက ပြန်မွေးစားသည်။ ဦးလေးဖြစ်သူ ခွန်ကြာက ထိန်းကျောင်းပေးသည်။
ငယ်စဉ်က ကူမင်တန် တရုတ်ဖြူတပ်မှာ အမှုထမ်းခဲ့သည်။ နောက်ပိုင်းတွင် ကူမင်တန်မှ ခွဲထွက်ပြီး နောက်လိုက် ရာဂဏန်း အနည်းငယ်ဖြင့် ကိုယ်ပိုင်တပ်ကို တည်ထောင်ခဲ့သည်။
၁၉၆၀ ခုနှစ်တွင် မြန်မာအစိုးရ ဩဇာခံ လွယ်မော်ကာကွယ်ရေးတပ် အဖြစ် ပြောင်းလဲခဲ့သည်။ ငွေ၊ ဝတ်စုံနှင့် လက်နက်များကို ရယူပြီး ရှမ်းပြည်တပ်မတော် (Shan State Army)ကို တိုက်ခိုက်ပြီးနောက် တပ်အင်အား ၈၀၀ အထိ တိုးချဲ့အားကောင်းလာသည်။
၁၉၆၄ ခုနှစ်၌ ငါးဆယ်ကျပ်နှင့် တစ်ရာကျပ်တန်များကို တော်လှန်ရေးကောင်စီက ဖျက်သိမ်းရာ တောခိုပြီး ထိုင်းနယ်စပ် ဘန့်ဟင်တိုက်တွင် အခြေပြုသည်။ ရှမ်းနှင့် ဝ နယ်မြေများအတွင်း နယ်ပယ်ချဲ့ပြီး ဘိန်းထုတ်လုပ်မှု တိုးမြှင့်ခဲ့သည်။
၁၉၆၇ ခုနှစ်တွင် ရှမ်းပြည်နယ် အတွင်းရှိ ကူမင်တန် အကြွင်းအကျန် တပ်များနှင့် မသင့်မမြတ် ဖြစ်ပြီး အင်အား ဩဇာ ကျဆင်းခဲ့သေးသည်။
၁၉၆၉ ခုနှစ်တွင် မြန်မာအစိုးရက ဖမ်းဆီး၍ မန္တလေးထောင်၌ ထိန်းသိမ်းရာ သူ၏တပ်က တောပြန်ခိုသွားသည်။ ခွန်ဆာ၏လက်ထောက် တပ်မှူးဖြစ်သူက တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် လာရောက်တာဝန်ထမ်းဆောင်နေသော ရုရှားဆရာဝန် ၂ ဦးကို ဖမ်းဆီးကာ ခွန်ဆာနှင့်လဲလှယ်ရန် တောင်းဆိုခဲ့သဖြင့် ၁၉၇၄ ခုနှစ်တွင် ပြန်လွတ်လာသည်။
၁၉၇၆ ခုနှစ်တွင် ၎င်း၏တပ်ဖွဲ့ကို စည်းလုံးညီညွတ်သည့် ရှမ်း တပ်မတော် (Shan United Army) ဟု ပြောင်းလဲဖွဲ့စည်းပြီး ရှမ်းလူမျိုးများဘက်မှ ရပ်တည်ကာ မြန်မာ စစ်အစိုးရကို တိုက်ခိုက်သည်။
၁၉၈၅ ခုနှစ်တွင် စဝ်ကွဏ်းဇိန်း (ခ) မိုးဟိန်း ဦးဆောင်သည့် ရှမ်းတော်လှန်ရေးကောင်စီနှင့် ပူးပေါင်းပြီး စဝ်ကွန်းဇိန်းက ဥက္ကဋ္ဌ၊ ခွန်ဆာက ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူကြသည်။ ဟိုမိန်းဌာနချုပ်ကို တည်ထောင်ကာ ရှမ်းပြည်နယ် အရှေ့ပိုင်းတခွင်နှင့် ရှမ်း - ကယား နယ်စပ် အထိ ထိန်းချုပ်လာနိုင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် စဝ်ကွန်းဇိန်းကွယ်လွန်ရာ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။ ထိုနောက် အမ်တီအေ ခေါ် မုန်တိုင်းတပ်မတော် (Mong Tai Army) ကို ဖွဲ့စည်းခဲ့ပြီး ထိုင်း - မြန်မာ - လာအို နယ်စပ် ရှိ ရွှေတြိဂံဒေသတွင် ဘိန်းဖြူ အမြောက်အမြား ထုတ်လုပ်ခဲ့သဖြင့် ဘိန်းဘုရင်ဘွဲ့ဖြင့် ထင်ရှား လာခဲ့သည်။
၁၉၈၈ ခုနှစ်တွင် ထိုင်းမှ မြန်မာ သို့ တရားမဝင် ဝင်ရောက်လာခဲ့သော ဩစတြေးလျ သတင်းထောက် စတီဖင်ရိုက် နှင့် အင်တာဗျူးခဲ့ပြီး ဘိန်းစိုက်ခင်းများ မစိုက်ပျိုးစေရန် တနှစ်လျှင် ဩစတြေးလျှဒေါ်လာ သန်း ၅၀ ဖြင့် နောက် ၈ နှစ် အတွက် ရောင်းမည်ဟု ဩစတြေးလျ အစိုးရသို့ ကမ်းလှမ်းခဲ့သည်။ ထို ကမ်းလှမ်းချက် ကို လွှတ်တော်အမတ် ဂရက်အီဗင် က "အစိုးရသည် ဒုစရိုက်သမားများ ဒုစရိုက်မှု မလုပ်ခြင်းအတွက် ငွေပေးစရာ မလို" ဟု ကြေညာပြီး ဩစတြေးလျအစိုးရက ပယ်ချခဲ့သည်။ [၆]
၁၉၈၉ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်တရားရုံးက ခွန်ဆာကို ဘိန်း တန်တစ်ထောင် တင်ပို့ရန် ကြံစည်မှုဖြင့် တရားစွဲသည်ကို တုံ့ပြန်သောအားဖြင့် သူ ထုတ်လုပ်သည့် ဘိန်းဖြူ အားလုံးကို ဝယ်မည်ဆိုလျှင် နိုင်ငံတကာ မူးယစ်ဆေးဈေးကွက်သို့ ဖြန့်ဝေရောင်းချခြင်းမပြုတော့ဟုပင် အမေရိကန်ကို လှောင်ပြောင်ကမ်းလှမ်းခဲ့သည်။
၁၉၉၅ ခုနှစ်တွင် တပ်တွင်းပုန်ကုန်မှုဖြစ်ရာ ၁၉၉၆ ဇန်နဝါရီလ၌ မြန်မာအစိုးရထံ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်၍ ရန်ကုန်တွင် ပြောင်းရွေ့နေထိုင်သည်။
ခွန်ဆာအား အမေရိကန်နိုင်ငံက ဆုကြေး ဒေါ်လာ (၂) သန်း ထုတ်ပြန် ကြေညာခဲ့သော်လည်း ဖမ်းဆီးပေးပို့ရေးကို မြန်မာ စစ်အစိုးရက ငြင်းဆိုခဲ့သည်။ သို့ဖြင့် ဦးခွန်ဆာသည် "အမေရိကန် အစိုးရလက်သို့ လွှဲပြောင်းပေးခြင်း မခံရနိုင်" ဟူသော ယုံကြည်ချက်ဖြင့် မြန်မာအစိုးရနှင့် ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမ်တီအေဗဟိုကော်မတီဝင်တစ်ဦးအား ကိုးကား၍ ခွန်ဆာ ဦးဆောင်သော အမ်တီအေအဖွဲ့ ဘာ ကြောင့် လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရသလဲ ဟူသည့် စာအုပ်ကို မြန်မာအစိုးရက မြန်မာဘာသာဖြင့် ထုတ်ဝေခဲ့သည်။
ရှမ်းပြည်နယ်မှ ရန်ကုန် မြို့တော်သို့ သွားရောက် အခြေချပြီး မကွယ်လွန်ခင်အချိန်အထိ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် လုပ်ငန်းပေါင်းများစွာ ရင်းနှီး လုပ်ကိုင်ခဲ့သည်။ [၇]
၂၀၀၇ အောက်တိုဘာ ၂၆ တွင် ရန်ကုန်မြို့တွင် ဆီးချို၊ လေတပိုင်းဖြတ်ခြင်း နှင့် သွေးတိုး ရောဂါများ ခံစားနေရပြီး ကွယ်လွန်ခဲ့သည်။ [၈][၉] ရန်ကုန်မြို့ မြောက်ဥက္ကလာပ ရှိ ရေဝေးသုသာန်တွင် မြုပ်နှံခဲ့သည်။ [၁၀]
နန်းကေးယွန်း (၁၉၉၃ ကွယ်လွန်) နှင့် လက်ထပ်ခဲ့ရာ သားသမီး ရှစ်ဦး ရရှိခဲ့သည်။ သား သမီးများမှာ Nang Long (Khajit), Zarm Merng (Phajon), Zarm Herng (Phathai), Nang Kang (Khanittha), Zarm Zeun (Phairote), Zarm Myat (Phaisarn), Nang Lek (n.a.), Zarm Mya (Pitak) တို့ ဖြစ်သည်။
မင်းသား ရစ်ယန်း က ၂၀၀၇ ခုနှစ် ထွက် အမေရိကန်လူဆိုး အမည်ရှိ ရုပ်ရှင်တွင် ခွန်ဆာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။