ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် | |
---|---|
အရှေ့တောင်ဘက်တွင် မြန်မာနိုင်ငံ တည်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြေပုံ၊ | |
ဝိသေသလက္ခဏာများ | |
နယ်မြေများ | ဘင်္ဂလားဒေ့ရှ် မြန်မာ |
အလျား | ၂၇၁ ကီလိုမီတာ (၁၆၈ မိုင်) |
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား နိုင်ငံတကာ နယ်စပ်ဖြစ်သည်။[၁] နယ်စပ်မှာ မြောက်ဘက် အိန္ဒိယနိုင်ငံနှင့် သုံးနိုင်ငံဆုံရာနေရာမှ တောင်ဘက် ဘင်္ဂလားပင်လယ်အော်အထိ ၂၇၁.၀ ကီလိုမီတာ (၁၆၈.၄ မိုင်) ရှည်လျားသည်။[၂] နယ်စပ်အလျား ၂၁၀ ကီလိုမီတာ (၁၃၀ မိုင်) မှာ မြန်မာအစိုးရမှ ၂၀၁၇ ခုနှစ်တွင် ခြံစည်းရိုးကာရံထားပြီး ကျန်ရှိနေသော အပိုင်းကိုလည်း ဆက်လက်ကာရံသွားမည်ဟု ကြေညာထားသည်။[၃][၄]
နယ်နိမိတ်သည် မြောက်ဘက်ရှိ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် ဆုံရာတွင် စတင်သည်။ ထို့နောက် တောင်ဘက်ဆီသို့ ဆက်လက်သွားပြီး ပလက်ဝမြို့အနောက်ဘက်တွင် အနောက်ဘက်သို့ လှည့်သွားသည်။ ထို့နောက် နယ်နိမိတ်သည် အနောက်၊ အနောက်မြောက်၊ ထို့နောက် နတ်မြစ်သို့ မရောက်ရှိမီ ကျယ်ပြန့်သော အကွေ့တစ်ခုဖြင့် တောင်ဘက်သို့ ဆက်သွားသည်။ ထို့နောက် နယ်နိမိတ်သည် နတ်မြစ်တလျောက် တောင်ဘက် ဘင်္ဂလားပင်လယ်အော်အထိ ဖြစ်သည်။
သမိုင်းကြောင်းအရ ဤနယ်ခြားဒေသသည် အိန္ဒိယနှင့် မြန်မာအင်ပါယာမျိုးစုံတို့၏ အစွန်းဘက်တွင်ရှိသော ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည့် နယ်မြေတစ်ခုဖြစ်သည်။[၅] ၁၇ ရာစုတွင် ဗြိတိသျှတို့သည် ခေတ်သစ် ဘင်္ဂလားဒေ့ရှ်ဒေသ အပါအဝင် အိန္ဒိယကို စတင်သိမ်းပိုက်ခဲ့ပြီး နိုင်ငံ၏ ဒေသအများစုကို တဖြည်းဖြည်း ဆက်လက်သိမ်းပိုက်ခဲ့ပြီး ဗြိတိသျှအိန္ဒိယကို ထူထောင်ခဲ့သည်။ ၁၈၂၀ ခုနှစ်မှ ၈၀ ခုနှစ်များအတွင်း ဗြိတိသျှသည်လည်း မြန်မာနိုင်ငံကို တဖြည်းဖြည်း သိမ်းပိုက်နိုင်ခဲ့သည်။ ၁၈၂၆ ခုနှစ်တွင် ရန္တပိုစာချုပ်အရ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးဆုံးခဲ့ပြီး မြန်မာသည် အာသံ၊ မဏိပူရ၊ ရခိုင် ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်းတို့ကို ဗြိတိသျှတို့ ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုခဲ့ရသည်။[၆][၇] ၁၈၅၂-၅၃ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် မြန်မာနိုင်ငံ၏ နယ်မြေအများအပြားကို ဗြိတိသျှတို့ ဆက်လက်သိမ်းပိုက်ခဲ့သည်။[၅][၈] ကျန်ရှိသော မြန်မာနိုင်ငံကို ၁၈၈၅ ခုနှစ်တွင် တတိယ အင်္ဂလိပ် - မြန်မာစစ်ဖြင့် သိမ်းပိုက်ခဲ့ပြီး ဗြိတိသျှအိန္ဒိယသို့ ထည့်သွင်းခဲ့သည်။ ၁၈၉၄၊ ၁၈၉၆၊ ၁၉၀၁၊ ၁၉၂၁ နှင့် ၁၉၂၂ တို့တွင် အင်ဒို-မြန်မာနယ်နိမိတ်ကို ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့သည်။[၅]
၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် အိန္ဒိယမှ ခွဲထွက်ပြီး သီးခြား ကိုလိုနီ ဖြစ်လာခဲ့သည်။[၉] ၁၉၄၇ ခုနှစ်တွင် အိန္ဒိယသည် လွတ်လပ်ရေးရခဲ့သော်လည်း အိန္ဒိယနှင့် ပါကစ္စတန်ဟူ၍ နိုင်ငံနှစ်ခုအဖြစ် ခွဲထွက်ခဲ့ပြီး မြန်မာ-အိန္ဒိယ နယ်စပ်၏ တောင်ဘက်စွန်းအပိုင်းသည် မြန်မာနှင့် အရှေ့ပါကစ္စတန် (လက်ရှိ ဘင်္ဂလားဒေ့ရှ်) နယ်စပ် ဖြစ်လာခဲ့သည်။[၅] မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့သည်။[၅] ၁၉၇၁ တွင် ဘင်္ဂလားဒေ့ရှ်သည် စစ်ပွဲအပြီး ပါကစ္စတန်ထံမှ လွတ်လပ်ရေးရခဲ့ပြီး မြန်မာနိုင်ငံနှင့် နယ်စပ်ကို ဆက်လက်အမွေဆက်ခံခဲ့သည်။[၁၀]
ထိုအချိန်မှစ၍ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ စစ်တကောင်း တောင်တန်းဒေသ ပဋိပက္ခ (၁၉၇၇-၁၉၉၇) နှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ပဋိပက္ခများ ကဲ့သို့သော လက်နက်ကိုင် ပဋိပက္ခများကြောင့် နယ်နိမိတ် နယ်မြေ မတည်မငြိမ် ဖြစ်နေသည်။ ယင်းနောက်ပိုင်းတွင် ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားနေသော်လည်း ၂၀၁၆ ခုနှစ်မှ စတင်ကာ ပြင်းထန်သောအဆင့်သို့ ရောက်ရှိခဲ့သည်။ နောက်ဆုံးဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ကျော် ရိုဟင်ဂျာဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။[၁၁] ရိုဟင်ဂျာဒုက္ခသည်များ ရုတ်တရက်ဝင်ရောက်လာချိန်တွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့သည် ၎င်းတို့၏နယ်စပ်များကို ပိတ်ထားရန် သဘောတူညီခဲ့ကြသည်။[၁၂] မြန်မာနိုင်ငံဘက်ခြမ်း မောင်တောခရိုင်တွင် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ ရိုဟင်ဂျာများဖြစ်သည်။[၁၃]
၂၀၁၄ ခုနှစ်တွင် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) လှည့်ကင်းကို ပစ်ခတ်ခဲ့ရာ လူတစ်ဦး သေဆုံးခဲ့သည်။[၁၄][၁၅] ၂၀၁၅ ခုနှစ်တွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တို့အကြား နယ်စပ်တွင် လက်နက်ကိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။[၁၆] ထို့အပြင် နတ်မြစ်ပေါ်ရှိ တံငါသည်များက နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ငါးဖမ်းသည့် ဖြစ်ရပ်များစွာလည်း ရှိခဲ့သည်။[၁၇] ရခိုင်ပြည်နယ် မောင်တောမြို့မှာ မြန်မာရဲကင်းစခန်းတစ်ခုကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို မြန်မာလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု Prothomalo သတင်းတွင် ဖော်ပြခဲ့သည်။[၁၈]
လက်ရှိတွင် နယ်စပ်ကို ပိတ်ပင်ထားသည်။[၁၉] ၂၀၂၄ ခုနှစ်၊ မေ ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့မှ ၃ မိုင်လောက်အကွာမှာရှိသည့် စကခ ၁၅ ဌာနချုပ်ကို အေအေက ၁ လလောက် ထိုးစစ်ဆင်တိုက်ခိုက်အပြီး ၎င်းဌာနချုပ်နှင့် ခမရ ၅၅၁၊ ခမရ ၅၆၅ တပ်ရင်းတို့ကို အပြီးသတ်သိမ်းပိုက်ခဲ့သည်။
ဤတိုက်ပွဲများအတွင်း မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင် ၂၆၄ ဦးထက်မနည်းသည် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ထံ လက်နက်ချ ခိုလှုံမှုများ ရှိခဲ့သည်။ အာရက္ခတပ်တော် က မောင်တောမြို့ရှိ စစ်ကောင်စီ၏ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းကို ဒီဇင်ဘာ ၈ ရက် က အပြီးသတ် သိမ်းပိုက်ခဲ့သည်။
ဒေသအတွင်း မတည်ငြိမ်သော အခြေအနေများစွာ ဖြစ်နေပြီး အကြမ်းဖက်မှု ၊ လူပြန်ပြေးဆွဲမှု ၊ တရားမဝင်နယ်စပ် ဖြတ်ကျော်မှု နှင့် ဘာသာရေး အစွန်းရောက်များ၏လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းမှုများကြောင့် "အာရက္ခပြည်" ရေပိုင်နက် အတွင်း ရေကြောင်းခရီးသွားလာမှု အားလုံးကို အချိန်၊ ရက် အကန့်အသတ်မရှိ ပိတ်ပင်တားမြစ် လိုက်ကြောင်း ဒီဇင်ဘာ ၉ ရက်က မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ အာရက္ခတပ်တော် က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် ကြေညာချက် ထုတ်ပြန်သည့် ဒီဇင်ဘာ ၉ ရက်မှ စပြီး ကီလိုမီတာ ၂၇၀ အရှည်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေတဲ့ မြန်မာဖက်ခြမ်း နယ်စပ်တခုလုံးကို အာရက္ခတပ်တော် အေအေ က လက်ရှိ အချိန်အထိ ထိန်းချုပ်ထားဆဲဖြစ်သည်။