ခင်မျိုးချစ် | |
---|---|
စာရေးဆရာမ ခင်မျိုးချစ် (၁၉၆၁) | |
မွေးဖွား | ခင်မြ ၁ မေ၊ ၁၉၁၅ စစ်ကိုင်းမြို့၊ ဗြိတိသျှဘားမား |
ကွယ်လွန် | ၂ ဇန်နဝါရီ၊ ၁၉၉၉ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ | (အသက် ၈၃)
အလုပ်အကိုင် | စာရေးဆရာမ၊ အယ်ဒီတာ၊ ဘာသာပြန် |
ပညာရေး | ဝိဇ္ဇာဘွဲ့ |
မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် |
စာပေအမျိုးအစား | စိတ်ကူးယဉ်၊ ရာဇဝင်၊ ဝေဖန်ရေး၊ ဘာသာပြန်၊ မြန်မာမှု နှင့် အခြား[၁] |
ထင်ရှားသည့်လက်ရာများ | ကောလိပ်ကျောင်းသူ (၁၉၃၆)၊ မောင်တို့ယောက်ျား (၁၉၄၈)၊ Colorful Burma(Myanmar) (၁၉၇၈)၊ Anawrahta of Burma (၁၉၇၀)၊ The 13 Carat Diamond and Other Stories (၁၉၆၉) |
ရရှိသည့်ဆုများ | လွတ်လပ်ရေးမော်ကွန်းဝင် (တတိယဆင့်) |
အိမ်ထောင်ဖက် | ဦးခင်မောင်လတ် |
သားသမီး | ဒေါက်တာ ခင်မောင်ဝင်း |
လက်မှတ် |
ခင်မျိုးချစ် (၁ မေ ၁၉၁၅–၂ ဇန်နဝါရီ ၁၉၉၉) သည် မြန်မာအမျိုးသမီး စာရေးဆရာ၊ သတင်းထောက်၊ အယ်ဒီတာတစ်ဦးဖြစ်ခဲ့ပြီး သုတ၊ ရသ စာပေများကို မြန်မာဘာသာဖြင့်သာမက အင်္ဂလိပ်ဘာသာဖြင့်ပါ ရေးသားပြုစုခဲ့သူတစ်ဦးဖြစ်သည်။ ကိုလိုနီခေတ် အစိုးရဆန့်ကျင်သည့် ဆန္ဒပြမှုများတွင်ပါဝင်လှုပ်ရှားခဲ့ကာ ၁၉၃၂ မှစ၍ စာပေလောကထဲသို့ ဝင်ရောက်ခဲ့သည်။ ဆာ ဝေါလ်တာစကော့တ်၏ ကဗျာတစ်ပုဒ်ကို ဘာသာပြန်၍ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းသို့ပို့ရာမှ "ခင်မျိုးချစ်" အမည်တွင်ခဲ့သည်။[၂]
မြန်မာအမျိုးသမီးစာရေးဆရာများထဲမှ ခေတ်ဦးတွင် ပေါ်ပေါက်ခဲ့သောသူတစ်ဦး၊ အင်္ဂလိပ်စကားကို အသုံးပြု၍ ရေးသားနိုင်သော ခေတ်ဦးစာရေးဆရာများထဲက တစ်ဦးဖြစ်သည့်အပြင် ထင်ရှားသောအမျိုးသမီးဝါဒီ စာရေးဆရာမတစ်ဦးလည်းဖြစ်၏ ။ ငယ်စဉ်က စိတ်ကူးယဉ်တတ်သူ၊ ယောက်ျားလေးဆန်စွာ နေထိုင်ခဲ့သူ၊ စာအုပ်စင်မှ စာအုပ်များကို အငမ်းမရ ဖတ်တတ်သူဖြစ်ပြီး အရွယ်ရောက်လာသောအခါ တော်လှန်တတ်သောသူတစ်ဦးဖြစ်လာခဲ့သည်။ မိဘများက ထိုခေတ်က မိန်းကလေးတစ်ဦးအနေဖြင့် စာရေးခြင်းကို မနှစ်မြို့သည့်ကြားကပင် စာများစွာရေးသားခဲ့သူဖြစ်သည်။ လက်ဝဲဝါဒများကြောင့် ဘာသာတရားအပေါ် သံသယများခဲ့သော်လည်း နောက်ပိုင်း၌ ဗုဒ္ဓဘာသာအပေါ် ပြန်လည်ကိုးစားခဲ့သူလည်းဖြစ်လေသည်။
လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ၊ ဂါးဒီယန်အင်္ဂလိပ်သတင်းစာတို့တွင် အယ်ဒီတာအဖြစ် တာဝန်ယူခဲ့၍ ခင်ပွန်းဖြစ်သူ ဦးခင်မောင်လတ်နှင့်အတူ အင်္ဂလိပ်စာသင်တန်းများလည်း ပို့ချခဲ့သည်။ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး၊ သရော်စာ၊ နိုင်ငံရေးစာပေ စသည်များကိုလည်း အမြောက်အမြားရေးသားခဲ့သည်။ ကိုလိုနီခေတ်က လွတ်လပ်ရေးတိုက်ပွဲ၊ နောက်ပိုင်းခေတ်၌ အာဏာရှင်ဆန့်ကျင်မှုနှင့် ဒီမိုကရေစီအရေးအတွက်လည်း လှုပ်ရှားခဲ့သူဖြစ်သည်။[၃]
ဒေါ်ခင်မျိုးချစ်ကို စစ်ကိုင်းမြို့၌ ရာဇဝတ်ဝန်ထောက် ဦးတော်နှင့် ဒေါ်သန်းတင် တို့က ၁၉၁၅ ခု မေ ၁ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း ငါးယောက်ရှိရာ မောင်သုံးယောက်နှင့် ညီမတစ်ယောက်ဖြစ်ပြီး ဒေါ်ခင်မျိုးချစ်သည် အကြီးဆုံး ဖြစ်၍ အမည်ရင်းမှာ မခင်မြ ဖြစ်သည်။[၄]
အမေဖက်က အဖိုးအဖွားများသည် စစ်ကိုင်းတွင်နေထိုင်ကြ၍ အဖေဖက်က အဖိုးသည် ကျောက်စာရုံးစာရေးကြီးဦးဖေ ဖြစ်ကာ မန္တလေးမြို့တွင် နေထိုင်သည်။ ငယ်စဉ်ကတည်းက စိတ်ကူးယဉ်တတ်သူတစ်ဦးဖြစ်ကာ ပုံပြင်များ၊ ဒဏ္ဍာရီများကို စိတ်ပါဝင်စားသည်။ ပုံပြင်ပြောတတ်ခြင်းအလေ့အကျင့်ကိုလည်း အဖိုးအဖွားများထံမှ အမွေရရှိသည်ဟု ဆိုနိုင်သည်။ မိခင်ဖက်က အဖိုးအဖွားများက ဇာတက၊ ဥစ္စာစောင့်ပုံပြင်များနှင့် အခြားပုံပြင်ဇာတ်လမ်းများကို ပြောပြလေ့ရှိရာ စိတ်ဝင်တစားနားထောင်တတ်သည်။ [၅] ဖခင်ဖက်က အဖိုးဖြစ်သူသည် နန်းတွင်းပညာရှိ၊ ကဗျာဆရာ၊ ကျောက်စာရုံးစာရေးကြီး တစ်ဦးဖြစ်၍ ခင်မျိုးချစ်၏ နှလုံးသားထဲသို့ မြန်မာ့ရေးရာ၊ မြန်မာ့သမိုင်းများကို ချစ်ခင်တတ်လာစေရန် သွတ်သွင်းပေးသူတစ်ဦး ဖြစ်သည့်အပြင် အသက်ဆယ်နှစ်အရွယ်မှစတင်ကာ ပုဂံဘက်သို့ အဖိုးဖြစ်သူ ရှေးဟောင်းသုတေသနကိစ္စများဖြင့် သွားရောက်ရာတွင် အဖော်လိုက်ပါလျှက် အဖိုးဖြစ်သူ၏ အနော်ရထာစသော ပုဂံခေတ်၏ သူရဲကောင်းများ၊ ဘုရင်များကို ဖွဲ့နွဲ့အသက်သွင်းပြောဆိုမှုများကြောင့် ထိုရာဇဝင်လာ ဇာတ်ကောင်များနှင့် ငယ်စဉ်ကတည်းကပင် ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ပုဂံကို ချစ်မြတ်နိုးစိတ်များ ဝင်ခဲ့သည်။ နောင်ကာလ Anawrahta of Burma ဝတ္ထုကို ရေးသားရာတွင် ထိုစိတ်များ၏ စေ့ဆော်မှုများဟု ယူဆနိုင်ပေသည်။[၆]
စာကောင်းစွာ ဖတ်နိုင်လောက်သည့် ဒုတိယတန်းတွင် မိသားစုစာအုပ်စင်မှ ရွှေရောင်စက္ကူစွန်းများ (gilt-edge) ဖြင့် ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်များ[၆]၊ ဓမ္မပဒဝတ္ထုများကို ဖတ်ရှုခဲ့သည်။ ကလေးပီပီ ပုံပြင်ဇာတ်လမ်းများကို နှစ်သက်၍ ဖတ်ခဲ့သည်ဟု စာအုပ်တစ်အုပ်တွင် ကိုယ်တိုင် ရေးသားထားသည်။ သတ္တမတန်းမရောက်မီ အိမ်ရှိ စာအုပ်စဉ်မှ ဦးပုည၏ ပြဇာတ်များ၊ ဝတ္ထုများ၊ လှိုင်ထိပ်ခေါင်တင်၏ ဣန္ဒာဝံသ၊ ဝိဇယကာရီ ဇာတ်တော်များကို ဖတ်ရှုခဲ့သည်။ သို့သော် ထိုစဉ်က အနက်အဓိပ္ပာယ်များကို လုံးစေ့ပတ်စေ့ မသိရှိသော်လည်း ဦးပုညရေးသားသော စာများကို ရွတ်ဆိုရန်ကောင်းပြီး လှိုင်ထိပ်ခေါင်တင်၏ ဇာတ်စကားများမှ ကာရန်၊ အလင်္ကာများကိုလည်း ရွတ်ဆိုရန် သဘောတွေ့ခဲ့သည်ဟု ဆိုသည်။
အိမ်ရှိ စာအုပ်စင်များသာမက ကျောင်းစာအုပ်စင်များနှင့်လည်း ရင်းနှီးကျွမ်းဝင်ခဲ့သည်။ အညာရှိ အမျိုးသားကျောင်းများတွင် ငယ်စဉ် ပညာဆည်းပူးရသောအခါ အင်္ဂလိပ်ကဗျာများကို နှုတ်တိုက်ရွတ်ဆိုရသည်ကို နှစ်သက်ခဲ့၏။ ပဉ္စမတန်း၌ ကျောင်းရှိ စာအုပ်စင်ကို ကောင်းစွာအသုံးချနိုင်ခဲ့လေသည်။ ထိုစင်ပေါ်ရှိ Bright Story Readers များမှ စနိုးဝိုက်၊ စင်ဒရဲလား အစရှိသောပုံပြင်များကို အင်္ဂလိပ်လို ကောင်းစွာဖတ်ရှုနိုင်ပြီး သတ္တမတန်း အရောက်၌ Lamb's Tales from Shakespeare ကဲ့သို့သော ရှိတ်စပီးယားပြဇာတ်များကို စကားပြေပုံစံဖြင့် ရေးသားသော စာများကို ဖတ်ရှုနိုင်ခဲ့သည်။[၇]
သူမကို မွေးဖွားစဉ် ခေတ်အခြေအနေမှာ မိန်းကလေးများကို ကျောင်းသို့လွှတ်၍ ပညာဆည်းပူးစေခြင်းမရှိခဲ့သော အနေအထားဖြစ်သည်။ ဗြိတိသျှတို့ မြန်မာနိုင်ငံကို မသိမ်းပိုက်မီကလည်း အသက် ၆-၇ နှစ်အရွယ်ရှိ ယောက်ျားလေးများကို ရွာဦးကျောင်း (သို့) နီးရာ ဘုန်းတော်ကြီးကျောင်းများသို့ ပို့၍ မိဘများက ပညာသင်စေသော်လည်း မိန်းကလေးအများစုမှာ အိမ်တွင်သာနေ၍ မိဘကူ၊ အိမ်အလုပ်များကိုသာ လုပ်ကိုင်စေသည်။ ရှားရှားပါးပါးအနေဖြင့် အချို့သော မိန်းကလေးများကို ဘုန်းတော်ကြီးကျောင်းမဟုတ်သော လူများတည်ထောင်သည့် ကျောင်းများသို့ လွှတ်၍ ပညာသင်စေခြင်းမျိုးရှိသော်လည်း မြို့တိုင်း၊ ရွာတိုင်း၌ ထိုသို့ကျောင်းမျိုး မရှိပေ။ ဗြိတိသျှတို့ သိမ်းပိုက်အပြီး ပညာရေး ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း ထိထိရောက်ရောက် အောင်မြင်ခြင်းမရှိသကဲ့သို့ အမျိုးသား၊ အမျိုးသမီး စာတတ်နှုန်းသည်လည်း ယခင်ကဲ့သို့ ကွာဟလျှက်ပင်ရှိသည်။
ထိုသို့သောအခြေနေများကြား၌ပင် ခင်မျိုးချစ်သည် ကျောင်းပညာရေးကို ရယူခဲ့ပြီး ယောက်ျားလေးများသာ အများစုရှိသောကျောင်းမျိုး၌ တက်ရောက်ရသည်။ ငယ်စဉ်ကတည်းက ယောက်ျားလေးဆန်စွာ နေတတ်ထိုင်တတ်ခဲ့၍ ကျောင်းရှိ ယောက်ျားလေးများထက်သာစေရန် ခက်ခက်ခဲခဲအားထုတ်ခဲ့သည်။ မူလတန်းကို အင်္ဂပူအမျိုးသားကျောင်း (Ingapore National School) မှ အောင်မြင်ခဲ့၏။[၆] ငယ်စဉ်ကတည်းက အမျိုးသားကျောင်းများတွင်သာ တက်ရောက်ခဲ့ရကာ အမျိုးသားကျောင်းများသည် ပုံမှန်အားဖြင့် မပြည့်စုံ၊ ဆရာအင်အားမလုံလောက်ပေ။ ဆရာများမှာ သပိတ်မှောက်ကျောင်းသားများဖြစ်ကြရာ ပညာတစ်ပိုင်းတစ်စဖြင့် အနစ်နာခံ၍ သင်ပေးနေသောသူများဖြစ်ကြ၏။ ဆရာမလုံလောက်သဖြင့် အိန္ဒိယမှ ဘီအေ၊ ဘီအက်စ် ဘွဲ့ရများကို ခေါ်ယူခန့်ထားကြရာ ထိုအိန္ဒိယဆရာများမှာ မြန်မာစကားမတတ်ပေ။ ခင်မျိုးချစ်တို့ကဲ့သို့သော ကျောင်းသား၊ ကျောင်းသူများမှာလည်း အင်္ဂလိပ်စကား မပြောတတ်သောကြောင့် ကြောက်ကြောက်နှင့်ပင် ဆရာမေးလျှင် ဖြေနိုင်စေရန် စာများအလွတ်ကျက်ထားခဲ့ရသည်။ ဤအတွေ့အကြုံကိုပင် ဒေါ်ခင်မျိုးချစ်က နောင်ကာလ ဟိုက်စကူး၊ တက္ကသိုလ်များတက်သောအခါ အထောက်အကူများစွာရသည်ဟု ဆိုသည်။[၇] သတ္တမတန်းကို ၁၉၂၉ တွင် သရက်မြို့ အစိုးရ အထက်တန်း ကျောင်းမှ အောင်မြင်ခဲ့သည်။[၆] အဋ္ဌမတန်း၌ မြန်မာစာအတွက် မစ္စတာ မောင်မှိုင်း၏ ဒေါင်းဋီကာ ဖြစ်၍ ဒေါ်ခင်မျိုးချစ်က ဆရာကြီး၏ လေးချိုးများသည် အလွန်တရာ ရွတ်ဆိုရန်ကောင်းကာ အရသာတွေ့လှသည်ဟူ၍ ဝန်ခံပြောကြားခဲ့သည်။ ထိုမှတဆင့် အခြားမြန်မာစာအုပ်များကိုလည်း ဖတ်ရှုလေ့လာခဲ့သည်။ အင်္ဂလိပ်စာအတွက် အမျိုးသားပညာရေးကောင်စီ (Council of National Education) က ပြဋ္ဌာန်းသော စာများမှာ Tales of Troy၊ Danesbury of House, Gray's Elegy တို့ဖြစ်၍ ထိုစာများသင်ရသည်ကို လွန်စွာပျော်ရွှင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ထရွိုင်မြို့ ပုံပြင်ဇာတ်လမ်းများကို အကြောင်းခံကာ အခြားစာအုပ်များကိုလည်း တိုးချဲ့ဖတ်ရှုခဲ့သည်။ ဤသို့ဖြင့် တဆင့်တက်ကာ တက်ကာဖြင့် အင်္ဂလိပ်၊ မြန်မာ သမိုင်းရာဇဝင်စာအုပ်များ၊ ရှိတ်စပီးယားပြဇာတ်မူရင်းများ၊ ကဗျာများ စသည်တို့ကို ဖတ်ရှုလေ့လာခဲ့သည်။[၇] ၁၉၃၂ တွင် မိတ္ထီလာမြို့ရှိ အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အောင်မြင်ခဲ့သည်။[၆]
ဆယ်တန်းအောင်ပြီးနောက် တက္ကသိုလ်တက်ရန်ဖြစ်သည်။ မူလ ငယ်စဉ်က ရည်မှန်းချက်မှာ ဆရာဝန်ဖြစ်ရန်ဟု စိတ်ကူးခဲ့သော်လည်း မိဘများမှာ ရှေးရိုးဆန်သဖြင့် ထိုအကြောင်းအရာကို ခါးခါးသီးသီး ငြင်းဆန်ကန့်ကွက်ခဲ့ဖူးသည်။ [၈] သို့သော် အင်္ဂလိပ်စာပေအပေါ် မြတ်နိုးစိတ်ဖြင့် ရန်ကုန်တက္ကသိုလ် တက်ရောက်ရန် ပြင်ဆင်ခဲ့သည်။ ထိုနှစ်တွင်ပင် ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းဖြစ်သော ဝသန္တစာစောင်တွင် ဆာ ဝေါလ်တာစကော့တ်၏ ကဗျာ "The Lay of the Last Minstrel" ကို ဘာသာပြန်၍ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်းသို့ပို့ရာ၌ ကလောင်နာမည်ကို ရှက်ရွံ့၍ မပေးဘဲနေရာမှ မဂ္ဂဇင်းတည်းဖြတ်သူ ဒေါ်သန်းရင်[၈]က ခင်မျိုးချစ် အမည်တပ်ပေးခဲ့သည့်အတွက် ထိုမှစ၍ ခင်မျိုးချစ် အမည်တွင်ခဲ့ကာ စာပေလောကသို့ စတင်အခြေချခဲ့သည်။[၂] ထို့နောက် ဒဂုန်မဂ္ဂဇင်းတွင် စတင်စာများရေးသားခဲ့သည်။
သို့သော် ဖခင်နှင့် မိခင်တို့၏ ထိုသို့သော (ထက်မြက်သည့်) မိန်းကလေးတစ်ဦးဖြစ်ရန် မလိုလား မနှစ်သက်မှုများက သူမအတွက် ကြီးစွာအနှောက်အယှက်ဖြစ်ခဲ့သည်။ မိခင်ကဆူပူသည်။ ဖခင်က စာရေးပါက စာရွက်များ မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်သည်။ သို့ဖြစ်၍ အိမ်ရှိသူအားလုံး အိပ်ရာဝင်သောအခါမှ စာရေးခဲ့သည်။ [၂]
သူမအဖို့ မမွေ့လျော်တော့သော အိမ်တွင်မနေလို၍ ရန်ကုန်သို့ ၁၉၃၃ တွင်ပြောင်းရွေ့ကာ အဖိုးဖြစ်သူ၏ အကူအညီဖြင့် တိုးတက်ရေးမဂ္ဂဇင်း၌ အယ်ဒီတာ အဖြစ်ဆောင်ရွက်ခဲ့သည်။[၈] ရန်ကုန်တက္ကသိုလ်သို့ တက်ရောက် ပညာသင်ကြားခဲ့သည်။ စာပေအပေါ်ထားသည့် ခံစားချက်၊ အရသာတို့သည်လည်း ရင့်ကျက်ခဲ့ပြီဖြစ်ကာ တက္ကသိုလ်တက်ရောက်စဉ် မြန်မာ့နိုင်ငံရေးရာများကိုလည်း စိတ်ပါဝင်စားခဲ့၏။ တက္ကသိုလ်သို့ တစ်နှစ်တက်ရောက်ပြီးနောက် အခြေအနေများကြောင့် ပညာရေးတစ်ပိုင်းတစ်စဖြင့် ထွက်ခဲ့သည်။
ထိုစဉ်ကာလများ၌ သခင်ဘွဲ့ခံကြသော သခင်နု၊ သခင်အောင်ဆန်း၊ သခင်သန်းထွန်း စသော လူငယ်နိုင်ငံရေးသမားများနှင့်လည်း ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ၁၉၃၈ တွင်ဖြစ်ပွားခဲ့သော ၁၃၀၀ ပြည့် အရေးတော်ပုံ၌ ပါဝင်တက်ကြွ လှုပ်ရှားခဲ့သည်။[၈] ခင်မျိုးချစ်သည် အမျိုးသမီးတပ်ဦး၏ ဒုတိယခေါင်းဆောင်အနေဖြင့် ပါဝင်ခဲ့၍ လှုပ်ရှားခဲ့၏။[၆] ၁၉၃၈ ဒီဇင်ဘာ ၂၀ ၌ ဖြစ်ပွားခဲ့သော အတွေ့အကြုံကို ဒေါ်ခင်မျိုးချစ်၏ The 13 Carat Diamond and Other Stories (၁၃ ရတီ စိန်ပွင့်ကြီးနှင့် အခြားဇာတ်လမ်းများ) စာအုပ်တွင် အောက်ပါအတိုင်း ရေးသားထားသည်။
ကိုယ်နဲ့ အခြားမိန်းကလေးသုံးယောက်တို့က ဖြစ်ချင်ပေတော့ အစောင့်တွေရှေ့ တန်းရောက်နေမိရက်သား ဖြစ်နေတာ။ နံပါတ်တုတ်ကိုင် ပုလိပ်တွေ၊ အချို့မြင်းစီးပုလိပ်တွေနဲ့ ရင်ဆိုင်တွေ့လေတော့ ကိုယ်တို့မှာ ကြက်သေသေနဲ့ အကြောက်သား။ ဒါနဲ့ပဲ ရုတ်တရက် ရုပ်ရှင်ပိတ်ကားထဲကလို မြင်းခြေထောက်တွေ၊ နံပါတ်တုတ်တွေနဲ့ ရှုတ်ရှက်ခတ်သွားတာပေါ့။ မိန်းကလေးတွေ သွေးအိုင်တွေထဲမှာ လဲသွားတာတွေ့လိုက်ရတော့ သူတို့ကို ထူဖို့ ကြိုးစားနေရင်း တုတ်ချက်တွေလည်း ကိုယ့်အပေါ်ကျလာတော့တာပဲ။[မှတ်စု ၁]
ထိုနေ့၏ အဖြစ်အပျက်များ၌ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ဗိုလ်အောင်ကျော်လည်း အရိုက်ခံခဲ့ရ၍ ဒီဇင်ဘာ ၂၂ တွင် ကွယ်လွန်ခဲ့၏။ အဆိုပါ နေ့မှ အဖြစ်အပျက်များမှတ်တမ်းများကို မြန်မာသတင်းစာများမှ ရေးသားခဲ့ကြသည်။ ကျောင်းသားများအား ရိုက်နှက်နေသော ဓာတ်ပုံများကို ပုလိပ်အဖွဲ့က လိုက်လံသိမ်းဆည်းခဲ့ရာ ဂျာနယ်ကျော် ဦးချစ်မောင်က ကောင်းစွာသိမ်းထားနိုင်ခဲ့၍ ထိုမှတ်တမ်း၊ ဓာတ်ပုံများကို ကမ္ဘာကျော်စာရေးဆရာ ဗြိတိသျှသား အိပ်ချ် ဂျီ ဝဲလ် မြန်မာနိုင်ငံသို့ လာရောက်စဉ် ဒေါ်ခင်မျိုးချစ်က ၎င်း၏လက်ထဲသို့ ထည့်ပေးခဲ့၍[၁၀] ထိုနေ့၏ အဖြစ်ပျက်များကို ကျကျနန ရှင်းလင်းပြောဆိုခဲ့သည်။ ထိုအကြောင်းများကို အိပ်ချ် ဂျီ ဝဲလ်က "Trouble in Burma" အမည်ဖြင့် လန်ဒန်မြို့၌ ထုတ်ဝေသော News Chronicle သတင်းစာတွင် ရေးသားဖော်ပြခဲ့ကာ ၎င်း၏ ကလောင်စွမ်းကြောင့် ထိုစဉ်က မြန်မာနိုင်ငံအစိုးရ၏ ကျောင်းသားများအပေါ် ကိုင်တွယ်ပုံမှာ ကမ္ဘာကျော်သတင်းတစ်ပုဒ် ဖြစ်သွားသောကြောင့် ဒေါက်တာဘမော် ညွန့်ပေါင်းအစိုးရ ပြုတ်ကျသွားစေရန် ဖိအားပေးနိုင်ခဲ့သော ဆောင်းပါးလည်း ဖြစ်သည်။[၁၁]
ထို့နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုများအတွက် ဒေသအသီးသီးသို့ သွားရောက်လှုံ့ဆော်ရန် အရွေးခံရ၍ ဦးနုနှင့်အတူ မြစ်ဝကျွန်းပေါ်ဒေသသို့ သွားရောက်၍ လှုပ်ရှားလှုံ့ဆော်မှုများပြုခဲ့သည်။ ထို့နောက် ပဲခူးရှိ နေအိမ်၌ ရံဖန်ရံခါ နေထိုင်စဉ် ဦးခင်မောင်လတ်နှင့် တွေ့ဆုံသည်။ ဦးခင်မောင်လတ်သည်လည်း ထိုစဉ်က မိသားစုငွေရေးကြေးရေး အဆင်မပြေမှုကြောင့် ကောလိပ်မှ ထွက်ထားရသူဖြစ်ကာ နှစ်ဦးစလုံးမှာ အင်္ဂလိပ်စာပေကို ခုံမင်သူများ၊ စာအုပ်အကြိုက်များတူကြသောကြောင့် ရင်းနှီးကျွမ်းဝင်၍ ၁၉၃၉ အောက်တိုဘာတွင် အိမ်ထောင်ပြုခဲ့ကြသည်။ မင်္ဂလာပွဲသို့ သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို အစရှိသောသူများတက်ရောက်ခဲ့ကြသည်။
၁၉၄၀ နှစ်ကာလများတွင် ဗမာ့ကာကွယ်ရေးတပ်မတော်၏ စစ်ရုံး (BDA's War Office) တွင် ဘာသာပြန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုစဉ်အတွင်း ရိုက်တာသတင်းဌာနကဲ့သို့သော သတင်းဌာနများ၏ သတင်းထုတ်ပြန်မှုများကို နားထောင်ခြင်း၊ လက်ခံခြင်းများပြု၍ ကင်ပေတိုင်များ၏ ဖမ်းဆီးမည့်အန္တရာယ်ကို စွန့်စားကာ သခင်သန်းထွန်း၊ ဦးကျော်ငြိမ်း စသည့်သူများကို သတင်းများ ပေးပို့ခဲ့ရသည်။[၆]
စစ်ကြီးပြီးနောက် မဂ္ဂဇင်းများ၌ ဝတ္ထုတိုများ၊ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများကို ရေးသားခဲ့ကာ[၃] တိုးတက်ရေးနှင့် ဘာမားဂျာနယ် တို့တွင် အယ်ဒီတာအဖွဲ့ဝင်နှင့် ပင်တိုင်ဆောင်းပါးရှင်အဖြစ် ၁၉၃၇ တွင် လုပ်ကိုင်ခဲ့ကာ ၁၉၄၇ ၌ အိုးဝေသတင်းစာတွင် အယ်ဒီတာအဖြစ်လည်းကောင်း ၁၉၄၈ ၌ တိုင်းရင်းသူဂျာနယ်တွင် အယ်ဒီတာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။[၁၂] ၁၉၄၉ မှ ၁၉၅၂ အတွင်း မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းတွင် အမှုထမ်းခဲ့သည်။
ဒုတိယကမ္ဘာစစ်အပြီး ရန်ကုန်တက္ကသိုလ်သို့ ပြန်လည်တက်ရောက်၍ ဝိဇ္ဇာဘွဲ့ (BA) ကို ၁၉၅၂ တွင် ရရှိခဲ့သည်။ ၁၉၅၂-၁၉၅၃ တွင် ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနတွင် နည်းပြအဖြစ် တစ်နှစ်တာ လုပ်ကိုင်ခဲ့၏။ ၁၉၅၂ မှစ၍ ဗိုလ်ချုပ် နေဝင်း အာဏာသိမ်းသောနှစ် ၁၉၆၂ အထိ ဂါးဒီးယန်း အင်္ဂလိပ်သတင်းစာတွင် အယ်ဒီတာအဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့သည်။[၁၃] ယခင် နိုင်ငံရေးလှုပ်ရှားမှုအတွင်း သခင်ဘွဲ့ခံကြသော လူငယ်အများစု (အများစုမှာ ရဲဘော်သုံးကျိပ်) နှင့် ရင်းနှီးရာ၌ ဗိုလ်ချုပ်နေဝင်းသည်လည်း ရင်းနှီးသူတစ်ဦးပင်ဖြစ်သည်။ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် ဦးနေဝင်း၏ ဖိတ်ကြားမှုဖြင့်ပင် လုပ်သားပြည်သူ့နေ့စဉ် (အင်္ဂလိပ်ဘာသာ) သတင်းစာကို အယ်ဒီတာအဖြစ် ခင်ပွန်းဖြစ်သူ ဦးခင်မောင်လတ်နှင့် တွဲ၍ လုပ်ကိုင်ခဲ့သည်။[၈] ဤအလုပ်ကို လက်ခံရာ၌ အကျပ်တွေ့ အခက်ရိုက်သည့် အနေအထားဖြင့်ဖြစ်ခဲ့သည်။ အကြောင်းမှာ တစ်ဖက်တွင် ဗိုလ်ချုပ်နေဝင်းသည် တစ်ချိန်က ရဲဘော်ရဲဘက်၊ မိတ်ဟောင်းဆွေဟောင်း တစ်ဦးဖြစ်၍ လက်မခံလျှင်လည်းမကောင်းသော အနေအထား၊ တစ်ဖက်တွင်လည်း ဒေါ်ခင်မျိုးချစ်သည် အင်္ဂလိပ်၊ မြန်မာ စာပေများစွာကို ဖတ်ရှုကြီးပြင်းလာသည့် လူသားဗဟိုပြုဝါဒီ၊ တွေးခေါ်တတ်သူတစ်ဦးဖြစ်နေသောကြောင့် ရှင်ရကောင်းနိုး၊ သေရကောင်းနိုး (to be or not to be) ဆိုသည့် ပြဿနာကြုံတွေ့ခဲ့ရသည်ဟု နီလန်ဂျာနာ ဆန်းဂုပ္တ (Nilanjana Sengupta) က ရေးသားဖော်ပြခဲ့သည်။ အစိုးရထိန်းချုပ်လည်ပတ်သည့် သတင်းစာ၌ သူမ၏ စရိုက်အတိုင်း ပွင်းလင်းစွာရေးသားလျှင်လည်း မဖြစ်ပေ။ ထို့ကြောင့် ထိုစဉ်အတွင်း လမ်းကြောင်းပြောင်း၍ အခြားသော ဝတ္ထုတို၊ ဆောင်းပါးများစွာ ရေးသားခဲ့သည်။ သို့သော် သူမရေးသော အချို့သော စာများမှာ အစိုးရ သရော်စာဆန်သောကြောင့် ဗိုလ်ချုပ်နေဝင်း၏ အမျက်သင့်သည်။[၃] ၁၉၆၈ ဩဂုတ်လတွင် ဗိုလ်ချုပ်နေဝင်းက ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်ကို ခေါ်ယူတွေ့ဆုံ၍ ၎င်းတို့သည် အသက်ရွယ်ကြီးပြီဖြစ်သဖြင့် အနားယူရန် ပြောကြားခဲ့သည်။[၆]
ထို့နောက်ပိုင်း ၁၉၇၁ ၌ မိသားစုတွက် 'ပျော်တော်ဆက်' ဟာသစာစောင် တွဲဖက်ထုတ်ဝေသူနှင့် တာဝန်ခံအယ်ဒီတာ၊ 'သောင်းပြောင်းထွေလာရယ်စရာ' စာစောင်တွင် ပင်တိုင်ဆောင်းပါးရှင်အဖြစ် ၁၉၈ဝ - ၈၅ နှစ်များ၌ တာဝန်ယူ လုပ်ကိုင်ခဲ့သည်။
ငယ်စဉ်ကပင် အိမ်ရှိစာအုပ်စင်၊ ကျောင်းရှိစာအုပ်စင်များမှ စာပေများစွာကို ဖတ်ရှုခဲ့သည့်အပြင် အင်္ဂလိပ်၊ မြန်မာ ကဗျာ၊ လင်္ကာများကိုလည်း ရွတ်ဆိုရန် သဘောတွေ့သောကြောင့် အလွတ်ရွတ်ဆို အာဂုံဆောင်ခဲ့သည်များလည်း ရှိသည်။ ၁၉၃၂ ဆာ ဝေါလ်တာစကော့တ်၏ ကဗျာကို ဘာသာပြန်ရာမှ စာပေလောကထဲသို့ ဝင်ရောက်ခဲ့ပြီး မိဘများ၏ ပြစ်တင်ကြိမ်းမောင်းသည့်ကြားမှပင် စာများ ရေးသားခဲ့လေ၏။[၂]
ပထမဆုံးဝတ္ထုကို ဒဂုန်မဂ္ဂဇင်း၌ စတင်ရေးသားခဲ့သည်ဟု ဆိုသည်။ ထိုမူကြမ်းကို အယ်ဒီတာဖြစ်သူ ဒဂုန်ဦးလှဘေက ရှည်လွန်းသောကြောင့် ပြန်လည်ပြင်ဆင်ခိုင်းရာ ပြုပြင်ရေးသားပြီးနောက် မဂ္ဂဇင်းတိုက်သို့ ပြန်ပို့ခဲ့ပြီးမှ ထိုဝတ္ထုသည် မဂ္ဂဇင်းတွင် ပါဝင်လာခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် စာရေးဆရာ ဇဝန၏ ကောလိပ်ကျောင်းသား[၁၄] ဝတ္ထု စတင်လူကြိုက်များလာသောကြောင့် မိတ်ဆွေတစ်ဦးက ကောလိပ်ကျောင်းသူ ရေးပါရန် တိုက်တွန်းခဲ့သဖြင့်[၁၃] သူရိယသတင်းစာ၌ အခန်းဆက်ရေးသားခဲ့၍ ၁၉၃၆ တွင် လုံးချင်းဝတ္ထုတိုအဖြစ်[၂] ထုတ်ဝေခဲ့သည်။
၁၉၄၀ ၌ နဂါးနီစာအုပ်အသင်းအတွက် စစ်နှောင်ကြိုး၊ စစ်သူလျှိုများ၊ လူ့မုန်တိုင်း၊ ဘုန်းမဲ့သခင် စသည်များ ဘာသာပြန် ရေးသားပေးခဲ့သည်။[၁၂] ဖက်ဆစ်ဂျပန်များကို တိုက်ထုတ်အပြီး ၁၉၄၅ တွင် Three Years Under the Japs (ဂျပန်တို့လက်အောက် သုံးနှစ်တာ) အမည်ယူ၍ အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ကာ ယင်းစာအုပ်တွင် ဖက်ဆစ်ဂျပန်တို့၏ ရက်စက်မှုများ၊ အမူအကျင့်များ၊ ၎င်းတို့နှင့် ရင်ဆိုင်ရပုံ စသည်တို့ကို ရေးသားထားသည်။[၁၃] ၁၉၄၆ တွင် ဟိုအရေးဒီအရေး၊ ၁၉၄၈ တွင် မောင်တို့ယောက်ျား၊ ၁၉၅၂ တွင် သတင်းစာလောက စာအုပ်များကို ရေးသားဖြန့်ချိခဲ့သည်။[၁၂] The 13 Carat Diamond ဝတ္ထုတိုနှင့် အခြား ဆောင်းပါးစာပေများကို ဂါးဒီးယန်း အင်္ဂလိပ်မဂ္ဂဇင်းတွင် ၁၉၅၆ နှစ်များအတွင်းကရေးသားခဲ့၍[၁၃] ထို The 13 Carat Diamond ဝတ္ထုကို ဘာသာစကားအချို့သို့ ပြန်ဆိုမှုများရှိသည်။ ၁၉၇၀ တွင်ကျင်းပသော အရှေ့တောင်အာရှနိုင်ငံများမှ စာရေးဆရာများ၏ အင်္ဂလိပ်ဘာသာစကား ဝတ္ထုတိုပြိုင်ပွဲ၌ ဒေါ်ခင်မျိုးချစ်၏ Her Infinite Variety ("မူရာစုံလင် သူ့အသွင်" ဟု ဦးခင်မောင်လတ်က ဘာသာပြန်အမည်ပေး) သည် ပထမဆုရရှိခဲ့၍ ထိုဝတ္ထုတိုသည် မင်းသမီးရုပ်သေးရုပ်ကလေးတစ်ခုကို မိမိ၏ ချစ်သူကိုယ်စား ကိုယ်ပွားအနေဖြင့် နှစ်သက်စွာသိမ်းဆည်းထားသူ ရုပ်သေးဆရာ အဖိုးအိုတစ်ယောက်၏ အတိတ်ကို ပြန်လည်တူးဆွ ပြောပြသော ဇာတ်လမ်းဖြစ်သည်။[၂]
ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ (အင်္ဂလိပ်) တွင် Heroes of Old Burma ကို အခန်းဆက်ရေးသားခဲ့၍ Anawrahta of Burma အမည်ဖြင့် ၁၉၇၀ တွင် ထုတ်ဝေခဲ့ပြီး ရံခါတွင် Anawrahta အမည်ဖြင့်လည်းကောင်း King among Men အမည်ဖြင့်လည်းကောင်း ထုတ်ဝေမှုများလည်းရှိသည်။ ဤဝတ္ထုသည် ငယ်စဉ်ဘဝ အဖိုးဖြစ်သူ ကျောက်စာရုံးစာရေးကြီး ဦးဘေနှင့် ပုဂံသို့ အတူလိုက်ပါစဉ် အဖိုးဖြစ်သူပြောပြခဲ့သော ရာဇဝင်သမိုင်းပုံပြင်များကို နှစ်သက်ကာ ရေးသားခဲ့သည်။ ဒေါက်တာမောင်မောင်က အမှာစာ ရေးသားပေးခဲ့၍ ကူညီလမ်းညွှန်သူများမှာ ဗိုလ်မှူးဘရှင်နှင့် ဒေါက်တာသန်းထွန်း တို့ဖြစ်ကြသည်ဟုပင် ယင်းစာအုပ်၌ ဖော်ပြထားသည်။[၁၅] King among Men အမည်သည် လူတွေကြားက ဘုရင် ဟုအနက်ရပြီး ဤနာမည်သည်ပင် အာဏာရှင်ဖြစ်သော ဗိုလ်ချုပ်နေဝင်းကို လှောင်ပြောင်သည့် သဘောရှိသည်ဟူ၍ ဘီဘီစီက ဖော်ပြရေးသားသည်။[၈]
၁၉၇၄ တွင် မိုက်ကယ် အိန်ဂျလို၊ ၁၉၇၆ တွင် စွန့်ခဲ့ရသော ကျွန်မဘဝပါရှင်၊ ဥရောပယဉ်ကျေးမှုအနုပညာ မိတ်ဆက် စသည့် စာအုပ်များ ရေးသားခဲ့လေသည်။[၁၂] ၁၉၇၆ ၌ပင် သူမ၏ ထင်ရှားသော စာအုပ်တစ်အုပ်ဖြစ်သည့် Colurful Burma (ယခု Myanmar) ကို မြန်မာရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဗုဒ္ဓဘာသာသဘော လူနေထိုင်မှုဘဝများ၊ ဘာသာစကား၊ အမျိုးသမီးကဏ္ဍ၊ ရိုးရာဖျော်ဖြေမှုများ၊ ပွဲတော်များအကြောင်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့၍ ဖြန့်ချိခဲ့လေသည်။[၁၆] ၁၉၇၇ တွင် Burmese Scenes and Sketches ကို ဖြန့်ချိခဲ့၏။[၁၂]
၁၉၈၀ တွင် Asia Magazine ၌ Kyaikhtiyo အမည်ဖြင့် ကျိုက်ထီးရိုးဘုရား ဆောင်းပါး၊ ၁၉၈၁ တွင် A Pagoda Where Fairytale Charactets Come to Life အမည်ဖြင့် မယ်လမုဘုရား အကြောင်းရေးသားခဲ့သည်။ ယင်းနှစ်တွင်ပင် Flowers and Festivals Round the Burmese Year ကို ထုတ်ဝေခဲ့၏။[၁၃] ထို့နောက် ၁၉၈၂ ရောက်သောအခါ A Wonderland of Burmese Legends ကို ရေးသားထုတ်ဝေသည်။[၁၇]
ခင်မျိုးချစ်၏ ဖခင်ဘက်မှ အဖိုး၊ အဖွားများသည် မြန်မာပညာရှိ ဦးဘေနှင့် ဗန်းမော်ခင်လေးကြီး တို့ဖြစ်ကြ၍ နန်းတွင်းအဆက်နွယ်ဟု ဆိုနိုင်ပြီး ဘကြီးတော်လက်ထက် ကျီဝန်ကြီး ဦးကျော်ခေါင်နှင့် မင်းတုန်းမင်းလက်ထက် လောင်းရှည်ဝန်ကြီး ဦးမောင်ကလေး စသည်တို့သည်လည်း သူမ၏ ရှေးဘိုးဘေးများဖြစ်သည်ဟူ၍ ဘီဘီစီ (မြန်မာပိုင်း) ၏ ဆောင်းပါးတစ်ပုဒ်တွင်ဖော်ပြထားသည်။[၈] သားဖြစ်သူ ဒေါက်တာခင်မောင်ဝင်း၏ မိခင်အကြောင်းရေးသားသော ဆောင်းပါးတိုတစ်ပုဒ်တွင် အဖွားဖြစ်သူသည်လည်း မင်းတုန်းမင်း၏ နန်းတွင်းမှ အထိန်းတော်ကြီးဟူ၍ ဖော်ပြသည်။ ၁၉၃၉ တွင် ဦးခင်မောင်လတ်နှင့် အိမ်ထောင်ပြု၍ သားတစ်ဦး ထွန်းကားခဲ့သည်။ ၎င်းမှာ သင်္ချာပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းဖြစ်၏။ ဒေါ်ခင်မျိုးချစ် ကွယ်လွန်ချိန်တွင် သားဖြစ်သူနှင့် ၎င်း၏ ဇနီး တက္ကသိုလ် ရွှေရည်ဝင်း၊ မြေးနှစ်ဦး ကျန်ရစ်သည်။[၂]
၁၉၄၇ တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် အာရှတိုက်ဆိုင်ရာ ယဉ်ကျေးမှု ညီလာခံသို့ တက်ရောက်ခဲ့သည်။
နောက်ဆုံးနှစ်ကာလများ၌ ဒေါ်ခင်မျိုးချစ်သည် ဆိုးရွားလှသော အဆစ်ရောင်ရောဂါဝေဒနာကို ခံစားခဲ့ရပြီး များသောအားဖြင့် အိပ်ရာထက်၌သာ နေထိုင်ခဲ့ရသည်။ ထိုဝေဒနာကို အံတုရာတွင် ဒေါ်ခင်မျိုးချစ်က "တစ်ခါတလေ ကိုယ်ရှုံးတယ်။ တခါတလေ သူတို့အနိုင်ရရှိတယ်။" ဟု နှစ်ဖက်ရှုံးသဘောကို ထင်ပေါ်အောင် ဖော်ပြခဲ့သည်။ သို့သော် ၁၉၉၂ ဇန်နဝါရီ ၂ တွင် ရန်ကုန်မြို့၌ ဝေဒနာများ ခံစားရသော်လည်း အေးအေးချမ်းချမ်းဖြင့်သာ ကွယ်လွန်ခဲ့သည်။[၂]
၁၉၈၃ တွင် လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့သောကြောင့် လွတ်လပ်ရေးမော်ကွန်းဝင် (တတိယအဆင့်) ချီးမြင့်ခြင်းခံရသည်။
ခင်မျိုးချစ်သည် မွေးချင်းငါးယောက်အနက် အကြီးဆုံးဖြစ်သည်။ ဖခင်က အကြီးဆုံးဖြစ်သော သမီးမိန်းကလေးကို ပိပိရိရိ နေစေချင်သည်။ သူမ၏ လက်တွေ့ပုံစံနှင့် မကိုက်သော စိတ်ကူးယဉ်သည့်အကျင့်၊ ခေါင်းမာသည့်စရိုက်တို့ကို မနှစ်သက်ပေ။ မိခင်ဖြစ်သူသည်လည်း ထိုအကျင့်များကိုမနှစ်မြို့ပေ။ ခင်မျိုးချစ်သည် မိခင်ဖြစ်သူက သူမကို စနေဖွား၊ ရုပ်ဆိုးသူဟူ၍ အိမ်လာသော ဧည့်သည်များကို ပြောကြားသည်ကို စိတ်ကသိကအောက်ဖြစ်သည်။ ထို့ကြောင့် မိဘများနှင့် ဆက်ဆံရေးသည် ငယ်စဉ်ကပင် အဆင်မပြေခဲ့ပေ။ သူမ၏ Colorful Burma (Myanmar) စာအုပ်တွင် သူမ၏ အပျော်ဆုံး အချိန်များမှာ စစ်ကိုင်းရှိ အဖိုးအဖွားများထံသို့ လည်ပတ် နေထိုင်စဉ်ကာလများဟု ကိုယ်တိုင်ရေးသားထားသည်။ သူမကို သူမ၏မိသားစုက မလိုချင်ဟုလည်း အမြဲခံစားခဲ့ရသည်။ ငယ်စဉ်က ဆရာဝန်ဖြစ်ချင်ခဲ့သော်လည်း မိဘများ၏ ပိတ်ပင်မှုကြောင့် ဖြစ်မြောက်ခြင်းမရှိခဲ့ပေ။ ငယ်စဉ် မိဘများက ရိုက်လျှင် သားရဲတစ်ကောင်ကဲ့သို့ ပြန်လည်၍ တုံ့ပြန်တတ်သည်ဟု နီလန်ဂျာ ဆန်းဂုပ္တရေးသော စာအုပ်၌ ဖော်ပြပါရှိသည်။ မိဘများမှာ ရှေးရိုးဆန်၍ ခင်မျိုးချစ်သည် တော်လှန်ဖောက်ထွက်ချင်သူဖြစ်သည်။ ဆယ်တန်းအောင်မြင်သောအခါ မိသားစုနှင့် ဝေးရာ ရန်ကုန်သို့ တစ်ကိုယ်တည်း ပြောင်းရွှေ့၍ တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။[၆][၄]
မိရိုးဖလာဗုဒ္ဓဘာသာတစ်ဦးဖြစ်သော်လည်း တော်လှန်တတ်သော၊ လက်ဝဲဝါဒများ၏ လွှမ်းမိုးမှုခံရသောကြောင့် ငယ်စဉ်က ဘာသာတရား ယုံကြည်မှုအပေါ် သို့လောသို့လော ဒွိဟများရှိခဲ့သည်။ နောက်ပိုင်းကာလများ၌ ဆရာတော်ကြီးနှစ်ပါးနှင့် တွေ့ဆုံခဲ့၍ ထိုသို့တွေ့ဆုံကြုံကြိုက်မှုကပင် ဗုဒ္ဓဘာသာအပေါ် ပြန်လည် သက်ဝင်စေခဲ့သည်။ ဒေါ်ခင်မျိုးချစ်ကိုယ်တိုင် ဘာသာရေးအပေါ် ယခင်ကာလများက အမြင်ကို ယခုကဲ့သို့ ရေးသားထားသည်။
ဘာသာရေးတွေ၊ တရားထိုင်တာတွေနဲ့ ပတ်သက်ပြီး ကျွန်မမှာ မကောင်းတဲ့ အမြင်တွေရှိခဲ့ဖူးပါတယ်။ ဘာသာရေးအလုပ် လုပ်နေတဲ့သူတွေက သူတို့မှာ ကောင်းကောင်းကန်းကန်း အခြားလုပ်စရာမရှိလို့၊ ပါးစပ်က ဘုရား၊ တရားနဲ့ ဆိုက်ဂိုက်ထုတ်ချင်လို့၊ ဘဝကို ရင်ဆိုင်ဖို့ သတ္တိမရှိလို့၊ ဘာသာရေးဆိုတာ ထွက်ပြေးတဲ့ဝါဒ၊ စစ်ဆန့်ကျင်တဲ့ဝါဒ၊ အဆိုးမြင်တဲ့ဝါဒ တွေဖြစ်ပြီး သတ္တိကြောင် ပျင်းတဲ့လူတွေအတွက်ပဲ အဓိပ္ပာယ်ရှိတယ်...... အဲဒီလို ကျွန်မ အရင်က တွေးထင်ခဲ့ဖူးပါတယ်။[၂]
ဒေါ်ခင်မျိုးချစ်သည် မြန်မာနိုင်ငံအတွင်း ကျားမ တန်းတူရရှိရေးအတွက် လှုပ်ရှားဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။ ထို့အပြင် စာပေအနေဖြင့် အမျိုးသမီး ဗဟိုပြု ဝတ္ထု၊ ဆောင်းပါးများစွာကိုလည်း ရေးသားခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ထင်ရှားသောအမျိုးသမီးဝါဒီ စာရေးဆရာမတစ်ဦး ဖြစ်လာခဲ့သည်။[၁၈] သူမ၏ Colourful Burma(Myanmar) စာအုပ်တွင်ပင် အမျိုးသမီးနှင့်ပတ်သက်သော အကြောင်းများဖြစ်သော ပညာရေး၊ အလုပ်အကိုင်၊ ဘာသာရေး၊ စစ်ကြို၊ စစ်ပြီး အခြေအနေများကို အခန်းတစ်ခန်းဖွဲ့၍ ရေးသားဖော်ပြခဲ့သည်။[၅]
နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်စဉ် နိုင်ငံရေးသမားများ၏ အမျိုးသမီးများကို နေရာမပေးခြင်း၊ နှိမ့်ချခြင်းများကို သဘောမတွေ့ခဲ့ပေ။ သူမတည်းဖြတ်ပြုပြင်သော စာအုပ်တစ်အုပ်ကို နဂါးနီစာအုပ်အသင်းက နာမည်မထည့်ပေး၍ ခွဲခြားမှုကြုံတွေ့ခဲ့ရကြောင်း စာအုပ်တစ်အုပ်တွင် ရေးသားခဲ့သည်။[၈]
မြန်မာအမျိုးသမီးစာရေးဆရာများထဲမှ ခေတ်ဦးတွင်ပေါ်ပေါက်ခဲ့သော သူတစ်ဦးဖြစ်၍ ဒေါ်ခင်မျိုးချစ်ရှေ့၌ ဒဂုန်ခင်ခင်လေး၊ ဒဂုန်ခင်လေးဆွေတို့ နှစ်ဦးသာရှိသည်ဟု ယူဆနိုင်၍ ဒေါ်ခင်မျိုးချစ်နောက် ပေါ်ပေါက်သူများတွင် ဝါရင့်စာရေးဆရာမကြီးများဖြစ်ကြသော မာလာ၊ လူထုဒေါ်အမာ၊ ဂျာနယ်ကျော်မမလေး တို့ဖြစ်သည်။ ထို့အပြင် အင်္ဂလိပ်စာဖြင့် ရေးသားသော မြန်မာအမျိုးသမီးစာရေးဆရာများ၌လည်း ဒေါ်မြစိန် နှင့် ဒေါ်မီမီခိုင်တို့ဖြစ်ကြပြီး ထိုနှစ်ဦးစလုံးသည် နိုင်ငံခြားတွင် ပညာဆည်းပူးခဲ့ကြသူများဖြစ်၍ ဒေါ်ခင်မျိုးချစ်သည် ဘွဲ့မရမီ ပညာရေးတစ်ပိုင်းတစ်စဖြင့် Three Years under the Japs ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့၍ ၁၉၅၂ တွင် ဘီအေဘွဲ့ရရှိပြီးနောက် အခြားစာအုပ်များစွာကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။ သတင်းစာပညာရပ်နှင့်ပတ်သက်သော စာများကိုလည်း သူရိယဦးသိမ်းမောင်နောက် အစောဆုံးရေးသားခဲ့သူဖြစ်သည်။[၈]
"ကိုမောင်မောင်ရယ် မမမြတို့ နိုင်ငံကြီးဟာ ပုလိပ်နိုင်ငံကြီး ဖြစ်သွားမှာပေါ့လို့" — ခင်မျိုးချစ်
ဒေါ်ခင်မျိုးချစ်သည် ၁၉၈၈ အတွင်း သမ္မတဒေါက်တာမောင်မောင်ကို ဆောင်းပါးအချို့ရေး၍ ဝေဖန်ခဲ့သည်။[၈] ဗိုလ်ချုပ်နေဝင်းလက်ထက် ဆိုရှယ်လစ်အစိုးရကို ဝေဖန်မှုများကြောင့် ဗိုလ်ချုပ်နေဝင်းက ဒေါသထွက်၍ သတင်းစာအယ်ဒီတာမှ အနားယူစေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ၁၉၉၅ တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာသောအခါ မြန်မာများထဲက လက်ခံတွေ့ဆုံရဲသောသူ အနည်းငယ်ထဲတွင် ပါဝင်သည်ဟု အန်နာအလော့က ရေးသားထားသည်။[၃]