နရမိတ်လှ မင်းစောမွန် | |||||
---|---|---|---|---|---|
ရခိုင်ဘုရင် | |||||
နန်းသက် | ၁၈ ဧပြီ ၁၄၂၉ – ၉ မေ ၁၄၃၃ | ||||
ရှေ့မင်းဆက် | နန်းတော်အသစ် | ||||
ဆက်ခံသူ | မင်းခရီ | ||||
ရခိုင်ဘုရင် | |||||
နန်းသက် | ဧပြီ ၁၄၀၄ – ၂၉ နိုဝင်ဘာ ၁၄၀၆ | ||||
ရှေ့မင်းဆက် | သိင်္ခသူ | ||||
ဆက်ခံသူ | အနော်ရထာမင်းစော (အင်းဝ သစ္စာခံ) | ||||
မွေးဖွား | ၁၃၈၀/၈၁ မြန်မာသက္ကရာဇ် ၇၄၂၊ ကြာသပတေး လောင်းကြက်မြို့ | ||||
ကွယ်လွန် | ၉ မေ ၁၄၃၃ (အသက် ၅၃) မြန်မာသက္ကရာဇ် ၇၉၅၊ ကဆုန်လဆုတ် ၆ ရက် မြောက်ဦးမြို့ | ||||
ကြင်ရာတော် | စောစစ် စောပုညို စောပျောက် | ||||
သားသမီးများ | သားတော် - မင်းကျော်၊ မင်းမန်ဒိတ်၊ မင်းမွန်သင်း သမီးတော် - စောပုရွှေ၊ စောပျို | ||||
| |||||
စံအိမ် | အလောမဖြူ | ||||
ခမည်းတော် | ဒုတိယ ရာဇသူ[၁] | ||||
မယ်တော် | စောညက်ထွား[၁] | ||||
ကိုးကွယ်မှု | ထေရဝါဒ ဗုဒ္ဓဘာသာ |
နရမိတ်လှ မင်းစောမွန် (ရခိုင်အသံထွက်: [máɰ̃ sɔ́ mʊ̀aɰ̃]; (၁၃၈၀–၁၄၃၃) သည် ရခိုင်ဘုရင်နိုင်ငံ လေးမြို့ခေတ် လောင်းကြက်နေပြည်တော်၏ နောက်ဆုံးမင်းဆက် ဖြစ်ပြီး မြောက်ဦးနေပြည်တော်ကို တည်ထောင်ခဲ့သူ ဖြစ်သည်။
သက္ကရာဇ် ဧပြီ ၁၄၀၄ ခုနှစ်တွင် ဘုရင်အဖြစ် ရရှိခဲ့ပြီး ၂၉ နိုဝင်ဘာ ၁၄၀၆ ခုနှစ်တွင် အင်းဝနေပြည်တော် အိမ်ရှေ့မင်းသားမင်းရဲကျော်စွာနှင့် စစ်ပွဲဖြစ်ပွားခဲ့ရာမှ လောင်းကြက်မှ ထွက်ပြေးခဲ့ရသည်။ မင်းစောမွန်သည် ဘင်္ဂလား စူလတန်တို့ထံတွင် ခိုလှုံခဲ့ကာ နောက်ပိုင်းတွင် စူလတန် ဂျလာလူဒင် မိုဟာမက်ရှ ထံတွင် စစ်မှုထမ်းခဲ့သည်။ ၁၄၂၉ ခုနှစ်တွင် စူလတန်၏ အကူအညီဖြင့် ရခိုင်ထီးနန်းကို ပြန်လည်သိမ်းပိုက်ခဲ့သည်။ ၁၄၃၀ ခုနှစ်တွင် မင်းစောမွန်သည် အချက်အခြာကျသော မြောက်ဦးမြို့တော်ကို တည်ထောင်ခဲ့သည်။ မင်းစောမွန်သည် ၁၄၃၃ ခုနှစ်တွင် ကွယ်လွန်ခဲ့ပြီး ညီတော်ဖြစ်သူ မင်းခရီက ထီးနန်းကို ဆက်ခံခဲ့သည်။
မင်းစောမွန်သည် ၁၃၈၀/၈၁ ခုနှစ်၊ မြန်မာသက္ကရာဇ် ၇၄၂ ကြာသပတေးနေ့တွင် အဖ ဘုရင်ဒုတိယ ရာဇသူနှင့် အမိ မိဖုရား စောညက်ထွားတို့မှ လောင်းကြက်နေပြည်တော် (ယနေ့ခေတ် ရခိုင်ပြည်နယ် မြောက်ပိုင်း)တွင် မွေးဖွားခဲ့သည်။ ခမည်းတော် ဘုရင်ရာဇာသူ သည် ထီးနန်းကို ၁၃၉၄ ခုနှစ်တွင် ရခဲသောလည်း ၁၃၉၅ ခုနှစ်တွင် ရာထူးမှဆင်းသက်ခဲ့သည်။ ၁၃၉၇ ခုနှစ်တွင် ထီးနန်းပြန်ရခဲပြီး ၁၄၀၁ ခုနှစ် ကွယ်လွန်ချိန်အထိ ထီးနန်းစံခဲသည်။ ညီတော်သိင်္ခသူ သည် ရာဇာသူကို ဆက်ခံခဲ့ပြီး ၁၄၀၄ ခုနှစ်တွင် ကွယ်လွန်ချိန်အထိ ထီးနန်းစံခဲပြင်သည်။[၁]
၁၄၀၄ ခုနှစ် ဧပြီတွင် မင်းစောမွန် ထီးနန်းဆက်ခံသောအခါ ရခိုင်ပြည်သည် ဆယ်စုနှစ် သုံးစုတွင် အားအနည်းဆုံး ဖြစ်နေခဲ့သည်။ နိုင်ငံရေးမတည်ငြိမ်မှုများနှင့်အတူ အရှေ့ဘက်မှ အင်းဝနှင့် ဟံသာဝတီပဲခူးတို့၏ နှောင့်ယှက်မှုကိုလည်း ခံနေရသည်။ ၁၃၇၃/၇၄ (မြန်မာသက္ကရာဇ် ၇၃၅)တွင် လောင်းကြက်ခုံရုံးသည် အင်းဝမှ ဒုတိယစောမွန်ကို မြို့စားအဖြစ် လက်ခံခဲ့သည်။ စောမွန်သည် ၁၃၈၁ ခုနှစ်တွင် ကွယ်လွန်ခဲ့သော်လည်း ဆက်ခံသူ သားသမီးမကျန်ရစ်ပေ။ အင်းဝမှ အခြားအမတ်တစ်ဦးကို စေလွှတ်ခဲ့ရာ အာဏာရှင်ဆန်သဖြင့် လောင်းကြက်ခုံရုံးက ၁၃၈၅/၈၆ တွင် မောင်းထုတ်ခဲ့သည်။ ၁၃၈၅/၈၆ ခုနှစ်မှ ၁၄၀၄ အထိ ရခိုင်ထီးနန်းသည် အင်းဝနှင့် ပဲခူးတို့မှ ထောက်ခံသူများသာ ဖြစ်ခဲ့သည်။[၂]
စောမွန်၏ နန်းသက်တွင် တိုင်းပြည်သည် အင်းဝနှင့် ပဲခူးတို့၏ အနှစ်လေးဆယ်စစ်တွင်းသို့ ပါဝင်ခဲ့ရသည်။ ၁၄၀၆ ခုနှစ် နိုဝင်ဘာတွင် အင်းဝဘုရင်မင်းခေါင်သည် သားတော် အိမ်ရှေ့စံ မင်းရဲကျော်စွာကို ဦးဆောင်စေကာ တပ်များကို ရခိုင်သို့ စေလွှတ်ခဲ့သည်။ ၁၄၀၆ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် (မြန်မာသက္ကရာဇ် ၇၆၈၊ နတ်တော်လဆုတ် ၅ ရက်၊ တနင်္လာနေ့) တွင် အင်းဝတပ်များသည် လောင်းကြက်ကို သိမ်းပိုက်ခဲ့သည်။[၃] ဘုရင်မင်းခေါင်သည် ကလေးမြို့စား အနော်ရထာမင်းစောကို လောင်းကြက်မြို့အား စားစေကာ ရခိုင်ဘုရင်အဖြစ် တင်မြှောက်ခဲ့သည်။[၂]
မင်းစောမွန်သည်လည်း ဘင်္ဂလားသို့ ထွက်ပြေးခိုလှုံခဲ့ရသည်။
အင်းဝနှင့် ပဲခူးတို့၏ စစ်ပွဲများအကြား ရခိုင်သည် နောက်ထပ် ခြောက်နှစ်ကြာမျှ စစ်မြေပြင်ဖြစ်ခဲ့သည်။ ၁၄၁၂ တွင် ပဲခူးက ရခိုင်အထက်ပိုင်းကို ရရှိခဲ့ကာ လောင်းကြက်နှင့် သံတွဲမြို့များတွင် အုပ်ချုပ်သူများ ခန့်ထားခဲ့သည်။ အင်းဝတပ်များသည် ၁၄၁၃ တွင် ရခိုင်မြောက်ပိုင်း ခွေးသင်းတောင်တွင် တပ်စွဲခဲ့သော်လည်း အင်းဝနေပြည်တော်သည် ပဲခူးတပ်များအား အပြီးသတ်နှိမ်နင်းရန် ကြိုးပမ်းခဲ့သဖြင့် အနောက်ပိုင်းဒေသသည် အရံမျှသာ ဖြစ်ခဲ့သည်။ ၁၄၁၆ တွင် ဒေသခံ မြောက်ပိုင်းရခိုင်များက ခွေးသင်းတောင်ရှိ အင်းဝတပ်များအား နှင်ထုတ်ခဲ့သည်။[၄] ၁၄၂၁ တွင် ရာဇဓိရာဇ် ကွယ်လွန်ချိန်အထိ ရခိုင်သည် တကွဲတပြားဖြစ်ခဲ့သည်။[၂] သစ္စာခံမင်းသည် ရာဇဓိရာဇ် နောက်တက်သော ဘုရင်အား ဆက်လက်ဩဇာခံမခံသည်ကား မသိရပေ။ ရခိုင်ရာဇဝင်ကျမ်းဖြစ်သော ရခိုင်ရာဇဝင်သစ်တွင် လောင်းကြက်နှင့် သံတွဲတို့တွင် မြိုးစားနှစ်ဦးရှိကြောင်း ဖော်ပြထားသည်။[၄]
စူလတန်ထံတွင် အမှုထမ်းခဲ့ရာတွင် နာမည်ကောင်းရခဲ့ကာ စူလတန်နှင့် ရင်းနှီးမှု ရခဲ့သည်။ ရခိုင်ထီးနန်းအား ပြန်လည်သိမ်းပိုက်ရန် စူလတန်ထံ အကူအညီတောင်းခဲ့ရာ လက်ခံခဲ့သည်။ ၁၄၂၉ ခုနှစ် ဖေဖော်ဝါရီ/မတ် (မြန်မာသက္ကရာဇ် ၇၉၀၊ တပေါင်းလ)တွင် [၅] အာဖဂန်သားအများစုပါဝင်သော တပ်ဖြင့် ရခိုင်ကို တိုက်ခိုက်ခဲ့သည်။[၆] သို့သော်လည်း ပထမအကြိမ် လောင်းကြက်သို့ လာရာလမ်းတွင် မင်းစောမွန်သည် ဘင်္ဂလားစစ်သူကြီး ဝလီခန်းနှင့် ကတောက်ကဆဖြစ်ကာ အကျဉ်းချခံရသည်။ မင်းစောမွန်အား ညီတော် မင်းခရီက မင်းစောမွန်အား ကယ်တင်ခဲ့ပြီးနောက် စူလတန်ထံ နောက်တစ်ဖန် အကူအညီတောင်းယူခဲ့သည်။ ဒုတိယအကြိမ်တွင် အောင်မြင်ခဲ့ပြီး မင်းစောမွန်သည် ၁၄၂၉ ခုနှစ် ဧပြီလ ၁၈ ရက် (မြန်မာသက္ကရာဇ် ၇၉၁၊ ကဆုန်လဆုတ် ၁ ရက်)နေ့တွင် လောင်းကြက်ထီးနန်းကို ပြန်လည်သိမ်းပိုက်ခဲ့သည်။ (အင်းစောက်ရာဇဝင် ကဲ့သို့သော အချို့သော ရခိုင်ရာဇဝင်ကျမ်းများတွင် ဒုတိယအကြိမ်သိမ်းပိုက်ခြင်းအား ၁၄၃၀ ခုနှစ်ဟု ဖော်ပြကြသည်။)[၅]
မင်းစောမွန်သည် ရခိုင်ဘုရင် ဖြစ်လာခဲ့သော်လည်း ဘင်္ဂလား၏ သစ္စာခံသာ ဖြစ်ခဲ့သည်။ သူ၏ ပိုင်နက်မှာ ရခိုင်မြောက်ပိုင်းထိသာဖြစ်ပြီး တောင်ပိုင်းရခိုင်ဒေသ သံတွဲမှာ လွတ်လပ်သော နေရာတစ်ခု ဖြစ်နေခဲ့သည်။ မင်းစောမွန်သည် လောင်းကြက်မြို့မှ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ပြီး လောင်းကြက်မှ မနီးမဝေးနှင့် ဗျူဟာကျသော၊ ကျူးကျော်သူတို့ တိုက်ခိုက်ရန် ခက်ခဲသော နေရာကို ရွေးချယ်ခဲ့ရာ ၁၄၃၀ ခုနှစ် နိုဝင်ဘာလ ၁၆ ရက် (မြန်မာသက္ကရာဇ် ၇၉၂၊ နတ်တော်လဆန်း ၁ ရက်၊ တနင်္ဂနွေနေ့)တွင် မြောက်ဦးမြို့ကို တည်ထောင်ခဲ့သည်။[၇] (သို့မဟုတ် ၁၄၈၀ ခုနှစ် ဩဂုတ်လ ၂၀ ရက်၊ မြန်မာသက္ကရာဇ် ၇၉၂၊ တော်သလင်းလဆန်း ၁ ရက်၊ တနင်္ဂနွေနေ့)[၈]
ရခိုင်ရာဇဝင်ကျမ်းများ အဆိုအရ နန်းတွင်းသမားဟူးရားများက ဘုရင်သည် မြို့တော်အသစ်တည်ပြီး တစ်နှစ်အတွင်း ကွယ်လွန်လိမ့်မည်ဟု သတိပေးခဲ့ကြသည်။ အားနည်းသော တိုင်းပြည်တွင် ကြာရှည်စိုးစံရသည်ထက် လုံခြုံသော တိုင်းပြည်တွင် သေရသည်က ပိုကောင်းသည်ဟု မင်းစောမွန်က ပြန်လည်တုံ့ပြန်ခဲ့သည်။ မြို့တော်ပြီးစီးသည့် ၁၄၃၂/၃၃ (မြန်မာသက္ကရာဇ် ၇၉၄) တွင် မြို့တော်သစ်သို့ ပြောင်းရွှေ့ခဲ့သည်။ မြောက်ဦးနန်းတော်၏ မြောက်ဘက်မိုင်အနည်းငယ်အကွာတွင် လေးမျက်နှာ ပုထိုးတော်ကြီးကိုလည်း မြို့တည်ဘုရားအဖြစ် တည်ဆောက်ခဲ့သည်။[၉]
မင်းစောမွန်သည် ၁၄၃၃ ခုနှစ် မေလ ၉ ရက်နေ့ (မြန်မာသက္ကရာဇ် ၇၉၅၊ ကဆုန်လဆုတ် ၆ ရက်၊ စနေနေ့)တွင် ကွယ်လွန်ခဲ့သည်။[note ၁] မင်းစောမွန် လွန်ပြီးနောက် ညီတော် မင်းခရီ ကထီးနန်းကို ဆက်ခံခဲ့သည်။ ကွယ်လွန် ချိန်တွင် အသက် ၅၃နှစ် ရှိပြီဖြစ်သည်။
မင်းစောမွန် မွေးဖွား ၁၃၈၀ ကွယ်လွန် ၉ မေ ၁၄၃၃
| ||
Regnal titles | ||
---|---|---|
ယခင်က None |
ရခိုင်ဘုရင် ၁၈ ဧပြီ ၁၄၂၉ – ၉ မေ ၁၄၃၃ |
ဆက်ခံသူ မင်းခရီ |
ယခင်က သိင်္ခသူ |
လောင်းကြက် ဘုရင် ဧပြီ ၁၄၀၄ – ၂၉ နိုဝင်ဘာ ၁၄၀၆ |
ဆက်ခံသူ ဖျက်သိမ်း |