Yangon–Mandalay Expressway | |
---|---|
ရန်ကုန်–မန္တလေး အမြန်လမ်း | |
![]() | |
လမ်းကြောင်း အချက်အလက်များ | |
![]() ![]() | |
အလျား | ၅၈၆.၇ km (၃၆၄.၆ mi) |
ဆောက်လုပ်ပြီး | December 2010 – present |
အဓိက လမ်းဆုံများ | |
South အဆုံး: | ရန်ကုန်မြို့ |
North အဆုံး: | မန္တလေးမြို့ |
တည်နေရာ | |
အဓိက မြို့များ: | ,ဖြူးမြို့, တောင်ငူမြို့, နေပြည်တော်, မိတ္ထီလာမြို့ |
ရန်ကုန်-မန္တလေး အမြန်လမ်း သည် မြို့တော်ဟောင်း များဖြစ်သည့် ရန်ကုန်နှင့် မန္တလေးမြို့ တို့ကို ဆက်ပေးသော ကန့်လန့်ဖြတ်လမ်းမရှိ အမြန်လမ်းမကြီး ဖြစ်သည်။ ဤအမြန်လမ်း ကို ဒီဇင်ဘာ၂၀၁၁ကုန် တွင် မဟာရန်ကုန် နှင့် မန္တလေးမြို့အကြား စတင် ဖွင့်လှစ်အသုံး ပြုသည်။ ဤအမြန်လမ်းကြောင့် ပြည်ထောင်စုလမ်းဖြင့် ၁၆နာရီ ၊ ရထားလမ်းဖြင့် ၁၃နာရီ ၊ ကြာသောခရီးသည် ၇နာရီ ဖြင့် လိုရာဤခရီးသို့ လျင်မြန်စွာ သွားလာနိုင်သည်။[၁][၂][၃][၄]
၁၉၅၀ စုနှစ်များ အကုန်တွင် ရန်ကုန်မြို့နှင့်မန္တလေးမြို့ ကိုဆက်သွယ် မည့် အမြန်လမ်းမကြီးတခု ဖောက်လုပ်ရန် စီမံကိန်း လျာထား ခဲ့သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၁၉၇၀ စုနှစ်များ အလယ် တွင် အမြန်လမ်းမကြီးစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့သည်။ လမ်းအူကြောင်းရှာရန်၊ တောရှင်းရန်၊ လမ်းခင်းကျောက်ထုပ်လုပ်ရန် အကျဉ်းသားများကို အသုံးပြု ခဲ့သည်။ ထိုအချိန်က ငှက်အော်စမ်း ရဲဘက်စခန်းမှာ နာမည်ဆိုးဖြင့် ကြော်ကြား ခဲ့သည်။ လမ်းခင်းရန်လိုအပ်သော ဘိလပ်မြေ ရရှိရန် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ကြံခင်းဘိလပ်မြေစက်ရုံကို တည်ဆောက် ခဲ့သည်။ ဆိုရှယ်လစ်စီးပွားရေးစနစ် ယိုယွင်းလာမှုကြောင့် လိုအပ်သော နိုင်ငံခြားငွေကို ဖြည့်ဆည်းရန် ထိုစက်ရုံမှထွက်သော ဘိလပ်မြေကို နိုင်ငံခြားသို့ တင်ပို့ရသဖြင့် အမြန်လမ်းမကြီး ဆောက်လုပ်ရေးလုပ်ငန်းများမှာ ရပ်ဆိုင်းခဲ့ရသည်။
၁၉၈၈ ခုနှစ် ဒုတိယ တပ်မတော်အာဏာသိမ်းမှုအပြီးနောက်ပိုင်း စီးပွားရေး မူဝါဒသစ်ကြောင့် မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံသစ်များ ( ၁၄ ခု ၊ ၂၀၁၁-ခု အခြေအနေ ) တည်ရှိလာခြင်း၊ လမ်းမကြီးတလျောက်ရှိ တံတားဆောက်ရန်လိုအပ်သော သံဘောင်နှင့် ဆောက်လုပ်ရေးသုံးသံချောင်းများ ထုပ်လုပ်နိုင်သည့် သံမဏိစက်ရုံသစ်များ ( ကျောက်ဆွဲကြိုး၊ ပင်းပက်၊ မြောင်းတကာ၊ မြင်းခြံ ) ပေါ်ထွန်းလာခြင်း တို့ကြောင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရသည် အမြန်လမ်းမကြီးစီမံကိန်းကို အောက်တိုဘာ၂၀၀၅-ခုနှစ်တွင် စတင်လက်တွေ့အကောင်အထည်ဖော်ခဲ့ရာ ဒီဇင်ဘာ၂၀၁၀-ခုနှစ်တွင် ပြီးစီးအဆုံးသတ်နိုင်ခဲ့သည်။ အိမ်နီးချင်းထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချရာမှ နိုင်ငံခြားငွေ ရရှိမှုသည် စီမံကိန်းအကောင်အထည်ဖော်ရန် ဘဏ္ဏာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်ဟုယူဆနိုင်မည်။
ဤလမ်း ဆောက်လုပ်ရေးလုပ်ငန်းတွင် လူ့လုပ်အား သာမက စက်ယန္တယားများပါ ထည့်သွင်း အသုံးချ ခဲ့သည်။ ဂျာမန် ပထမရုပ်မြင်သံကြားအစီအစဉ် (ARD) ၊ ကမ္ဘာ့ကြေးမှုံ ကဏ္ဏ ( Weltspiegel ) (ဇန်နဝါရီ ၂၀၁၁) အဆိုအရ အလုပ်ကြမ်းသမား ၁၅၀၀၀ ခန့် ပါဝင်ဆောင်ရွက်ကြောင်း သိရသည်။ ဤလမ်း ဆောက်လုပ်ရေးလုပ်ငန်း နေစဉ်အချိန်အတွင်း ရိုက်ယူခဲ့သော ဓာတ်ပုံများအရ လုပ်ငန်းခွင်၌ လမ်းဆောက်လုပ်ရေးအခြေခံစက်ယန္တယားများ ( မြေတူးစက်၊ မြေကော်စက်၊ မြေသယ်ယာဉ်၊ မြေမျက်နှာပြင်ညှိစက်၊ မြေဖိဒလိမ့်စက်၊ မြေဖိဘီးစုံစက် ) သာမက ကွန်ကရစ်လမ်းလွှာအတွက် ရွေ့လျှားအင်္ဂတေခင်းညှိစက် များကိုပါအသုံးပြုကြောင်း တွေ့နိုင်သည်။ ရန်ကုန်-မန္တလေး အမြန်လမ်း ( ၅၈၁,၅ ကီလိုမီတာ၊ ၃၆၅,၅ မိုင်) ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်းတံတားအဖွဲ့ သာမက တပ်မတော် အင်ဂျင်နီယာတပ် ကပါ ပူးပေါင်း ဆောက်လုပ်ခဲ့သည်။[၁][၂][၃]
ယခုတည်ဆောက်ပြီးစီးခဲ့သော အမြန်လမ်းမကြီးတွင် လမ်းလယ်ကျွန်းဖြင့် ခွဲခြားထားသော ယာဉ်ကြောကြီး နှစ်ကြော ရှိသည်။ ယာဉ်ကြောကြီး တစ်ကြောစီ၌ ယာဉ်မောင်းလိုင်း နှစ်လိုင်း ရှိသည်။ ယာဉ်မောင်းလိုင်း လေးလိုင်းရှိ အမြန်လမ်းမကြီးအမျိုးအစား ဖြစ်သည်။ အကျယ် ၉.၁၄မီတာ(ပေ၃၀)လမ်းလယ်ကျွန်း ဖြင့် ခွဲခြားထားသော ယာဉ်ကြောကြီး တစ်ကြောစီအကျယ်မှာ ၇.၆၂ မီတာ (၂၅ပေ) ရှိရာ ယာဉ်မောင်းလိုင်း တစ်လိုင်းအကျယ်မှာ ၃.၈၁ မီတာ(၁၂.၅ပေ) ဖြစ်သည်။ ဆောက်လုပ်ဆဲ မန္တလေးစကားအင်း-မန္တလေးတံခွန်တိုင် ထပ်ဆက်လမ်း တွင်မူ ယာဉ်ကြောကြီး တစ်ကြောစီ၌ ယာဉ်မောင်းလိုင်း လေးလိုင်း ရှိရာ စုစုပေါင်း ယာဉ်မောင်းလိုင်း ရှစ်လိုင်းရှိ အမြန်လမ်းမကြီးအမျိုးအစား ဖြစ်သည်။ ၂၅ပေအကျယ်ယာဉ်ကြောကြီး၏ ထု ၃၀ စင်တီမီတာ (၁ ပေ) ကြိုတင်အားဖြည့်ကွန်ကရစ် အပေါ်လွှာ ကို အောက်တွင် အကျယ် ၂၇ပေ ထု ၁၅ စင်တီမီတာ (၆ လက်မ) ထူသော အခြေခံ ကွန်ကရစ်လွှာ ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ အမြန်လမ်းမကြီးတလျှောက် လမ်းလယ်ကျွန်းမိုးရေစုရေထုပ်ကန် ၈၄၂ ခု၊ တံတားစုစုပေါင်း ၁၃၉၆စင်း၊ အမြန်လမ်းမကြီးအောက်ဖြတ်သန်းလိုဏ်ကြောင်း ၁၁၆ခု ရှိသည်။ အမြန်လမ်းမကြီး၏ ဝန်ခံနိုင်အားမှာ တန်၈၀ ဖြစ်ပြီး၊ တစ်နာရီ ကီလိုမီတာ ၁၀၀ (မိုင် ၆၀ နှုန်း) ဖြင့်မောင်းနှင်ရန် တွက်ချက်တည်ဆောက်ထားခြင်း ဖြစ်သည်။[၅] သို့သော် အမြန်လမ်းမကြီးတလျှောက် လက်ဝဲစွန်း လက်ယာစွန်း(လမ်းလယ်ကျွန်းဘက်မဟုတ်) အရံယာဉ်မောင်းလိုင်း တနည်းဆိုသော် အရေးပေါ်ယာဉ်ရပ်လိုင်း နှင့် ဝင်ထွက်လမ်းအနီး ယာဉ်အရှိန်လျှော့လိုင်း၊ ယာဉ်အရှိန်ယူလိုင်း များလုံးဝမတည်ဆောက်ထားပါ။
ဤ အမြန်လမ်းမကြီးတလျှောက် အသုံးပြုသော ယာဉ်စည်းကမ်းလမ်းညွှန်သက္ကေတနှင့်အက္ခရာများမှာ နိုင်ငံတကာစံချိန်စံညွှန်း များနှင့်မကိုက်ညီသေးပါ။ လမ်းကွေ့များရှိ ကန့်လန့်ဖြတ်အမြင် အစောင်းဒီဂရီမှာ နည်းပါးသောကြောင့် လမ်းအပြင်သို့ ချော်ထွက်နိုင်ကြောင်း ဝေဖန်မှုများ ရှိသော်လည်း သတ်မှတ်ထားသော အမြန်နှုန်း (တစ်နာရီ ကီလိုမီတာ ၁၀၀ သို့မဟုတ် မိုင် ၆၀) ဖြင့်သာမောင်းနှင်လျှင် ဘေးအန္တရာယ် အလွန်နည်းပါးသည်။ အဝင် အထွက်လမ်းများအတွက် အမြန်လမ်းမကြီးပေါ်ရှိ တတိယ ယာဉ်မောင်းလိုင်းမှာ အလွန်တိုသောကြောင့် အရှိန်လျော့ အရှိန်ယူရန် မလုံလောက်ပေ။ ဆောက်လုပ်ထားသော အနားယူစခန်း၊ ရဲစခန်း၊ စက်ဆီဆိုင် တို့မှာ နည်းပါးကာ နိုင်ငံတကာအဆင့်မှီရန် လိုအပ်ပေသေးသည်။[၆][၇][၈][၉][၁၀] ညပိုင်း အမှောင်တွင် မောင်းနှင်ရန် ယာဉ်မောင်းလိုင်း နှစ်လိုင်းအကြား အင်္ဂတေမြှုပ် အလင်းပြန်မှန်ငယ်များသည် ဦးတည်ချက်ပြအဖြစ် အမြန်လမ်းမကြီးတလျှောက် တည်ရှိသည်။ ဤ အမြန်လမ်းမကြီးတလျှောက် လမ်းလယ်ကျွန်းမဲ့ အရေးပေါ်လေယာဉ်ပြေးလမ်းအဖြစ် အသုံးပြုနိုင်မည့် လမ်းအပိုင်း မတည်ဆောက်ထားပါ။ မန္တလေးစကားအင်း-မန္တလေးတံခွန်တိုင် အပိုင်း သည် အမြန်လမ်းမကြီးစံချိန်စံညွှန်းနှင့်မကိုက်ညီပါ။ အ ကြောင်းမှာ မန္တလေးနိုင်ငံတကာလေဆိပ်သွားအမြန်လမ်းမကြီးနှင့် မျက်နှာပြင်ညီ ကန့်လ့န် ဖြတ်သန်းခြင်း၊ တံတားဦး ဆက်လမ်း၊ အင်းဝတံတားဆက်လမ်း များ ကိုအဝင် အထွက်လမ်းများ ဖြင့်မတည်ဆောက်ပဲ အမြန်လမ်းမကြီးနှင့် မျက်နှာပြင်ညီ အဝိုင်းကြီးများ ဖြင့်ဆက်စပ်ထားသောကြောင့်ဖြစ်သည်။
ဤ အမြန်လမ်းမကြီးတလျှောက် လမ်းအသုံးပြုခကောက်ခံဂိတ်များ သည် ရန်ကုန်၊ ဖြူး၊ နေပြည်တော်၊ မိတ္ထီလာနှင့် မန္တလေး တွင်တည်ရှိသည်။ လမ်းအသုံးပြုခများမှာ ရန်ကုန်မှမန္တလေး တစ်တန်အောက်ယာဉ် ကျပ် ၄၅၀၀၊ ဘတ်စကားနှင့် ၁၀ တန်အောက်ယာဉ် ကျပ်၂၂၅၀၀ (၂၀၁၁ နှုန်းထား) ကုန်ကျသည်။[၁၁] ဤ အမြန်လမ်းမကြီးကို ကုန်တင်ယာဉ်များ မောင်းနှင်ခွင့်ပိတ်ပင်ထားသည်။