ဦးဖြိုးမင်းသိန်း | |
---|---|
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
သမ္မတ | ဦးထင်ကျော် |
ယခင်လူ | ဦးမြင့်ဆွေ |
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၈ ဖေဖော်ဝါရီ ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
မဲဆန္ဒနယ် | လှည်းကူးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ |
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၂ မေ ၂၀၁၂ – ၂၉ ဇန်နဝါရီ ၂၀၁၆ | |
ဆက်ခံသူ | ဦးသိန်းတန် |
မဲဆန္ဒနယ် | လှည်းကူးမြို့နယ် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | [၁] မြန်မာနိုင်ငံ | ၁၂ ဧပြီ၊ ၁၉၆၉
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ |
|
ကြင်ဖော်(များ) | ဒေါ်ခင်မိမိကြွယ် (လက်ထပ် 2009) |
မိဘ | ဦးခင်ထွန်း၊ ဒေါ်ခင်ခင်အေး |
မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် (ဘွဲ့မရရှိခဲ့) |
အလုပ်အကိုင် | နိုင်ငံရေးသမား၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် |
ကိုးကွယ်သည့်ဘာသာ | ထေရဝါဒ ဗုဒ္ဓဘာသာ |
ဦးဖြိုးမင်းသိန်း သည် မြန်မာ နိုင်ငံရေးသမားနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ သူသည် ပြည်ထောင်စု ဒီမိုကရေစီပါတီ ၏ ဥက္ကဋ္ဌဟောင်းဖြစ်ပြီး ပြည်သူ့ဒီမိုကရေစီပါတီကို တည်ထောင်ခဲ့သူလည်း ဖြစ်သည်။[၂][၃][၄] သူသည် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော်လည်း ဘွဲ့မရရှိခဲ့ပေ။ သို့သော် ပိုလန်နိုင်ငံ University of Information Technology and Management မှ Business Administration ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ရသည်။[၅]
ဦးဖြိုးမင်းသိန်းကို ၁၂ ဧပြီ ၁၉၆၉[၁] တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ဖခင် ဦးခင်ထွန်းနှင့် မိခင် ဒေါ်ခင်ခင်အေးတို့၏ သားသမီးလေးဦးအနက် အငယ်ဆုံး ဖြစ်သည်။[၆]
၁၉၈၈ ခုနှစ်၊ ၈၈၈၈ အရေးအခင်းကာလတွင် ဦးဖြိုးမင်းသိန်းသည် ရန်ကုန်တက္ကသိုလ် ဗိုလ်တထောင်နယ်မြေတွင် ဒုတိယနှစ် ရူပဗေဒအထူးပြု ကျောင်းသားတစ်ဦး ဖြစ်ခဲ့ပြီး သန်လျင်မြို့နယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ၏ အတွင်းရေးမှူး ဖြစ်လာခဲ့သည်။ အရေးအခင်းကာလတွင် သူသည် ဗိုလ်တထောင်နယ်မြေနှင့် သန်လျင်မြို့နယ် အစိုးရအတိုက်အခံ ဆန္ဒပြပွဲများတွင် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တည်ထောင်ရာတွင်လည်း ပါဝင်ကူညီခဲ့သည်။[၆]
၈၈၈၈ အရေးအခင်းတွင် ပါဝင်ခဲ့ခြင်းအတွက် ဦးဖြိုးမင်းသိန်းကို ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဖမ်းဆီးအရေးယူခဲ့ပြီး ၁၉၉၁ ခုနှစ် မေလတွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။ ၁၉၉၅ ခုနှစ်၊ ထောင်တွင်းရှိနေစဉ်အတွင်း စစ်အစိုးရက နောက်ထပ် ထောင်ဒဏ် ၇ နှစ် ပေါင်းထည့်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် အစိုးရက နောက်ထပ် ထောင်ဒဏ် ၇ နှစ်ကို ထပ်မံပေါင်းထည့်ခဲ့ပြန်သည်။ ၂၀၀၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ထောင်မှ လွတ်မြောက်ခဲ့သည်။[၆]
၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးအခင်းစတင်သည့်အချိန်တွင် ဦးဖြိုးမင်းသိန်းသည် ရန်ကုန်တက္ကသိုလ် ဗိုလ်တထောင်နယ်မြေတွင် ရူပဗေဒအထူးပြုဖြင့် ဒုတိယနှစ် တက်ရောက်နေစဉ်ဖြစ်ကာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တွင် သန်လျင်မြို့နယ် အတွင်းရေးမှူးဖြစ်လာခဲ့သည်။ အရေးအခင်းကာလတွင် ဦးဖြိုးမင်းသိန်းသည် ဗိုလ်တထောင်နယ်မြေနှင့် သန်လျင်မြို့နယ်များရှိ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ၁၉၈၈ ခုနှစ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို တည်ထောင်ရာတွင်လည်း ဦးစီးပါဝင်ခဲ့သည်။[၆] ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဦးဖြိုးမင်းသိန်းအား ရှစ်လေးလုံးအရေးအခင်းတွင် ပါဝင်ခဲ့မှုများအတွက် ဖမ်းဆီးခဲ့ကာ ၁၉၉၁ ခုနှစ် မေလတွင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသည်။ အကျဉ်းကျခံနေစဉ်အတွင်း စစ်အစိုးရက နောက်ထပ် ထောင်ဒဏ် ၇ နှစ်ကို ၁၉၉၅ ခုနှစ်တွင် ထပ်တိုးချမှတ်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် နောက်ထပ် ၇ နှစ် တိုးမြှင့်ချမှတ်ခဲ့ကာ ၂၀၀၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ထောင်မှ လွတ်မြောက်လာခဲ့သည်။[၆]
ဦးဖြိုးမင်းသိန်းသည် ၂၀၁၀ ခုနှစ်တွင် ပြည်သူ့ဒီမိုကရေစီပါတီကို စတင်သည်။ နိုင်ငံရေးအခြေအနေကို သုံးသပ်ပြီးနောက် ဧပြီလ ၁ ရက်တွင် ဦးရွှေအုန်း၏ ပြည်ထောင်စုဒီမိုကရေစီမဟာမိတ် နှင့် ပူးပေါင်းကာ ပြည်ထောင်စု ဒီမိုကရေစီပါတီ အဖြစ် စုဖွဲ့လိုက်သည်။[၂][၃][၄] ၂၀၁၀ ခု၊ ဩဂုတ်လ ၂၀ ရက်တွင် ဦးရွှေအုန်း အသည်းကင်ဆာရောဂါနှင့် ဆုံးပါးသည်။ ထိုအချိန်မတိုင်မီ ဩဂုတ်လ ၅ ရက်နေ့ကတည်းက ဖြိုးမင်းသိန်းမှာ ပါတီလူကြီးပိုင်း အဖြစ်မှ နုတ်ထွက်ပြီး ဖြစ်သည်။ [၇] ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဦးဖြိုးမင်းသိန်းသည် ပြည်သူ့လွှတ်တော်၏ လှည်းကူးမြို့နယ် မဲဆန္ဒနယ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အနိုင်ရရှိခဲ့သည်။[၂]
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၆ ခုနှစ် မတ်လ ၃၀ တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်ပြီး မကြာမီ ၂၀၁၆ ခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့တွင်းရှိ မဏ္ဍာပ်များ ဆောက်လုပ်ခြင်းကို ကန့်သတ်ခဲ့သည့်အတွက် လူများစွာ၏ ဝေဖန်ခြင်းကို ခံခဲ့ရသည်။[၈][၉] ၂၀၁၆ ခုနှစ် မေလတွင် ရန်ကုန်မြို့ရှိ ကာရာအိုကေ၊ အရက်ဆိုင်၊ ဘား၊ နိုက်ကလပ်အစရှိသော ဖျော်ဖြေရေးဆိုင်များကို ည ၁၁ နာရီပိတ်သိမ်းရန် ညွှန်ကြားခဲ့ခြင်းကြောင့် လူအများစုက တုံ့ပြန်ပြောဆိုခဲ့ကြသည်။[၁၀][၁၁]
၂၀၁၆ ခုနှစ် မေလတွင် ဆောက်လုပ်ရေးစီမံကိန်း ၇၀ ကျော်ကို ရပ်နားစေခဲ့သော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။[၁၂] ယင်းအတွက် အိမ်ခြံမြေလုပ်ငန်း ဆောင်ရွက်သူများနှင့် မြေပိုင်ရှင်များ၏ ဝေဖန်မှုများ မြင့်တက်ခဲ့သည်။[၁၃]
၂၀၂၁ ခုနှစ် အာဏာသိမ်းခံရချိန်တွင် ဦးဖြိုးမင်းသိန်းနှင့် ဇနီးအား တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။[၁၄][၁၅] စစ်အစိုးရက ဦးဖြိုးသိန်းအား မဲသမာမှုများအတွက် ဒဏ်ငွေ တစ်သိန်းကျပ်ချမှတ်ကာ လွှတ်ပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အဂတိအမှုတွင် သက်သေအဖြစ် ထွက်ဆိုရန် ခိုင်းစေခဲ့သည်။[၁၆]
၂၀၂၃ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ဦးဖြိုးမင်းသိန်းနှင့် ဗဟိုကော်မတီဝင် သုံးဦးအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပယ်ကြောင်း ပါတီက ကြေညာချက်ထုတ်ခဲ့သည်။.[၁၇]
ဇန်နဝါရီ ၂၀၁၇ တွင် ဦးဖြိုးမင်းသိန်းသည် ရန်ကုန်ဘတ်စကား ဝန်ဆောင်မှုသစ် (YBS) ကို ရန်ကုန်မြို့တွင် စတင်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဧပြီ ၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အမတ်များက YBS စနစ်ကို ပွင့်လင်းမြင်သာစွာ သုံးသပ်ပေးရန် တောင်းဆိုခဲ့သည်။[၁၈] ၂၀၁၇ ခုနှစ် ဧပြီ ၂၄ နှင့် ၂၇ ရက်နေ့များတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် YBS စနစ်အတွက် ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ဦးဖြိုးမင်းသိန်း တက်ရောက်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် လွှတ်တော်အမတ်များက ဦးဖြိုးမင်းသိန်းအား ဝေဖန်ခဲ့ကြသည်။ ဧပြီ ၂၇ တွင် လွှတ်တော် ကိုယ်စားလှယ် ၂၆ ဦးက ဦးဆောင်ဆွေးနွေးသော YBS ပြောင်းလဲရေးအဆိုကို လွှတ်တော်တွင် ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြသည်။[၁၉][၂၀]
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်နယ်နှင့်တိုင်း ၅ ခုစာမျှ ရန်ကုန်တိုင်းအစိုးရမှ ဘဏ္ဍာငွေသုံးစွဲထားပြီး စာရင်းစစ်ချုပ်အစီရင်ခံစာကိုလည်း ထိမ်ချန်ထားသည်ကို တွေ့ရကြောင်း၊ YBS အများပိုင်ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံထားသော ပြည်သူ့ဘဏ္ဍာငွေများ၊ ရန်ကုန်မြို့သစ်စီမံကိန်းအပေါ် ရင်းနှီးမြှုပ်နှံမှုများ၊ တိုင်းအစိုးရ သုံးထားသော ဘီလီယံပေါင်း ၄၀၀ ကျော် သုံးစွဲမှုများ ပါဝင်နိုင်ပြီး အဆိုပါကိစ္စများကို ထိမ်ချန်ထားသည်ကို တွေ့ရကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့ တည်ထောင်သူ ဒေါက်တာညိုညိုသင်းက ပြောကြားခဲ့သည်။ စာရင်းစစ်ချုပ် အစီရင်ခံစာကို ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ တားမြစ်ချက်ကြောင့် ယခင်နှစ်များကကဲ့သို့ ရန်ကုန်တိုင်း လွှတ်တော်တွင် တင်ပြခြင်း မရှိခဲ့ကြောင်း။ လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့ငွေစာရင်းကော်မတီကိုသာ ပေးပို့နိုင်ခဲ့ကြောင်း ဆိုသည်။[၂၁]
စာရင်းစစ်ချုပ် အစီရင်ခံစာဆိုသည်မှာ စာရင်းစစ်ချုပ်က လွှတ်တော်မှတဆင့် ဝန်ကြီးချုပ်ကို အစီရင်ခံခြင်းဖြစ်ကြောင်း၊ ဝန်ကြီးချုပ်က ပြင်ဆင်စရာရှိသည်များကို ကိုယ်တိုင်ကလည်း မပြင်၊ အပြစ်ရှိသူကိုလည်း အရေးမယူနိုင်ဟု ဆိုပါက အဆိုပါဝန်ကြီးချုပ်သည် သမ္မတ၏ အရေးယူခြင်းခံရမည်ဖြစ်ပါကြောင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က ထုတ်ဖော်ဝေဖန်ခဲ့သည်။[၂၁]
COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေချိန် ၂၀၂၀ ပြည့်နှစ် မေလ ၂၄ ရက်တွင် ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် ရန်ကုန်တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများမှာ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းတွင် ရှင်ဥပဂုတ္တမထေရ် ဖောင်ရေချပွဲနှင့် အစ်မတော် မြနန်းနွယ် နန်းဆောင်ရွေ့ပြောင်းခြင်းများပြုလုပ်ခဲ့ရာတွင် လူစုလူဝေးဖြစ်စေပြီး ကိုဗစ်-၁၉ ကာကွယ်ရေး ထိန်းချုပ်ရေး စည်းကမ်းချက်များကို ဝန်ကြီးချုပ်ကိုယ်တိုင် မလိုက်နာသည့်အတွက် အပြင်းအထန်ဝေဖန်ခံနေရသည်။[၂၂][၂၃][၂၄] သို့ရာတွင် ဥပဒေမဲ့ စွပ်စွဲမှုများသာ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြန်လည်ဖြေရှင်းခဲ့သည်။[၂၂][၂၄][၂၅]
ဦးဖြိုးမင်းသိန်းသည် ဒေါ်ခင်မိမိကြွယ်နှင့် ၂၀၀၉ ခုနှစ်တွင် လက်ထပ်ခဲ့သည်။[၂၆]
နိုင်ငံရေးဆိုင်ရာ ရုံးများ | ||
---|---|---|
ယခင်က ဦးမြင့်ဆွေ |
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ၂၀၁၆–၁ ဖေဖော်ဝါရီ ၂၀၂၁ |
တာဝန်ထမ်းဆောင်ဆဲ |