ကော့သောင်းမြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
ကော့သောင်း မြို့အဝင် | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 9°59′N 98°33′E / 9.983°N 98.550°Eကိုဩဒိနိတ်: 9°59′N 98°33′E / 9.983°N 98.550°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | တနင်္သာရီတိုင်းဒေသကြီး |
ခရိုင် | ကော့သောင်းခရိုင် |
မြို့နယ် | ကော့သောင်းမြို့နယ် |
မြို့နယ်ရုံးစိုက်ရာမြို့ | ကော့သောင်းမြို့ |
လူဦးရေ | |
• စုစုပေါင်း | ၅၇,၉၄၉[၁] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ကော့သောင်းမြို့(ထိုင်း: เกาะสอง)သည် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်အတွင်း၌ ပါဝင်၍ မြန်မာနိုင်ငံ၏ တောင်ဘက်အစွန်ဆုံးဖြစ်သော ဝိတိုရိယအငူ ပင်လယ်ကမ်းစပ်၌ တည်ရှိသည်။ ဘင်္ဂလားပင်လယ်အော် အတွင်းသို့ စီးဆင်းသော ပါချန်မြစ်သည် မြန်မာနိုင်ငံ၏ တောင်ဘက် အစွန်ဆုံးနှင့် ထိုင်းနိုင်ငံစပ်ကြားတွင် သဘာဝနယ်နိမိတ်အဖြစ်ဖြင့် တည်ရှိ၍၊ မြို့အရှေ့ဘက်ရှိ ပါချန်မြစ်ဝမှာ လုံခြုံကျယ်ဝန်းသဖြင့် သင်္ဘောကြီးများ ဝင်ရောက်ဆိုက်ကပ် နိုင်၏။ ကော့သောင်းမြို့ အနောက်မြောက်ဘက်မိုင် ၃ဝ ခန့်အကွာတွင် ရွှေထွက်သည်ဟုကျော်ကြားသော ရွှေကျွန်းခေါ် ရပ်ဆဲကျွန်းသည်လည်း ကောင်း၊ မြို့အနောက်တောင်ဘက် ၄၅ မိုင်အကွာတွင် ဝူးဖရမ် (အဖြိုက်နက်)များထွက်သည့် သံကျွန်းခေါ် ဒေးဝစ်ကျွန်း သည်လည်းကောင်း တည်ရှိသည်။
မြန်မာနိုင်ငံ၏မြောက်ဘက်အကျဆုံး ပူတာအိုမြို့မှ ကော့သောင်းအထိ ကီလိုမီတာ ၂၀၀၀(၁၂၄၂ မိုင်ခန့်)ကွာဝေး၍ ရန်ကုန်မြို့မှ ကော့သောင်းအထိ ကီလိုမီတာ ၈၀၀ (၄၉၇ မိုင်ခန့်)မျှ ကွာဝေးလေသည်။ ကော့သောင်းမြို့သည် ရေလုပ်ငန်းအဓိကထားသော ကျေးလက်၏ဓလေ့များကို ထိန်းသိမ်းထားလျက်ရှိသည်။ ပင်လယ်ရေနယ်နိမိတ်ချင်းဆက်စပ်နေသည့် ကော့သောင်းနှင့် ထိုင်းနိုင်ငံမှ ရနောင်းမြို့သည် မျက်နှာချင်းဆိုင်တည်ရှိနေသည်။ ရနောင်းဘက်မှ ကော့သောင်းကို လှမ်းမျှော်ကြည့်လိုက်ပါက ပင်လယ်အော်တစ်ဝိုက်ရှိ လူနေအိမ်ခြေများကို သစ်တောဖုံးလွမ်းနေသော တောင်ကုန်းများ နောက်ခံပြုလျက် တည်ရှိနေသည်ကို တွေ့ရှိနိုင်ပေသည်။ ကော့သောင်းမြို့ကို ရောက်ရှိပါက ဘုရင့်နောင်အငူ(Cape Bayin Naung)တွေ့ရမည်ဖြစ်သည်။
ကော့သောင်းမြို့အနီးတွင် ဗောင်းနင်းကျွန်းနှင့် ဗောင်းဝါးကျွန်းနှစ်ကျွန်းကို အစွဲပြု၍ ထိုင်းဘာသာစကားဖြင့် 'ကော့စွန်း'ကို မြန်မာများ ကော့သောင်းဟု ခေါ်ခြင်းဖြစ်သည်။ ကော့စွန်း၏အဓိပ္ပာယ်မှာ ကော့- ကျွန်း၊ စွန်း- နှစ်၊ 'ကျွန်းနှစ်ကျွန်း' ဖြစ်သည်။
ဘုရင့်နောင်မင်းတရားကြီးသည် အဝေးဆုံး ဗီယန်ရှင်းနှင့်ဇင်းမယ်အထိ အနောက်ဘက်တွင် အာသံပြည်နယ်အထိ နယ်နိမိတ်ဖြန့်ကျက်ခဲ့ပေသည်။ ဘုရင့်နောင်သည် ယိုးဒယားအား ထိုးစစ်ဆင်တိုက်ခိုက်ရန် ကော့သောင်းသို့ မကြာမကြာ စစ်ချီရောက်ရှိလာခဲ့ပေသည်။ သူသည် ၁၅၄၈ ခုနှစ်နှင့် ၁၅၆၉ ခုနှစ် ကြားကာလများအတွင်းက စစ်သူကြီးအဖြစ်နှင့် နောက်ပိုင်းတွင် ဧကရာဇ်အဖြစ် အကြိမ်အတော်တော်များများ ယိုးဒယားနိုင်ငံ၏ ကျူးကျော်စစ်ကို ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ကာ ၁၅၆၉ခုနှစ်တွင် ယိုးဒယားနိုင်ငံ၏မြို့တော် အယုဒ္ဓမြို့ကိုတိုက်ခိုက်ခဲ့သည်။
ကော့သောင်းသည် စည်ကားလှသော ငါးဖမ်းဆိပ်ကမ်းတစ်ခုဖြစ်သည်။ ဖမ်းဆီးရမိသော ငါးအများစုကို ဈေးကောင်းရသော ရနောင်းတွင် သွားရောက်ရောင်းချကြလေသည်။ ကော့သောင်းမြို့တွင်း၌ မြန်မာ ၊ကရင် ၊မွန် ၊ရခိုင် ၊တရုတ် ၊မလေး ၊အိန္ဒိယ ၊ဆလုံ၊ ပသျှူး နှင့် ယိုးဒယားလူမျိုးများ အပါအဝင် လူမျိုးပေါင်းစုံနေထိုင်ကြသည်။ ဗုဒ္ဓဘာသာဘုရားစေတီပုထိုးများ ဘုန်းကြီးကျောင်းများ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့် ဗလီဝတ်ပြုကျောင်းများ အသီးသီးရှိသည်။ သယ်ယူပို့ဆောင်ရေးတွင် အဓိကနည်းလမ်းတစ်ခုဖြစ်နေသည့် မော်တော်ဆိုင်ကယ်များကို အငှားယာဉ်အဖြစ်အသုံးပြုနိုင်၍ ကားများကို ယခုအခါ အတွေ့များလာရသည်။ ကား ယာဉ်မောင်းများပေါများလာမှုကြောင့် မကြာမကြာ အသေးစားယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေတတ်သည်။ လှေကားထစ်များသဖွယ် တည်ဆောက်တားပုံရသည့် လူနေအိမ်ခြေထူထပ်လှသော ကော့သောင်းမြို့မြစိမ်းရောင် သစ်တောများဖုံးလွှမ်းထားသည့် တောင်ကုန်းများက ဝန်းရံထားကြသည်။ အိမ်ခြေများသည် မြို့ပြင်ဘက်သာမက တောင်ခြေတောင်ကုန်းငယ်များတိုင်အောင် ပျံနှံနေကြသည်။ ကုန်းမြင့်အထက်ပိုင်းနေရာများတွင် ဘုရားစေတီများတည်ရှိနေကြပြီး [ပြည်တော်အေးစေတီ]ရှိပြီးအဝေးရှိတောင်ကုန်းငယ်တစ်ခုခြေရင်းတွင် လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော် တစ်ဆူတည်ရှိနေသည်။
ဗြိတိသျှအုပ်ချုပ်စဉ်ကာလ ဝိတိုရိယဘုရင်မကြီး(QUEEN VICTORIA)ကို အစွဲပြု၍ ကော့သောင်းဝိတိုရိယပွိုင့်ဟု အမည်ပေးခဲ့ကြသည့် ဆိပ်ကမ်းနေရာတစ်ခုရှိသည်။ ၎င်းဆိပ်ကမ်းနေရာသည် နေရောင်အောက်တွင် အရောင်တလက်လက်တောက်နေသည့် ရေမြင်အတွင်းသို့ ထိုးထွက်နေသည့် ကျွန်းဆွယ်တစ်ခုဖြစ်သည်။ ထိုဝိတိုရိယပွိုင့်အငူစွန်းကို ယခုအခါဘုရင့်နောင်အငူဟု အမည်မှည့်ခေါ်ခြင်းဖြစ်သည်။ ဘုရင့်နောင်အငူစွန်းတွင် ခြေတံရှည်လူနေအိမ်များ၊ နယ်စပ်ဒေသစစ်ဆေးရေးဂိတ်ဝနှင့် လူဝင်မှုကြီးကြပ်ရေးစသည့် ရုံးများလည်းရှိသည်။ ကော့သောင်းကုန်းမြေနှင့် မျက်နှာချင်းဆိုင် ဆက်စပ်နေသောကျွန်းမှာ မြိတ်ကျွန်းစုတွင် ပါဝင်သော တောင်ဘက်အကျဆုံး ကျွန်းတစ်ကျွန်းဖြစ်သည်။ ယင်းကျွန်းသည်မွေတော်ကျွန်းအဖြစ် ထင်ရှားသည်။ မြတ်ဗုဒ္ဓ၏ဓာတ်တော်မွေတော်များ ထည့်သွင်းဌာပနာထားသည်ဆိုသော တောင်ကုန်းထိပ်ရှိ စေတီနှစ်ဆူတည်ရှိရာကျွန်း ဖြစ်ပေသည်။ ယင်းကြောင့်ပင် အဆိုပါ မွေတော်ကျွန်းသို့ ကော့သောင်းဘက်မှ ငါးမိနစ်ကြာမျှ လှေစီး၍ ကူးသန်းသွားလာကြသော ဘုရားဖူးခရီးသွားများ အဆက်မပြတ်ရှိနေတတ်သည်။ ကော့သောင်းမှနေ၍ အန်ဒမန်ကလပ်ရီဇော့တ်(Andaman Club Resort)ဟိုတယ်ရှိရာ သူဌေးကျွန်းဆီသို့ ဖယ်ရီသင်္ဘောဖြင့် ၁၅ မိနစ်ခရီးအဖြစ် သွားရောက်နိုင်သည့် စပိဘုတ်(Speed Boat)ဖြင့် သွားရောက်ပါက ၇ မိနစ်ကြာမျှသွားရသည်။
ဘုရင့်နောင်ရုပ်တု တည်ရှိရာနေရာမှ အန်ဒမန်ပင်လယ်ပြင်ကို ဖြတ်ကျော်ကြည့်လိုက်ပါက သူဌေးကျွန်းကို ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။ သူဌေးကျွန်းရှိ အန်ဒမန်ကလပ်ရီဇော့တ်ဟိုတယ်သည် အထူးဖန်တီးထားသည့် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ် ဖြစ်သည်။
ကော့သောင်းမြို့မှ ငါးကီလိုမီတာအကွာ၌ သီရိမြိုင်ရပ်ကွက်အမည်ရှိ တံငါရွာတည်ရှိနေပေသည်။ ၎င်းတံငါရွာအနီးရှိ တောင်ကုန်းတစ်ခုထိပ်တွင် သုံးမိုင်ဘုရားရှိသည်။ အဓိကစေတီတော်အား ရွှေသင်္ကန်းကပ်လှူပူဇော်ထားသည်။ စေတီ၏အောက်ခြေဖိနပ်တော်မှာ ထောင့်ရှစ်ထောင့်ပါရှိသည့် အဋ္ဌဂံပုံစံအုတ်ခုံဖြစ်ပေသည်။ ယင်းထောင့်ရှစ်ထောင့်ရှိ ဋ္ဌာပနာအတွင်း ချိုင့်နေရာရှစ်နေရာတွင် တင်ပျဉ်ခွေဗုဒ္ဓရုပ်ပွားတော်တစ်ဆူစီ ကိန်းဝပ်စံပယ်လျက်ရှိသည်။ တောင်ကုန်းအမြင့်ဆုံးနေရာတွင် ကြာပွင့်ပေါ်၌ထိုင်၍ စံပယ်နေသော မြတ်ဗုဒ္ဓရုပ်ပွားတော်၏ ဦးခေါင်းတော်အထက်၌ နဂါးမင်းက ပါးပျဉ်းဖြင့်အုပ်မိုးထားသည့် နဂါးရုံဘုရားတစ်ဆူကိုဖူးမြော်နိုင်ပေသည်။ တောင်ကုန်းအထက်မှ လှမ်းကြည့်လိုက်ပါက သီဟိုပင်စိုက်ခင်းများ၊ အန်ဒမန်ပင်လယ်ပြင်၊ သူဌေးကျွန်း၊ ဆလုံကျွန်းနှင့် ပို၍ဝေးသောနေရာတွင် ဇာဒက်ကြီးကျွန်းတို့အပါဝင် မြိတ်ကျွန်းစုကို တွေ့မြင်ရမည်ဖြစ်သည်။
မြိတ်ကျွန်းစုတွင် စုစုပေါင်းကျွန်းပေါင်း ၈၀၄ ကျွန်းပါဝင်သည်ဟုဆိုသော်လည်း အချို့ခန့်မှန်းတွက်ဆမှုအရ ကျွန်းပေါင်း ၁၀၀၀ကျော်ရှိနိုင်သည်ဟုဆိုကြ၏။ အကြီးဆုံးကျွန်းမှာ ဘုရင်ကျွန်း(KING ISLAND)ဖြစ်ပြီး ဟက်တာပေါင်း ၄၄၀၀၀ရှိသည်။ ကျွန်းအများအပြားမှာ ပင်လယ်အတွင်းမှ ထိုးထွက်နေကြသော ကျောက်တုံးကျောက်စိုင်ကျွန်းများဖြစ်ကြသည်။ အချို့ကျွန်းများမှာ ထုံးကျောက်ကျွန်းများဖြစ်ကြပြီး မီတာပေါင်းရာနှင့်ချီ၍ ရှည်လျားသည်။ ယင်းကျွန်းများပေါ်တွင် ဇီဝဇိုးငှက်သိုက်များကို တွေ့ရှိကြသည်။ လူများနှစ်ခြိုက်ခုံမင်စွာ ငှက်သိုက်ဆေးဖော်စပ်သုံးစွဲကြပြီး တန်ဖိုးကြီးမားသည့် အစားအစာတစ်ခုလည်းဖြစ်သည်။ ကစ်စာရိုင်းနှင့်ဒိုမဲလ်ကျွန်းတို့အကြားရှိ ကျွန်းတစ်ခုကို စကျင်ကျောက်(ကျောက်ဖြူ)ကျွန်းများဟုခေါ်ဝေါ်သမုတ်ထားကြသည်။ အရည်သွေးကောင်း စကျင်ကျောက်များ ထွက်ရှိသည်။ ကစ်စရိုင်းနှင့်ဆဲလ်လိုကျွန်းများ၏ ကမ်းရိုးတန်းတစ်လျှောက် ဘုရင့်ကျွန်း၊ ထားဝယ်ကျွန်းနှင့် တံငါကျေးရွာများကလွဲလျှင် မြိတ်ကျွန်းစုသည် ယင်းကျွန်းစုကို လှည့်လည်သွားလာကျက်စားနေကြသော ဆလုံသို့မဟုတ် ပင်လယ်ဂျစ်ပစီတို့အဓိကနေထိုင်ကြသည်။
ဆလုံလူမျိုးစုတို့သည် မလေးကျွန်းဆွယ်(ယနေ့မလေးရှားကျွန်းဆွယ်)တွင် အခြေချနေထိုင်ခဲ့ကြသည့် မလေးလူမျိုးနွယ်ဝင်များဖြစ်သည်။ ၎င်းတို့၏ဘာသာစကားမှာ ကမ္ဘောဒီးယာက ချင်းတိုင်းရင်သားတို့၏ စကားနှင့် အတော်ပင်တူညီမှုရှိနေသည်ကို တွေ့ရသည်။ ပင်လယ်ပျော်ဆလုံကျွန်းသားတို့၏ ရေကူးရေငုပ်ကျွမ်းကျင်မှုသည်လည်း အံ့ဩဖွယ်ရာဖြစ်ပေသည်။ ၂၀၀၄ခုနှစ် ဖေဖော်ဝါရီလတွင် လန်ပီကျွန်း၌ကျင်းပခဲ့သော ဆလုံပွဲတော်မှာလည်း ကမ္ဘာလည့်ခရီးသွားများအတွက် အလွန်စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ ကော့သောင်းအနီးရှိ ဆလုံကျွန်းတွင် လင်းပိုင်မွေးမြူလေ့ကျင့်မှုသည်လည်း အောင်မြင်နေပြီဖြစ်၍ တနင်္သာရီတိုင်းအတွင်း ကမ္ဘာလည့်ခရီးသွားလုပ်ငန်း အခြေခံကောင်းများတိုးတက်နေပြီဖြစ်သည်။
ဆလုံတို့သည်ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြလေသည်။ ရေပျော်ဆလုံတို့သည် ငါးပုတ် ငါးကွမ်းရှပ် ငါးခွေးရှာ ငါးပုဏ္ဍား ကကူရံ ငါးမြင်းရင်း ငါးမြစ်ချင်းတို့ကိုဖမ်းဆီးပြီး ရနောင်းလက်ကားအဝယ်ဒိုင်များသို့ ရောင်းချကြသည်။
ကော့သောင်းမြို့သည် နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး ရော်ဘာလုပ်ငန်းမှာလည်း တိုးတက်ဖွံ့ဖြိုးလျက် ပြင်ပတိုက်ရိုက်တင်ပို့နိုင်သော ပင်လယ်ရေထွက်ကုန်ပစ္စည်းများဖြင့် စည်ကားလှသည့် တံငါဆိပ်ကမ်းတစ်ခုလည်းဖြစ်သည်။ ကမ်းနားလမ်း အနောက်ဘက်တွင် ပင်လယ်ထွက်အစားအစာရောင်းချသော စားတော်ဆက်အများအပြား တည်ရှိနေကြသည်။