တက္ကသိုလ်ဝင်စာမေးပွဲ သည် မြန်မာနိုင်ငံရှိ ဒွါဒသမတန်း(၁၂တန်း)ကျောင်းသားတိုင်းအတွက် နိုင်ငံတော်မှ ကြီးမှူးကျင်းပသည့် စာမေးပွဲစနစ်တစ်ခု ဖြစ်သည်။ နိုင်ငံပိုင် အစိုးရအထက်တန်းကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် ပညာဒါနကျောင်းများ စသည့်ကျောင်းများမှ ကျောင်းသားကျောင်းသူတို့သည် တက္ကသိုလ်များတွင် တက်ရောက်ခွင့်ရရန် ဖြေဆိုကြရသည်။ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ စာမေးပွဲမေးခွန်းများကို ကြီးမှူးစစ်ဆေး၍ စာမေးပွဲပြီးဆုံးပြီးနောက် သက်ဆိုင်ရာ စာစစ်မှူးချုပ် ပါမောက္ခများ ဦးစီး၍ သုံးပတ်ခန့်ကြာသော စာမေးပွဲအဖြေလွှာ စစ်ဆေးမှုများကို တက္ကသိုလ် စာစစ်ဌာနတွင် ပြုလုပ်ကြသည်။ စာမေးပွဲရလဒ်များကိုလည်း နှစ်စဉ် ဇွန်လတွင် ထုတ်ပြန်ကြေညာသည်။ တက္ကသိုလ်အဆင့်မြင့်ပညာရေးတက်ရောက်ရန်အတွက် စာမေးပွဲ ရလဒ်အမှတ်ပေါင်းတွင် သတ်မှတ်ထားသော အရည်အချင်းပြည့်မီမှုဖြင့် ဆုံးဖြတ်သည်။[၁] မိမိ၏ စာမေးပွဲရမှတ်ပေါင်း အလျောက်
အမျိုးအစား | တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ |
---|---|
စီမံခန့်ခွဲသူ | တက္ကသိုလ်ဝင်တန်း စာမေးပွဲဌာန |
ဗဟုသုတ / အရည်ချင်းစစ်ဆေး | မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ + ဘာသာတွဲဆိုင်ရာ ဘာသာရပ် |
ကာလ | ဘာသာရပ်တစ်ရပ်လျှင် ၃ နာရီ |
ရမှတ် | ၀ - ၁၀၀ (ဘာသာရပ်တစ်ခုစီလျှင်) |
အရည်ချင်းအောင်နှုန်း | ၃၀% (၂၀၁၉) |
တက္ကသိုလ်များနှင့် အထူးပြုဘာသာရပ်များကို ရွေးချယ်ခွင့်ရှိသည်။
ယခုလက်ရှိ တက္ကသိုလ်ဝင်ခွင့်စနစ်ကို ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်ဝင် ကြီးကြပ်ရေးအဖွဲ့က ကြည့်ရှုစစ်ဆေးလျက်ရှိသည်။[၂] စနစ်သစ်ပညာရေးစတင်ချိန်၌ စာမေးပွဲ အအောင်၊အရှုံးမကြေညာဘဲ Grading system(အဆင့်စနစ်)ဖြင့်သာ ကြေညာမည်ဟု ကျယ်ကျယ်ပြန့်ပြန့်ယူဆခဲ့ကြသော်လည်း ၂၀၂၃-၂၀၂၄ခုနှစ် ပညာသင်နှစ်(၁၂တန်း ပထမဆုံးနှစ်)တက္ကသိုလ်ဝင်စာမေးပွဲရလဒ်ကိုကြေညာရာတွင် ယခင်အတိုင်း ဂုဏ်ထူးများဖြင့်သာ ကြေညာခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြီးကြပ်စစ်ဆေးသည်။[၃]
၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှစတင်၍ နှစ်စဉ်နှစ်တိုင်း မြန်မာတစ်နိုင်ငံလုံးတွင် သက်ဆိုင်ရာ ဖြေဆိုရသည့် ဘာသာရပ် ခြောက်ခုအတွက် မေးခွန်း ခြောက်စုံကိုသာ နိုင်ငံတစ်ဝန်း တပြေးညီ ဖြေဆိုရသည်။ ယင်းနှစ်များ မတိုင်မီ ၂၀၀၁ မှ ၂၀၁၄ ခုနှစ်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် မေးခွန်း ၁၄ စုံ၊ နိုင်ငံခြားစာစစ်ဌာနအတွက် တစ်စုံ ၊ စုစုပေါင်း ၁၅ စုံကို သက်ဆိုင်ရာ ဒေသအလျောက်ဖြေဆိုရသည်။၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ နိုင်ငံတော်တဝှမ်းဖြစ်ပေါ်နေသောလုံခြုံရေးကိစ္စရပ်များကြောင့် နိုင်မေးငံတဝှမ်းဒေသပေါင်းစုံအတွပ် မေးခွန်းသည် ၆စုံခန့် ခွဲ၍ထုတ်ကာ ဖြေဆိုခဲ့ကြသည်။
စာမေးပွဲရက်များတွင် ကျင်းပသည့် စာစစ်ဌာနများရှိ ဖြေဆိုသူ ကျောင်းသား/ကျောင်းသူများ၏ ဘေးကင်းလုံခြုံမှုအတွက် ဌာနဆိုင်ရာမှ ကြီးကြပ်တာဝန်ယူရသည်။ စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ယာဉ်လမ်းကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများက စာမေးပွဲဖြေဆိုသည့်ရက်များအတွင်းနံနက် ၉ နာရီမှ ၁၂ နာရီ ထိ ယာဉ်အသွားအလာ၊ ပတ်ဝန်းကျင် အသံပလံနှင့် လုံခြုံရေး တို့ကို အဓိကတာဝန်ယူသည်။
စာမေးပွဲဝင်ခွင့် လျှောက်လွှာများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြီးကြပ်ဖြန့်ချိသည်။ နိုင်ငံပိုင်အစိုးရ အထက်တန်းကျောင်းများနှင့် ပညာဒါနကျောင်းများရှိ ကျောင်းသားများသည် ဖြေဆိုရန် ဝင်ခွင့်လျှောက်လွှာတင်ခြင်းကို ကျောင်းရှိ ဆရာ၊ဆရာမများ၏ လမ်းညွှန်မှုအတိုင်း ကျောင်းတွင်း၌ပင် ဆောက်ရွက်ကြရသည်။ သို့သော် ပုဂ္ဂလိကပိုင်ဘော်ဒါကျောင်းများမှ ကျောင်းသားများမှာမူ မိမိကိုယ်တိုင်ကိုယ်ကျ ဝင်ခွင့်လျှောက်လွှာတင်ခြင်းကို ဆောင်ရွက်ကြရသည်။ဝင်ခွင့်လျှောက်လွှာများကို သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးသို့ သတ်မှတ်ထားသောနေ့အပြီး တင်သွင်းရသည်။ စာမေးပွဲများ မကျင်းပမှီ တစ်လခန့်တွင် ဖြေဆိုမည့် ကျောင်းသားများ၏ သက်ဆိုင်ရာ ခုံအမှတ်များကိုကြေညာသည်။စာမေးပွဲ မစတင်မှီ ရက်သတ္တပတ်အလိုတွင် ဖြေဆိုမည့်ကျောင်းသားများ၏ ယာယီ ဖြေဆိုခွင့် ကတ်ပြားများကို သက်ဆိုင်ရာ စာစစ်ဌာနအထက်တန်းကျောင်းများက ကြီးမှူးထုတ်ပြန်ပေးသည်။ စာမေးပွဲတွင် မိမိ၏အမည် ရေးတပ်ခွင့် မရှိဘဲ ခုံအမှတ်နှင့်သာ ဝင်ရောက်ဖြေဆိုရသည်။ နိုင်ငံတကာ အင်္ဂလိပ်ဘာသာကျောင်းများနှင့် နိုင်ငံတကာသင်ရိုးကိုသင်သည့်ကိုယ်ပိုင်ကျောင်းများရှိ ကျောင်းသားများမှာမူ ဤစာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့် မရှိသည်သာမက မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင်လည်း ပညာသင်ကြားခွင့် မရှိပေ။ [၄]
နှစ်စဉ် ကျောင်းသား ငါးသိန်းကျော် စာမေးပွဲကို ဖြေဆိုကြသည်။ စာမေးပွဲကို ကိုးရက်ကြာ ကျင်းပပြီး နှစ်စဉ် မတ်လလယ်တွင် ကျင်းပသည်။ စာမေးပွဲရလဒ်များကို နိုင်ငံတစ်ဝန်းတွင် ဇွန်လ၌ ထုတ်ပြန်ကြေညာသည်။[၅] ၂၀၁၉ ခုနှစ်တွင် စာမေးပွဲဝင်ရောက်ဖြေဆိသူ ကျောင်းသားပေါင်း ၈၅၁၅၇၀ ဦး ရှိသည်။[၆]
ကျောင်းသားများ၏ ဘာသာတွဲရေးချယ်မှုပေါ်မူတည်၍ စာမေးပွဲမေးခွန်းသည် ခြောက်ခု ရှိသည်။ ဘာသာတွဲများတွင် ဝိဇ္ဇာတွဲနှင့် သိပ္ပံတွဲဟူ၍ ရှိသည်။ ဖြေဆိုရသည့် ဘသာရပ်များတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ သမိုင်း၊ ပထဝီ၊ ဘောဂဗေဒ၊ စိတ်ကြိုက်မြန်မာစာ တို့ ပါဝင်သည်။ ဘာသာရပ်တစ်ခုအတွက် စာမေးပွဲဖြေဆိုချိန်သည် သုံးနာရီ ကြာမြင့်သည်။[၇]
ဘာသာရပ်တစ်ခုတွင် မြင့်မားသည့်အမှတ်(မြန်မာစာ၊အင်္ဂလိပ်၊ ဇီဝဗေဒဘာသာရပ်များတွင် ၇၅ မှတ်နှင့်အထက်၊ ကျန်ဘာသာရပ်များတွင် ၈၀ မှတ်နှင့်အထက်) ဖြင့် ထူးချွန်စွာအောင်မြင်ပါက ဂုဏ်ထူး ဖြင့် အောင်သည်ဟု သတ်မှတ်သည်။အချို့နှစ်များတွင် ဂုဏ်ထူးမှတ်သည် မတူတတ်ပေ။ ဂုဏ်ထူးရဘာသာ ငါးခု သို့မဟုတ် ခြောက်ခု ရသည့်ကျောင်းသားများသည်သာ မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များသို့ တက်ရောက်ခွင့် ရကြသည်။ ဆေးတက္ကသိုလ်များသည် ကျောင်းသားများအကြား ရွေးချယ်မှုအများဆုံး တက္ကသိုလ်များလည်း ဖြစ်ကြသည်။ သာမန်အောင်မြင်သူများမှာ မိမိတို့၏ ရမှတ်ပေါင်းအလျောက် ဒေသန္တရတက္ကသိုလ်များတွင် အထူးပြုဘာသာရပ်ရွေးချယ်ကာ အဆင့်မြင့်ဘာသာရပ်များကို သင်ကြားခွင့်ရပေသည်။ မကြာသေးမီနှစ်များတွင် ငါးဘာသာဂုဏ်ထူးဖြင့် ပေးမှတ် ၆၀၀ ရှိသည်တွင် ရမှတ် ၅၀၀ ကျော်ရရှိသည့် ကျောင်းသားများ ထွက်ပေါ်လာခဲ့သည်။ စာမေးပွဲကို အောင်မြင်သည့် ကျောင်းသားများကို ရေဒီယိုမှတစ်ဆင့် ဖြေဆိုခဲ့သည့် စာစစ်ဌာနနှင့်တွဲ၍ ကြေညာပေးမှုလည်း ရှိသည်။[၈] ၂၀၀၉ ခုနှစ်တွင် ဖြေဆိုသူ ကျောင်းသားများ၏ ၃၀ ရာခိုင်နှုန်းသည် အောင်မြင်ခဲ့ကြသည်။[၉] ၂၀၁၇ ခုနှစ်တွင် အောင်မြင်မှု ၃၇.၆ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၄ ခုနှစ်ကထက် ၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။[၁၀] ၂၀၁၈ ခုနှစ်တွင် တစ်နိုင်ငံလုံးအောင်မြင်မှုမှာ ၃၂.၈၂ ရာခိုင်နှုန်း ရှိခဲ့ပြီး မန္တလေးတိုင်းဒေသကြီးသည် ၃၈.၁၇ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး ဖြစ်ခဲ့၍ ချင်းပြည်နယ်သည် အောင်မြင်မှုရာခိုင်နှုန်း အနိမ့်ဆုံး ဖြစ်ခဲ့သည်။[၁၁]
၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစတင်၍ ဒသမတန်း (ဆယ်တန်း) အထက်တန်းပညာရေးကို ပယ်ဖျက်လိုက်ပြီဖြစ်သည်။ ထို့ကြောင့် ယင်းနှစ်အထိရှိခဲ့သော ဆယ်တန်း စာမေးပွဲစနစ်ကို စနစ်ဟောင်း ဟူ၍ ပြောင်းလဲခေါ်ဝေါ်ကာ ၂၀၂၃ မတ်လ ၈ ရက်နေ့တွင် စနစ်ဟောင်းပညာရေး၏ နောက်ဆုံးနှစ်အဖြစ် စာမေးပွဲကြီးများကို ကြီးမှူးကျင်းပခဲ့သည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်ကာ ၁၂ တန်း ပညာရေးစနစ်သစ်ကို သင်ကြားရမည်ဖြစ်သည်။ ထို့ကြောင့် ၂၀၂၂-၂၀၂၃ တွင် စနစ်သစ် ဆယ်တန်း (Grade-10) အောင်မြင်သူများနှင့် စနစ်ဟောင်း ဆယ်တန်း (Grade-11) ကျရှုံးသူများသည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စနစ်သစ် ဧကဒသမတန်းကိုတက်ရောက်သင်ကြားရမည်ဖြစ်သည်။