တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
တိဿမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးသည့်နောက်၌ ဖြစ်ပျက်မှု သဘာဝ အတိုင်း လူတို့၏သက်တမ်း နှစ်(၁၀၀, ဝဝဝ) တစ်သိန်းတမ်းမှ တရွေ့ရွေ့ ရုတ်လျော့ကာ (၁၀) နှစ်တမ်းသို့လည်းကောင်း၊ တဖန်(၁၀) နှစ်တမ်းမှ၊ ပြန်တက်လာရာ အသင်္ချေ တမ်းသို့ လည်းကောင်း၊ နောက်ထပ်တဖန် အသင်္ချေယျတမ်းမှ တရွေ့ရွေ့ယုတ်လျော့လာရာ လူတို့သက်တမ်း အနှစ်(၉၀, ဝဝဝ) ကိုးသောင်းတမ်းသို့ ရောက်သော အခါ ဖုဿဘုရားလောင်းသည် တုသိတာ နတ်ပြည်မှ လူ့ပြည်သို့ဆင်းတက်တော်မူခဲ့ပါသည်။
အလောင်းတော်မြတ်သည် လူ့ပြည်တွင် ကာသိကမြို့တော် ဇယသေနမင်းကြီး၏ အဂ္ဂမဟေသီ သီရိမာဒေဝီ မိဖုရားကြီး၏ ဝမ်းကြာတိုက်၌ စွဲပိုက် သန္ဓေနေ၍ ဆယ်လပြည်လျှင် သိရီမာမည်သော ဥယျာဉ်တော်၌ ဖွားမြင်တော် မူပါသည်။ နာမကရနမင်္ဂလာပြုသောနေ့၌ ဖုဿမင်းသား ဟုမှည့်ခေါ်ကြသည်။ ဖုဿမင်းသားအရွယ် ရောက်လျှင် ကိသဂေါတမီဒေဝီမိဖုရား အမှူးပြုသော မောင်းမ မိဿံပေါင်းခြံရံလျှက် ဂရုဠပက္ခ၊ ဟံသ၊ သုဝဏ္ဏဘာရ နန်းမသုံးဆောင်တို့၌ ဥတုသုံးလီ မျှညီစံကာ အနုပမသားတော် ဖွားသည် တိုင်အောင် နှစ်ပေါင်း(၉၀, ဝဝဝ)ကိုးသောင်းကာလပတ်လုံး ထီးနန်းစည်းစိမ်ကိုခံစားစံစားတော်မူသည်။ နိမိတ်ကြီလေးပါးကို ရှုမြင်ရသောအခါ သံဝေဂထင်လာ၍ အာဇာနည်မြင်းယာဉ်စီးကာ တောထွက်ခဲ့သည်။ တောထွက်လျှင် အတူလိုက်ပါလာသော ရဟန်းပေါင်းခြံရံလျက် (၆)လ ဒုက္ကရစရိယာ အကျင့်ကိုကျင့်ပြီး၍ အာမလကရုက္ခ-သျှိသျှာဗောဓိပင်ကို အမှီပြုကာ သဗ္ဗညုတဉာဏ်တော်ကိုရ၍ သမ္မာသမ္ဗုဒ္ဓဘုရား စစ်စစ်ဖြစ်တော်မူသည်။
ဖုဿဘုရားပွင့်စဉ်အခါ ဂေါတမဗုဒ္ဓ ဂေါတမ အလောင်းလျာသည် ဝိဇိတာဝီ မည်သောမင်းဖြစ်၍ မင်းစည်းစိမ်ကို စွန့်ပယ်ကာ ရဟန်းပြုပြီး ပိဋကတ်သုံးပုံကို သင်ယူတတ်မြောက်လျှင် လူအများအား တရားဟောကြာသော ဓမ္မကထိက ရဟန်းဖြစ်နေသည်။ ဖုဿဘုရားရှင်က ထိုရဟန်းအား နိယတဗျာဒိတ်ပေးတော်မူသည်။
ဖုဿ ဘုရားရှင်၏ အရပ်တော် (ဉာဏ်တော်)မှာ (၅၈) ငါးဆယ့် ရှစ်တောင် မြင့်တော်မူသည်။ ရောင်ခြည်တော်ကား-တစ်ယူဇနာပျံနှံ့ကွန့်မြူးသည်။ ဤသို့လျှင် ဖုဿမြတ်စွာဘုရားသည် ဗုဒ္ဓကိစ္စငါးချက်ကို ပြီးပြည်စုံအောင် ဆောင်ရွက်တော်မူပြီး သက်တော်(၇၂, ဝဝဝ)ရှိသောအခါ ကုသိနာရာပြည် အနီး အရာမ်ကြီးအတွင်း၌ သေနာရာမဥယျာဉ် ပရိနိဗ္ဗာန်ဝင်စံ တော်မူပါသည်။ ...