ဂိရိဟန်ဒုစေတီတော် | |
---|---|
ගිරිහඬු සෑය கிரிஹன்டு சாய | |
![]() The Vatadage and the Stupa | |
အချက်အလက်များ | |
တည်နေရာ | Thiriyai, Trincomalee, Sri Lanka |
ကိုဩဒိနိတ် | 08°52′13.4″N 81°00′26.2″E / 8.870389°N 81.007278°Eကိုဩဒိနိတ်: 08°52′13.4″N 81°00′26.2″E / 8.870389°N 81.007278°E |
ဘာသာရေး နှီးနွယ်မှု | ဗုဒ္ဓဘာသာ |
ခရိုင် | Trincomalee |
စီရင်စု | Eastern Province |
နိုင်ငံ | သီရိလင်္ကာနိုင်ငံ |
အမွေအနှစ် သတ်မှတ်ခြင်း | Archaeological protected monument[၁] |
ဗိသုကာ | |
ဗိသုကာ အမျိုးအစား | စေတီပုထိုးများ |
တည်ထောင်သူ | တဖုဿနှင့် ဘလ္လိက |
ဂိရိဟန်ဒုစေတီတော် (နိသုပတ်ပနဝိဟာရ ဟုလည်း သိကြ) သည် သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမလီးခရိုင်၊ သီရိယိုင်မြို့တွင် တည်ရှိသည့် ရှေးဟောင်းဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ သီရိလင်္ကာနိုင်ငံရှိ ပထမဦးဆုံးသော ဗုဒ္ဓဘာသာစေတီတော်ဖြစ်သည်ဟုလည်း ယူဆကြသည်။ [၂][၃] ၎င်းစေတီတော်ကို ပင်လယ်ရပ်ခြားမှ ကုန်သည်ညီနောင်ဖြစ်သည့် တဖုဿနှင့် ဘလ္လိကတို့က တည်ထားခဲ့ကြသည်ဟု ယုံကြည်ရသည်။[၄] ညီနောင်နှစ်ဦးတို့၏ အမည်များကို ကျောင်းတော်ပရဝုဏ်အတွင်းရှိ ကျောက်စာတွင် မှတ်တမ်းတင်ရေးသားထားသည်ကို တွေ့ခဲ့ရသည်။ ထိုကျောက်စာအရ စေတီတော်ကို တဖုဿနှင့် ဘလ္လိက ကုန်သည်အစုတို့က တည်ခဲ့ကြသည်ဟု ရေးသားထားသည်။ အချို့သော ပညာရှင်များက မဟာယာနအယူအဆကို ယုံကြည်ကြသည့် ပါဝါပြည်မှ ပင်လယ်ရပ်ခြားကုန်သည်များက စေတီတော်ကို တည်ဆောက်ခဲ့ကြသည်ဟု ယူဆကြသည်လည်း ရှိသည်။[၅]
ဤစေတီတော်ကို ပြည်သူများသည် အလွန်အထွတ်အမြတ်ထားကြသည်။ စေတီတော်တွင် ဗုဒ္ဓ၏ ဆံတော်ဓာတ်တော် ပါဝင်သည်ဟုလည်း ယုံကြည်ကြသည်။[၆] ကျောင်းတော်ကို သီရိလင်္ကာအစိုးရက ရှေးဟောင်းသုတေသနနယ်မြေတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။[၁]
စေတီတော်သည် ပင်လယ်ကမ်းခြေအနီး ကျောက်ဆောင်ငယ်တစ်ခုပေါ်တွင် တည်ရှိသည်။ ထရင်ကွန်မလီးမြို့၏ မြောက်ဘက် ၄၇ ကီလိုမီတာခန့် (၂၉ မိုင်) အကွာ ဖြစ်သည်။ ကျောက်ဆောင်ထိပ်တွင် အဝိုင်းပုံသဏ္ဌာန်ကျောင်းတော်တည်ရှိကာ အလယ်ဗဟိုတွင် စေတီတော် တည်ရှိသည်။ စေတီတော်သည် နဂိုမူလက အရွယ်အစား သေးငယ်သော်လည်း အေဒီ ၈ ရာစုတွင် ပိုမိုကြီးမားအောင် တည်ထားခဲ့ကြသည်။ [၁] အနုရာဒပူရတွင် တည်ရှိသည့် သုပရမနှင့် လင်္ကာရာမစေတီတော်များကဲ့သို့ပင် အဝိုင်းပုံသဏ္ဌာန်ကျောင်းတော်သည် ကွန်ကရစ်ကျောက်တိုင်အဝိုင်းများဖြင့် ဝန်းရံထားသည်။ စေတီတော်ကို ဝန်းရံထားသည့် ကျောင်းတော်သည် အရပ်လေးမျက်နှာတွင် ဖွင့်ထားပြီး လှေကားထစ်များကို တက်ကာ ဖူးမြော်နိုင်သည်။ ၎င်းလှေကားထစ်များတွင် သီရိလင်္ကာဗိသုကာလက်ရာများဖြစ်သည့် ကျောက်ထွင်းရုပ်တုများ (Muragala) နှင့် လက်ရန်းပွတ်လုံး(Korawak Gala) များကို မြင်တွေ့နိုင်သည်။ ကျောင်းတော်သို့ မရောက်မီအဆင့်ဖြစ်သည့် စင်္ကြံနေရာတွင် ပျက်စီးနေသည့် အဆောက်အဦများ၊ ကျောက်တိုင်များ၊ လှေကားထစ်များ၊ ရေကန်များ၊ ကျောက်တံတားများ စသည့်တို့၏ အပျက်အစီးအကြွင်းအကျန်များ တည်ရှိသည်။ တောင်ပေါ်သို့ တက်ရာ ဆင်ခြေလျှောသည် ကျောက်တုံးအချို့ ထူထပ်လျက်ရှိသည်။ ထိုကျောက်တုံးများထဲမှ နှစ်ခုတွင် အချို့သည် ဗြဟ္မဏီဘာသာစကားကျောက်စာများ ရေးထိုးထားသည်။ ၎င်းစာများထဲမှ တစ်ခုကို ခရစ်မတိုင်မီက ရေးထိုးထားပြီး တစ်ခုမှာမူ ၁ ရာစုကာလခန့်က ရေးထိုးထားခြင်း ဖြစ်သည်။[၇] ကျောင်းတော်၏ တောင်ဘက်တွင် ကျောက်ဆောင်မျက်နှာပြင်တစ်ခုပေါ်တွင် ရေထိုးထားသည့် နောက်ထပ်ကျောက်စာတစ်ခု တည်ရှိသည်။ ထိုကျောက်စာတွင် စာကြောင်းရေ ၁၁ ကြောင်း ပါဝင်ပြီး ကျောင်းတော်နှင့် ကုန်သည်နှစ်ဦးတို့၏ အကြောင်းကို ဖော်ပြရေးသားထားသည်။
ကျောက်စာတွင် ပင်လယ်ခရီးသွားကုန်သည်နှစ်ဦး၏ အကြောင်းကို မှတ်တမ်းတင်ထားသည်။ စာထဲတွင် ရေးသားထားသည့် အစိတ်အပိုင်းအများစုတွင် စေတီတော်၏ အမည်ကို ရှည်လျားစွာဖော်ပြထားသည်။ ကျန်ရှိနေသည့် အပိုင်း၌ ဆုတောင်းစာရေးသားသူကို ရေးသားထားခြင်း မရျိပေ။ နောက်ဆုံးစားကြောင်းတွင် စေတီတော်ကို တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်အဖွဲ့တို့က တည်ခဲ့ကြသည်ဟု ဖော်ပြထားသည်။ ကျောက်စာမှတ်တမ်း၏ အဆုံးတွင် ဗုဒ္ဓဘာသာတရားတော်ဖြစ်သည့် "ရုပ်နာမ်ဓမ္မတရားတို့၏ မမြဲမှု" ကို ဖော်ပြထားကာ အဆုံးသတ်ထားသည်။[၈]