မန္တလေး (ကဗျာ)

ဘုရားမှ မော်လမြိုင်မြို့မြင်ကွင်း၊ ဗြိတိသျှဓာတ်ပုံဆရာ ဆမ်မြူယယ်လ် ဘောန်၏လက်ရာ ၁၈၇၀။

"မန္တလေး"ကဗျာသည် ရတ်ဒ်ယတ် ကစ်ပလင် ဖွဲ့ဆိုခဲ့၍ ၁၈၉၀ တွင်[မှတ်စု ၁] စတင်ထုတ်ဝေခဲ့ကာ ၁၈၉၂ တွင် ထွက်ရှိသော "စစ်တန်းလျားမှ ဇာတ်လမ်းကဗျာများနှင့် အခြားကဗျာများ" (Barrack-Room Ballads, and Other Verses) တွင်လည်း ပါဝင်ခဲ့သည်။ ကဗျာသည် ရှေးယခင် ဗြိတိသျှ-အိန္ဒိယနယ်မြေ၏ အပိုင်းဖြစ်သော ကိုလိုနီခေတ်မြန်မာနိုင်ငံ (ယခင်အသုံး - ဗမာ) ကို ဇာတ်အိမ်တည်၍ ဖွဲ့ဆိုထားသည်။ ကဗျာတွင်ပါဝင်သော ဇာတ်ကောင်သည် လန်ဒန်အရှေ့ပိုင်းသား (Cockney- ကော့ခ်နီ) အလုပ်သမားလူတန်းစား စစ်သားတစ်ဦး၏ ငြီးငွေ့ဖွယ် ကျပ်ကျပ်တည်းတည်းဖြစ်နေရှာသော လန်ဒန်မြို့ကို ပြန်လည်ရောက်ရှိအပြီး မြန်မာ့မြေတွင် လွတ်လွတ်လပ်လပ်ရှိခဲ့ပုံ၊ မြန်မာမိန်းကလေးတစ်ဦးနှင့် ချစ်သူဖြစ်ခဲ့ပုံများကို ပြန်ပြောင်းအောက်မေ့သည့်ပုံစံ၊ ယခုတွင် အလွန်အလှမ်းကွာဝေး၍ မရောက်နိုင်တော့ပြီဖြစ်ကြောင်းကို ပုံဖော်ပြောပြသည့် ကဗျာဖြစ်သည်။[]

ကဗျာသည် လူသိများထင်ရှားလာခဲ့၏ ။ အထူးသဖြင့် ဤကဗျာကို အိုလီ စပိ(ခ်စ်) (Oley Speaks) က ၁၉၀၇ တွင် ဂီတအဖြစ်ဖန်တီးလိုက်သည့်နောက် ပို၍ လူသိများလာခဲ့သည်။[] ကဗျာကို ကစ်ပလင်၏ ခေတ်ပြိုင်ပုဂ္ဂိုလ်များက နှစ်ခြိုက်ခဲ့ကြပေသည်။ သို့ရာ၌ အချို့သူများက ကဗျာတွင်ပါဝင်သော တည်နေရာများ၏ ကမောက်ကမဖြစ်မှုနေမှုကိုကား ကန့်ကွက်ပြောဆိုမှုများရှိကြ၏ ။[] ကဗျာကို "ဗြိတိသျှအင်ပါယာဘက်တိမ်းသော ဖွဲ့နွဲ့ရေးစပ်မှု" ဟူ၍ ဝေဖန်ခံရခဲ့သော်လည်း[] များမကြာမီအချိန်က ကစ်ပလင်၏ အတ္ထုပ္ပတ္တိရေးသူ ဆာ ဒေးဗစ် ဂီလ်မောရ် (Sir David Gilmour) နှင့် အခြားသူများက ထိုသို့မဟုတ်ကြောင်း ခုခံချေပသည်။ အခြားဝေဖန်ရေးဆရာများက ကဗျာတွင်ပါရှိသော ကြောင်းရာများကို ထွေလာဆန်းပြားသည့် ကာမရမက်ဆန်သည်၊ ဝိတိုရိယခေတ်၏ လိင်ပိုင်းဆိုင်ရာအရေးအသားဖြစ်သည်၊ ချစ်မှုရေးရာအဖွဲ့ဖြစ်သည်၊ အဆင့်အတန်း၊ ရာထူးအာဏာ၊ ကျားမ ခွဲခြားမှုပါဝင်သည် ဟူ၍ခွဲခြားဖော်ပြကြသည်။[][]

စပိ(ခ်စ်)၏ ဂီတတေးသွားနှင့်အတူ သီချင်းကို အမေရိကန်အဆိုတော် ဖရန့်ခ် ဆင်နားတာက ကဗျာပါ "girl" နေရာတွင် "broad" ဟူ၍ ပြောင်းလဲသီဆိုထားကာ ထိုပြောင်းလဲမှုကို ကစ်ပလင်မိသားစုက မနှစ်ခြိုက်ခဲ့ကြပေ။ ကာ့တ် ဗာယီလ် (Kurt Weill) က ဂီတသံစဉ်ထည့်ကာ ဘားတော့(လ်တ်) ဘရက်(ချ်တ်) (Bertolt Brecht) စာသားထည့်သွင်းထားသော မန္တလေးသီချင်း (Mandalay Song) သည်လည်း ဤကဗျာကို ရည်ညွှန်းသီဆိုခြင်းပင်ဖြစ်သည်။

ဖြစ်ပေါ်လာမှု

[ပြင်ဆင်ရန်]
"မော်လမြိုင်က ဘုရားအို"။ မော်လမြိုင်မြို့၏ တောင်ကုန်းတစ်ခုရှိ ဗုဒ္ဓစေတီတော်တစ်ဆူ။

နောက်ခံ

[ပြင်ဆင်ရန်]

ကဗျာခေါင်းစဉ်ဖြစ်သည့် မန္တလေးသည် ကုန်းဘောင်ခေတ် နောက်ဆုံးမင်းဆက်များ၏ မြို့တော်ဖြစ်ကာ ထိုစဉ်က မြန်မာနိုင်ငံသည် ၁၈၈၆ မှ ၁၉၃၇ အထိ ဗြိတိသျှ-အိန္ဒိယ၏ အစိတ်အပိုင်း၊ ၁၉၃၇ မှ ၁၉၄၈ အထိ ဗြိတိသျှ၏ တိုက်ရိုက်အုပ်ချုပ်နယ်မြေ ဖြစ်ခဲ့သည်။ ကဗျာတွင် "old Moulmein pagoda - မော်လမြိုင်က ဘုရားအို" ဟူ၍ ရေးသားထားကာ မော်လမြိုင်သည် မုတ္တမပင်လယ်ကွေ့၏ အရှေ့ဘက်ကမ်းရိုးတန်း၌တည်ရှိကာ ထိုခေတ်အခါက အင်္ဂလိပ်လက်အောက်တွင်ဖြစ်သည်။ မြန်မာ၌ စခန်းချလျက် ရှိကြသော ဗြိတိသျှစစ်သည်များသည် ဧရာဝတီ ဖလော်တီလာ ကုမ္ပဏီက ပြေးဆွဲသော ရေနွေးငွေ့တလူလူ ဒလက်သင်္ဘောကြီးများဖြင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်သို့ အစုန်အဆန် ခရီးဆန့်လျက် ရှိခဲ့ကြသည်။ ရန်ကုန်မှ မန္တလေးသို့ ၄၃၅ မိုင် (၇၀၀ ကီလိုမီတာ) ခရီးအကွာအဝေးရှိ၍ ၁၈၈၅ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအတွင်း ဗြိတိသျှ နှင့် အိန္ဒိယ စစ်သား (၉,၀၀၀) တို့ကို ထို ရေနွေးငွေ့ဒလက်သင်္ဘောများ၊ အခြားမော်တော်ဘုတ်များဖြင့် ရန်ကုန်မှ မန္တလေးသို့ ပို့ဆောင်ခဲ့ကြသည်။ ထိုရေနွေးငွေ့သင်္ဘောကြီးများကို ကဗျာတွင် "the old flotilla" ဟူ၍ ကဗျာဆရာက သုံးနှုန်းထားသည်။ မြန်မာနိုင်ငံတွင် ပြောက်ကျားသဏ္ဌာန်စစ်ပွဲများလည်းဖြစ်ပွားခဲ့ကြပြီး ထို့နောက် မန္တလေးနန်းတော်ကို သိမ်းပိုက်နိုင်ခဲ့ကြကာ ဗြိတိသျှတပ်ရင်းများသည် မြန်မာပြည်၌ နှစ်အနည်းငယ်ကြာသည်အထိ နေထိုင်စခန်းချခဲ့ကြသည်။[][]

"ဖလော်တီလာတွေရှိရာ" ။ ဗြိတိသျှစစ်သားများသည် မန္တလေးမြို့၌ ရေနွေးငွေ့တလူလူဝေသော ဒလက်သင်္ဘောများမှ ကမ်းသို့ဆင်းနေကြစဉ်၊ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ အတွင်း ၁၈၈၅ နိုဝင်ဘာ ၁၈

ကဗျာဆရာ ကစ်ပလင်သည် ထိုခေတ်အခါက မင်းမျိုးမင်းနွယ်များကို ဖော်ပြသုံးနှုန်းရာ၌ "An' 'er name was Supi-yaw-lat - - jes' the same as Theebaw's Queen." (သူ့ရဲ့အမည် စုဖုရားလတ်တွင်၊ သီပေါဘုရင် နန်းထိပ်ခေါင်တင်တဲ့) ဆိုသည့် စာသားများဖြင့် သုံးစွဲထားသည်။ သီပေါမင်းသည် ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးဘုရင်တစ်ပါးဖြစ်ပြီး မန္တလေးတွင် နန်းစိုက်သည်။ မင်းတုန်းမင်း၏ မိဖုရားခေါင် ဆင်ဖြူမရှင် ကြံစည်သော သွေးချောင်းစီးသည့် နန်းလုပွဲတွင် သီပေါမင်းသား ဘုရင်ဖြစ်လာသည်။ ထိုသို့ ဘုရင်မဖြစ်မီတွင် နှမဝမ်းကွဲတော်သူ(ဖအေတူအမေကွဲ) စုဖုရားလတ်နှင့် ၁၈၇၈ တွင် လက်ထပ်သဘင် ဆင်ယင်ခဲ့ကြသည်။ သီပေါဘုရင်သည် ပြုပြင်ပြောင်းလဲမှုအတော်များများကို ဖော်ဆောင်ခဲ့သော်လည်း ၁၈၂၄ ကတည်းက ဗြိတိသျှတို့ သိမ်းယူထားပြီးသည့် အောက်ပြည်ကို ပြန်လည်ရရှိရန်အတွက် ကြိုးပမ်းမှုအမှားတစ်ခု ပြုမိခဲ့လေသည်။ အဆုံးသတ်ရလဒ်သည်ကား ဗြိတိသျှတို့၏ ကျူးကျော်ခြင်းခံခဲ့ရ၍ သီပေါမင်းနှင့် စုဖုရားလတ်တို့အား အိန္ဒိယသို့ ပို့ဆောင်ခဲ့ကြသည်။ ထို့ကြောင့်ပင် သီပေါမင်းနှင့် စုဖုရားလတ်တို့၏ အမည်များသည် ကဗျာ၌ပါဝင်သော ဗြိတိသျှစစ်သားအတွက် ရင်းနှီးကျွမ်းဝင်ကြသည့် အမည်များပင်ဖြစ်သည်။[][၁၀][၁၁]

ရေးသားခြင်း

[ပြင်ဆင်ရန်]

ကစ်ပလင်၏ မန္တလေးကဗျာကို ၁၈၉၀ မတ် နှင့် ဧပြီကြားတွင် ရေးသားခဲ့ကာ ယင်းအချိန်၌ ကဗျာဆရာသည် အသက် (၂၄) နှစ်ရှိပြီဖြစ်သည်။ ၁၈၈၉ အောက်တိုဘာလ၌ အင်္ဂလန်သို့ ပြန်ရောက်ခဲ့ပြီး ယခင်က အိန္ဒိယတွင် ခုနစ်နှစ်ကြာနေထိုင်ခဲ့ဖူးသည်။ အိန္ဒိယ၌ရှိစဉ် အရှေ့ဘက်တလွှားသို့ သွားသည့်လမ်းကြောင်းကိုသုံး၍ ကာလကတ္တားမြို့မှ ဂျပန်နိုင်ငံ၊ ထိုမှနေ၍ အမေရိကသို့ဖြတ်၍ အိမ်ပြန်ခရီးစဉ်ကို မိတ်ဆွေဖြစ်သူ အဲလက်စ်၊ တဒ်ဟီးလ် တို့နှင့်အတူ ရေနွေးငွေ့သင်္ဘောဖြင့် ခရီးနှင်ခဲ့ကြလေရာ ရန်ကုန်သည် ကာလကတ္တားမှ ပထမဆုံး ခေတ္တဆိုက်ကပ်သော ဆိပ်ကမ်းဖြစ်ခဲ့ကာ ထို့နောက် မော်လမြိုင်တွင် မစီစဉ်ထားသော ဆိုက်ကပ်ရပ်နားမှုတစ်ခု ရှိခဲ့သည်။[] ထိုသို့ရောက်စဉ် ကစ်ပလင်က ဗမာမိန်းကလေးများ၏ အလှတရားသည် ၎င်းကို နှစ်ခြိုက်တိမ်းမူးစေခဲ့သည်ဟု ယခုလို ရေးသားထားခဲ့၏ ။[၁၂] -

စဦးထင်မြင်ခံစားချက်ကနေ ဖြစ်လာတဲ့ မျက်ကန်းနှစ်ခြိုက်မှုနဲ့ကို ကျုပ်က ဗမာတွေကို ချစ်တာဗျ၊ ကျုပ်သေတဲ့အခါ ကျုပ်က ဗမာတစ်ယောက်ဖြစ်သွားလိမ့်မယ် ... ပြီးတော့ အသားတော်ညိုပြာညက် ခပ်လှလှမိန်းကလေးတစ်ဦးနဲ့အတူ ဟိုဟိုဒီဒီ လမ်းလျှောက်ကြမယ်။ မိန်းကလေးက ဟာသလေးတွေပြောလိုက် ရယ်လိုက်နဲ့ပေါ့။ သူစိမ်းယောက်ျားတစ်ယောက်က ကြည့်နေတဲ့အခါ ဆာရီကို ခေါင်းပေါ် ဆွဲတင်ပြီး နောက်ကနေမှ ကြာပေးပြီး စိုက်ကြည့်နေမယ့် မိန်းကလေးမျိုးလည်းမဟုတ်ပေဘူး။ ကျုပ်လမ်းလျှောက်တဲ့အခါ နောက်ကနေ လေးတွဲတွဲနဲ့ လျှောက်တဲ့သူမျိုးလည်းမဟုတ်ပြန်ဘူး။ ဘာလို့လဲဆိုတော့ ဒါတွေက အိန္ဒိယဓလေ့ထုံးစံတွေလေ။ ကျုပ်ပြောတဲ့ မိန်းကလေးကတော့ မျက်လုံးနှစ်လုံးကြားက မြင်မြင်သမျှအရာအားလုံးကို ကြည့်နေမှာ၊ ရိုးဂုဏ်ရယ် ခင်စရာကောင်းတဲ့စိတ်တွေနဲ့ ကြည့်နေတာမျိုးပေါ့ဗျာ။ အဲ ... ဂေါဖီရွက်လိုလိုဟာတွေပတ်ထားတဲ့ ဆေးပြင်းလိပ်တိုတိုကြီးသောက်ပြီး သူ့ရဲ့ပါးစပ်ကို အလှပျက်စေမဲ့အလုပ်မျိုး မလုပ်မိအောင်တော့ သွန်သင်ရမယ်။ အဲဒီဆေးပြင်းလိပ်အစား အီဂျစ်ရဲ့ အကောင်းဆုံးတံဆိပ် စီးကရက်လေးတွေပဲ သောက်ပါလို့ ပြောပြရဦးမယ်။[၁၂]

ကစ်ပလင်က ၎င်းမော်လမြိုင်တွင် ရှိခဲ့စဉ် ၎င်းကဗျာကြောင့် ကျော်ကြားလာမည့် ဘုရားကို သတိမမူမိခဲ့ဘဲ ထိုဘုရားလှေကားထစ်များမှ မြန်မာအလှမယ်လေး၏ အလှတရားကြောင့် ကြွေဆင်းခဲ့သည်ဟု ဆိုခဲ့သည်။ ထိုခေတ်အခါက ဗမာအမျိုးသမီးများ၏ အလှအပကို အနောက်တိုင်းသားများက ရည်ညွှန်းပြောဆိုရေးသားမှုများရှိခဲ့ကြသည်။[၁၃]

ထုတ်ဝေခြင်း

[ပြင်ဆင်ရန်]

မန္တလေးကဗျာသည် ပွဲဦးထွက်အနေဖြင့် "Scots Observer" သတင်းစာ/ဂျာနယ် တွင် ၁၈၉၀ ဇွန် ၂၁ ၌ ပါဝင်ခဲ့သည်။[] စာအုပ်အနေဖြင့် ပထမဆုံးပါဝင်မှုမှာ စစ်တန်းလျားမှ ဇာတ်လမ်းကဗျာများနှင့် အခြားကဗျာများ" စာအုပ်၌ ၁၈၉၂ တွင် ပါဝင်လာခဲ့သည်။[] ထို့နောက်ပိုင်းတွင် ကစ်ပလင်၏ ကဗျာပေါင်းချုပ်စာအုပ်များတွင်လည်းပါဝင်ခဲ့ရာ အမည်အားဖြင့် ၁၉၀၀၌ ထွက်ရှိသော "အစောပိုင်းကဗျာများ" (Early Verse) ၊ ၁၉၁၉ တွင် ထုတ်ဝေသော "ကဗျာပေါင်းချုပ်" (Inclusive Verse) ၊ ၁၉၄၀ တွင် ဖြန့်ချိခဲ့သော "အကောင်းဆုံးကဗျာများ" (Definitive Verse) စာအုပ်တို့တွင်ဖြစ်သည်။ ထို့အပြင် ၁၉၃၆ ၌ ထွက်ရှိသော "ကဏ္ဍစုံလင် ကစ်ပလင်" (A Kipling Pageant) နှင့် ၁၉၄၁ တွင် ထွက်ရှိသော တီ အက်စ် အဲလိယတ် (T. S. Eliot) ၏ "ကစ်ပလင်ကဗျာများမှ စိတ်ကြိုက်စာစု" (A Choice of Kipling’s Verse) တို့တွင်လည်း ပါဝင်ခဲ့လေသည်။[]

ဖွဲ့စည်းမှု

[ပြင်ဆင်ရန်]

ဤကဗျာကို ရိုးရာဘဲလဒ်အဖွဲ့ပုံစံ AABB ကာရံစနစ်ဖြင့်ဖွဲ့စည်းထားသည်။ သို့ရာတွင် ကစ်ပလင်က ရင်သပ်ဖွယ်ရာ မမေ့နိုင်စရာကောင်းသည့် AABBBBBBBB ကာရံစနစ်ဖြင့် စတင်ထားကာ A ကာရံသည် sea - me ဖြစ်၍ B ကာရံသည် say - lay - Mandalay ဆိုသည့်စကားလုံးများဖြစ်ကြသည်။[] ဘဲလဒ်အဖွဲ့နှင့်ဆင်တူသော အခြားသွင်ပြင်တစ်ခုမှာ ပုံနှိပ်ဟန်အရသော်လည်းကောင်း၊ အဆုံးသတ် သုံးလုံးတွဲကာရံစနစ်ဖြင့်သော်လည်းကောင်း ထင်ပေါ်စေသည့် အပိုဒ်များ၊ သံပြိုင်အပိုဒ်များကို အသုံးချထားခြင်းပင်ဖြစ်သည်။ ကဗျာ၏အဆုံးသတ်သည်ကား ကဗျာအစကိုပင် ပြန်ကောက်၍ ခပ်ဆင်ဆင်တူအောင်ထည့်ထားသောကြောင့် ရိုးရာဘဲလဒ်ပုံစံ၏ ထပ်ကျော့သဘောကို ပေါ်စေသည်။ သို့ဖြစ်၍ ရွတ်ဆိုရန်အတွက်သော်လည်းကောင်း အလွတ်ကျက်မှတ်ရန်အတွက်သော်လည်းကောင်း သင့်တော်သကဲ့သို့ သီဆိုရန်အတွက်လည်း အဆင်ပြေစေသည်။[] ကဗျာ၏မတြာမှာ "ဖိဖော့ ရှစ်သံတွဲစကားစု" (trochaic octameter) ဖြစ်သဖြင့် ပဒ[မှတ်စု ၂] ရှစ်ခုပါဝင်သည်။ ထိုရှစ်သံတွဲတွင် စာကြောင်းများ၏ နောက်ဆုံးစာလုံးမှလွဲ၍ ကျန်သည့်အတွဲများ၌ အဖိဝဏ္ဏ (ဖိသံ)၊ ကပ်လျှက်တွင် အဖော့ဝဏ္ဏ (ဖော့သံ) ဖြင့်စီစဉ်ထားရှိသည်။ နောက်ဆုံးပဒသည် ဖော့သံမဲ့၍ ဖိသံသာပါရှိသည်။[၁၅][၁၆] ဥပမာတင်ပြရလျှင်

Ship me / somewheres / east of / Suez, / where the / best is / like the / worst,
Where there / aren't no / Ten Com/mandments / an' a / man can / raise a / thirst;
For the / temple/-bells are / callin', / and it's / there that / I would / be—
By the / old Moul/mein Pa/goda, / looking / lazy / at the / sea.

ဟူ၍ ဖြစ်သည်။

ကစ်ပလင်၏ခေတ်အခါ၌ ၎င်း၏ကဗျာပါ မတြာ၊ ကာရံတို့ကို ချီးချူးထောမနာပြုခြင်းခံခဲ့ရကာ ၁၉၁၅ ထွက် "ကဗျာဖွဲ့ခြင်း အနုပညာ" (The Art of Verse Making) စာအုပ်၌ မောဒတ်စ်တီ ဟန်းနစ် ဂျော်ဒန်က "ကစ်ပလင်မှာ မတြာ၊ ကာရံတွေအတွက် အံဩစရာ နားရှိပေတယ်။ ဖိဖော့သံတွေက ကွက်တိဝင်ပြီး သူ့ရဲ့နရီစည်းဝါးကလည်း ထစ်ထစ်ငေါ့ငေါ့ မဟုတ်သလို မသေချာမရေရာတဲ့ပုံစံလည်း မဟုတ်ဘူး။ သူ့မန္တလေးကဗျာဆိုရင် ကာရံပိုင်း အလွန်တရာကောင်းမှကောင်းဆိုပြီး ကိုးကားယူချင် ယူနိုင်သဗျ၊ အရင်ကရေးဖွဲ့ခဲ့သလို သက်သက်သာသာ ချောချောမွေ့မွေ့နဲ့" ဟူ၍ ရေးသားဖော်ပြခဲ့သည်။[၁၇]

ကဗျာဆရာနှင့် ဝေဖန်ရေးသမား တီ အက်စ် အဲလိယတ်က ၁၉၄၁ ၌ "ကစ်ပလင်သည် ၎င်း၏ဘဲလဒ်အဖွဲ့များအတွက် တီထွင်ထုတ်ဖော်ခဲ့သော ပုံစံအမျိုးမျိုးသည် သာမန်နှင့်မတူ ထူးခြားလှသည်၊ တစ်ခုချင်းစီသည် ထင်ရှား၏ ၊ ကဗျာကပေးပို့သည့် ခံစားချက်၊ ကြောင်းရာနှင့် ကွက်တိဝင်သည်။" ဟူ၍ ရေးသားခဲ့သည်။[၁၈]

အကြောင်းအရာ

[ပြင်ဆင်ရန်]

နယ်ချဲ့ဝါဒ

[ပြင်ဆင်ရန်]
တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ဗြိတိသျှများ မန္တလေး နန်းတော်တွင် တွေ့ရစဉ်။ "သရုပ်ဖော် လန်ဒန်သတင်းစာ" (၁၈၈၇) ။

ထောက်ခံမှု

[ပြင်ဆင်ရန်]

စာပေဝေဖန်ရေးသမား ရှရန် ဟာမီလ်တန်က ၁၉၉၈ တွင် မန္တလေး ကဗျာသည် ကောင်းမွန်သော အင်ပါယာဂုဏ်ပြု ဖွဲ့နွဲ့ရေးစပ်မှု (အင်ပါယာဆိုင်ရာ အမြင်စိတ်ကူးဖော်ပြမှု) ဟုဖော်ပြသည်။[] ရှေးယခင် စစ်သည်တော်များသည် ၎င်းတို့၏ဆောင်ရွက်ချက်များကို သီချင်းလုပ်ဆိုကြကာ စိတ်နှလုံးခံစားမှုကို တိုးမြင့်စေသည်။ ဤသို့ဖြင့် သီချင်းအမျိုးအစားတစ်ခုပေါ်ပေါက်လာရာ အမည်အားဖြင့် "နယ်စပ်စည်းရိုး ဘဲလဒ်သီချင်းများ" (border ballad) ဖြစ်လာသည်။ ဤရှေးရိုးရာ "နယ်စပ်စည်းရိုး ဘဲလဒ်သီချင်းများ" ထဲသို့ အံဝင်စေရန် ကစ်ပလင်က မန္တလေးကဗျာကို ထိုအမျိုးအစားထဲသို့ သွတ်သွင်းခြင်းဖြင့် အင်ပါယာချီးမြှောက် သီချင်းဖြစ်စေခဲ့သည်။ ဤသည်ကို သူမ (ဟာမီလ်တန်) က ဆက်လက်ပြီး ကစ်ပလင်သည် ဝိတိုရိယခေတ် စာဖတ်သူကို အင်ပါယာ(ဂုဏ်ပြု) သီချင်းတစ်ပုဒ်အဖြစ် ရှုမြင်တတ်စေရန် အရိပ်နိမိတ်ပြပေးသည်ဟုဆိုခဲ့သည်။[] မန္တလေးကဗျာပါဝင်သော "စစ်တန်းလျားမှ ဇာတ်လမ်းကဗျာများနှင့် အခြားကဗျာများ" စာအုပ်ကို ၁၈၉၂ တွင် ထိုပုံစံမျိုးဖြင့် စီစဉ်မှုပြုခဲ့သည်။ ယင်းကာလသည် ဗြိတိသျှဘဲလဒ်ခေါ်သည့် ဇာတ်လမ်းသီချင်းကဗျာများ၏သမိုင်းကို ထက်သန်စွာဖြင့် စိစစ်နေသော အချိန်အခါလည်းဖြစ်သောကြောင့် ကစ်ပလင်သည် "အမျိုးသမီးတစ်ဦးက အနိုင်ရသူ လူဖြူတစ်ဦးကို အရှုံးပေး အညံ့ခံခြင်း၊ ထပ်တိုးသဘောအနေဖြင့် မိမိ၏ မြို့၊ နိုင်ငံကိုပါ အညံ့ခံခြင်း ... " စသည့် သတင်းစကားသယ်ဆောင်ထားသည်မှာ မန္တလေးကဗျာဖြစ်သည်ကို သိမြင်ပေလိမ့်မည်ဟူ၍ ဟာမီလ်တန်က ဆက်လက်ရေးသားခဲ့သည်။[] သူမက ဆက်လက်သုံးသပ်ရာ ထိုအထဲမှ စစ်သားသည် သဒ္ဒါနည်းအရ "အပြု" သဘောဆောင်၍ မိန်းကလေးသည်ကား သဒ္ဒါနည်းအရ "အပြုခံ" သဘောဆောင်သည်။ အဘယ့်ကြောင့်ဆိုသော် ရေးဖွဲ့ထားသည်၌ မိန်းကလေးသည် "လိုလိုလားလား အညံ့ခံကာ သူ့ကျွန်" သဘောသက်ရောက်မှုရှိနေသည်ကို ဟာမီလ်တန်က ထောက်ပြသည်။[] မိန်းကလေး၏အမည်ကို သီပေါဘုရင်၏ ကြင်ရာတော် စုဖုရားလတ် မည်ကြောင်း ဆိုသည့်အချက်မှာ ကစ်ပလင်က ဗြိတိသျှတို့၏ ဗမာနန်းဆက်ကို ဖယ်ရှားခဲ့ခြင်းအား ရောင်ပြန်ဟပ် ဖော်ပြမှုဟူ၍ပင် သူမက ဝေဖန်မှုပေးခဲ့သည်။[]

ကန့်ကွက်မှု

[ပြင်ဆင်ရန်]

အန်ဒရူး ဆက်(လ်သ်) က ဟာမီလ်တန်၏ စိစစ်ချက်ကို မှတ်ချက်ပြုခဲ့ရာ "ကစ်ပလင်ရဲ့ ခေတ်ပြိုင်ပုဂ္ဂိုလ်တွေ ဒါမှမဟုတ် အဲဒီခေတ်ကစပြီး ယခုခေတ်အထိ များလှစွာသောသူတွေဟာ ဒီဘဲလဒ်ကို ဆိုင်ရာသူတွေလောက်ပဲ နားလည်တဲ့ အသုံးအနှုန်းတွေနဲ့ရေးထားတာကို သိကြရဲ့လားဆိုတာကတော့ အငြင်းပွားစရာကောင်းပါတယ်။ ဒါပေမယ့်လည်း ထက်သန်တဲ့ တုံ့ပြန်မှုတော့ ရခဲ့ပါတယ်" ဟူ၍ဆိုသည်။[] ၂၀၀၃ တွင် ဒေးဗစ် ဂီလ်မောက ၎င်း၏စာအုပ်The Long Recessional: The Imperial Life of Rudyard Kipling တွင် "ကစ်ပလင်ရဲ့ (ဗြိတိသျှ)အင်ပါယာအပေါ်ရှုမြင်ပုံက ကိုယ့်နိုင်ငံအကျိုးအတွက် သူတစ်ပါးနိုင်ငံများကို တိုက်ခိုက်သိမ်းပိုက်မဲ့ နယ်ချဲ့ဝါဒမျိုးတော့ မဟုတ်ပါဘူး။ သေချာတာကတော့ သူမှာ လူမျိုးရေးခွဲခြားစိတ် မရှိဘူး။ မန္တလေးကဗျာသည် အလွန်နှစ်သက်ဖွယ်ရှိသော်လည်း ထင်ရှားသိသာသောအမှားများနှင့် ကဗျာတစ်ပုဒ်ဖြစ်သည်ဟု ဂီလ်မောက ဆက်လက်ရေးသားထားသည်။[၁၉][၂၀] ဆက်(လ်သ်)ကလည်း ထိုသို့ပင် ရှုမြင်သုံးသပ်ထားသည်။ ဆက်(လ်သ်) က ကစ်ပလင်၏ ခေတ်ပြိုင်ပုဂ္ဂိုလ်များက များမကြာမီတွင်ပင် ကဗျာပါ ပထဝီအနေအထား ကမောက်ကမ၊ မမှန်မကန်ရေးထားသည်ကို သိမြင်ခဲ့ကြရာ နမူနာအနေဖြင့် မော်လမြိုင်မြို့သည် ပင်လယ်မှ ၆၁ ကီလိုမီတာ (၃၈ မိုင်) ဝေး၍ ပင်လယ်ကို မမြင်နိုင်၊ ပြီးလျှင်လည်း ကဗျာ၌ ပင်လယ်သည် အရှေ့၌ရှိသည်ဟု ရေးသားထားရာ အမှန်မှာ ပင်လယ်သည် အနောက်ဘက်တွင်သာရှိသည်။[]

အီယန် ဂျက်က ဂါးဒီးယန်းသတင်းစာတွင် ကစ်ပလင်သည် ကဗျာ၌ အင်ပါယာနှင့် နယ်ချဲ့ဝါဒကို ချီးမြှောက်နေသည်မဟုတ်ဟု ရေးသားဖော်ပြခဲ့ကာ ဆက်လက်၍ဆိုသည်မှာ ၎င်းသည် "လူဖြူတစ်ယောက်၏ ဝန်ထုပ်" (The White Man's Burden) ဆိုသော ကဗျာများကိုကား ရေးသားခဲ့သည်မှာ အမှန်ပင်ဖြစ်၍ ထိုကဗျာများသည် နယ်ချဲ့ဝါဒအားပေးအားမြောက်ပြုသော လက်ရာစာပေများဖြစ်သည်။[မှတ်စု ၃] သို့သော်လည်း မန္တလေးကဗျာမှာ ထိုသို့သော အမျိုးအစားမဟုတ်ပေ။[] ကစ်ပလင်အဖွဲ့အစည်း အတွက် ထုတ်ဝေသော ဆောင်းပါးတစ်စောင်တွင် နိုင်ငံရေးသိပ္ပံဆရာ အီဂေါ ဘာနာရှော့ဗ်က "ဗြိတိသျှစစ်သားနှင့် ဗမာမိန်းမပျိုလေးတို့၏ စိတ်ခံစားဖွယ်ကောင်းသော ချစ်ခြင်းမေတ္တာကို နှစ်လိုဖွယ်မြင်သာအောင် ဖော်ကျူးထားသည်။ ဗမာမိန်းကလေးသည် အထက်တန်းမဆန်သောလူမျိုးကို ကိုယ်စားပြုပြီး ဗြိတိသျှစစ်သားသည် အထက်တန်းဆန်သောလူမျိုးကို ကိုယ်စားပြုသည်မှာ ပဓာနမဟုတ်၊ အရေးမကြီး၊ အဘယ်ကြောင့်ဆိုသော် ကစ်ပလင်သည် ဤနေရာ၌ လူဆိုသည့်အချက်ကို အထူးပြုဖော်ပြပြီး အင်ပါယာသဘော ခံစားသက်ဝင်ပြုမူသည့်အနေအထားမဟုတ်ပေ။" ဟူ၍ ရေးသားထားလေသည်။[၂၁]

ချစ်မှုရေးရာအဖွဲ့

[ပြင်ဆင်ရန်]
ရတ်ဒ်ယတ် ကစ်ပလင် (၁၈၉၁) ၊ ဂျွန် ကောလီယာ၏ လက်ရာ

ဟာမီလ်တန်က ကစ်ပလင်သည် အိန္ဒိယမှ လန်ဒန်သို့ ပြန်ရောက်ရှိပြီး များမကြာမီတွင် ဤကဗျာကိုရေးသားခဲ့ကာ လန်ဒန်၌ ဂီတခန်းမဆောင်[မှတ်စု ၄]တစ်ခုအနီးတွင် အလုပ်လုပ်ကိုင်ခဲ့သည်သည်။ ဂီတခန်းမမှ သီချင်းများသည် ပရိသတ်အများအပြား နားဆင်ခံစားနိုင်စေရန် စံချိန်ကိုက်အောင်ဖွဲ့ဆိုထားသော သီချင်းများဖြစ်ကြကာ နားဝင်ချိုသည့်အရည်အသွေးမျိုးလည်းရှိကြသည်ဟု မှတ်ချက်ပြုသည်။[] သူမကဆက်လက်၍ ကစ်ပလင်သည် ဂီတခန်းမမှသီချင်းများဟန်အတိုင်း (ဗြိတိသျှအမျိုးသမီးများ၏) သူလိုကိုယ်လိုမထူးခြားမှုကို - the "beefy face an' grubby 'and" (ဝဖိုင့်ကြီးမားမျက်နှာနဲ့ မသတီစရာ) - စကားရပ်များဖြင့် ဖော်ပြခဲ့ကာ ထိုအခြင်းအရာကို သပ်ရပ်သားနား ချိုသာညက်ညောသော မိန်းမငယ်ကလေးတစ်ယောက်၏ ထူးခြားဆန်းပြား အရောင်အသွေးစုံလင်မှုဖြင့် နှိုင်းယှဉ်ပြထားသည်။[] သူမအမြင်အရ လန်ဒန်၌ ရေးစပ်ခဲ့သော ကဗျာတစ်ပိုဒ်ပါ ABBA ကာရံစနစ်ကို ချိုးဖောက်ခြင်းဖြစ်၍ အနည်းငယ် အသံကြောင်သော ကာရံများ (tells - else; else - smells) နှင့် မိုင်နာသံစဉ် အသံကြောင်တွဲလုံး (ဥပမာ - "blasted English drizzle") တို့ဖြင့် စာကြောင်းများကို ဖြည့်ထားပြီး blasted English drizzle (လေတဝူးဝူး တဝေါဝေါနဲ့ရွာချတဲ့ အင်္ဂလိပ် မိုးဖွဲ) သည် အလွန်တရာခြားနားသော (စကားလုံးပေါင်းစပ်မှု၊ ပေါင်းစပ်ရန်ခက်သောစကားများ) တစ်တစ်ခွခွ အရှိတရားဟု သုံးသပ်သည်။ ထို့အပြင် စာပိုဒ်များ၌ မြန်မာပြည်ကို ညွှန်းဆိုရာတွင် အလွန်စိတ်ကူးယဉ်စရာကောင်းသည့် "mist, sunshine, bells, and kisses" (မြူနှင်း၊ နေရောင်ခြည်၊ ခေါင်းလောင်းလေးများ၊ အနမ်းများ) စသည်တို့သည် မျက်နှာလိုမျက်နှာရ ချိုသာသည့်စကားများဖြစ်သည်ဟုလည်း ဝေဖန်ချက်ပေးလေသည်။[]

အန်ဒရူး ဆက်(လ်သ်) ၏ "မန္တလေးမှ တီးကွက်များ" (The Riff from Mandalay) စာအုပ်ကို သုံးသပ်၍ မိုက်ကယ် ဝဲဇ်လီ (Michael Wesley) က ဆက်(လ်သ်) သည် ကဗျာက ထိုခေတ်အခါက ဗြိတိသျှများ၏စိတ်ကို ထိထိရောက်ရောက် မည်သည်ကြောင့် ဖမ်းစားခဲ့သည်ကို ရှာဖွေမှုပြုခဲ့သည်။ ကဗျာ၌ ညှို့ယူဖမ်းစားထားသည့်အကြောင်းအရာထက် ကဗျာဆရာနှင့် သူ့ပရိသတ်ကို ကဗျာက ပို၍ဖော်ပြထားပေးသည်ဟု သုံးသပ်သည်။[] နောက်ထပ်မှတ်ချက်တစ်ခု၌ ကဗျာသည် ချစ်မှုအဖွဲ့ကို အစပျိုးပေးသော်လည်း ပထဝီသဘောမှာ မမှန်ကန်ဟု ဖော်ပြထားသည်။ စာရေးဆရာ ဆမ်းမားဆတ် မောန်(Somerset Maugham) က မန္တလေးဆိုသော စကားရပ်တွင် သံနေသံထားအရ အချသံ (falling cadence) ရှိနေသည်။ ... ဤချစ်စရာစကားလုံး ကိုယ်တိုင်ကိုယ်က ချစ်မှုအာရုံ၏ အလင်းအမှောင် အနီးအဝေးစသည်တို့ကို သိမ်းကျုံးစွဲယူထားပြီးသားဖြစ်သည်။ ခရီးသွားစာရေးဆရာမ အဲမာ လာကင် (Emma Larkin) က နိုင်ငံခြားသားများအဖို့ "မန္တလေး" ဆိုသည့်အမည်သည် "အရှေ့တိုင်းက ပျောက်ဆုံးနေသော မြို့တော်၏ ပုံရိပ်များနှင့် အပူပိုင်းဒေသ၏ ထည်ဝါသားနားမှု" တို့ကို မြင်ယောင်စေသည် ဖြစ်ကြောင်း သူမ၏ စာအုပ်တစ်အုပ်တွင်ရေးသားခဲ့သည်။[] သူမကပင် ဆက်လက်၍ ထိုအမည်၏ နှစ်လိုမြတ်နိုးဖွယ်ကောင်းမှုသည် ကဗျာထဲကသာ ရရှိပြန်သည်ဟု ပြောဆိုထားကာ ဥပမာ ဤစာသားများကဲ့သို့ဖြစ်၏ ဟုဆိုသည်။[]

For the wind is in the palm-trees, and the temple-bells they say:
'Come you back, you British soldier; come you back to Mandalay!'

စာပေဝေဖန်ရေးသမား စတီးဗန်မောရ်က "တစ်ခါတုန်းက နာမည်ကျော်ကဗျာတစ်ခုမှာ အောက်ခြေလူတန်းစား ကော့ခ်နီ စစ်သားတစ်ဦးဟာ ဗမာပြည်ရဲ့ အပူပိုင်းနိဗ္ဗာန်ဘုံကို အမွှန်းတင်လေရဲ့။ ပြီးတော့ မိန်းမပျိုလေးရဲ့ ဆွဲဆောင်မှုလည်းခံရ၊ ပညတ်တော်ဆယ်ပါးမရှိတဲ့ ဘာမှလိုက်နာစရာမလိုတဲ့ လွတ်လပ်မှုရဲ့ ဆွဲဆောင်ခြင်းလည်းခံရ၊ အဲဒီချစ်သူမိန်းကလေးဟာ ခုများတော့ အလှမ်းကွာဝေးပြီး ဘယ်လိုမှ ပေါင်းစပ်လို့မရ ... စသဖြင့် ရေးသားခဲ့သည်။[၁၅]

ဆက်(လ်သ်) က ကဗျာထဲ၌ လိမ်ယှက်နေသော အကြောင်းအရာများကို ခွဲခြားဖော်ပြပေးရာ ထူးဆန်းထွေပြား ကာမရမက်နှိုးဆွခြင်း၊ ဗြိတိန်၏ ဝိတိုရိယခေတ် လိင်ပိုင်းအရေးအဖွဲ့နှင့်(လူမျိုး/ဘာသာ) မတူညီကြသော လက်ထပ်ထိမ်းမြားမှုကို ကြောင့်ကြထိတ်လန့်မှု၊ နယ်ချဲ့ဝါဒသည် အဖိနှိပ်ခံ နင်းပြား အမျိုးသမီးတို့ကို မြှင့်တင်ပေးနိုင်သည်ဟူသော စိတ်ကူး၊ လိင်ပိုင်းဆိုင်ရာ မပွင့်လင်းသော လူမှုအဖွဲ့စည်းများမှ အမျိုးသမီးများ၏ အပြုအမူကို ထိန်းချုပ်ကန့်သတ်လိုသည့် ဘာသာရေးပြောင်းပေးလိုသောစိတ် ဟူ၍ဖြစ်သည်။[] ၎င်း၏အမြင်၌ မန္တလေးကဗျာသည် ဗြိတိသျှနယ်ချဲ့ဝါဒ၏ တင်းကျပ်သောစည်းကမ်း၊ ငွေကြေးကျပ်တည်းခြင်း (တိုက်ပွဲများကြောင့်)၊ ပထဝီနိုင်ငံရေးအနေအထား စသည့်အကြောင်းများမဟုတ်ဘဲ ချစ်ရေးချစ်ရာစစ်စစ်သာဖြစ်သည်။[]

သာမန်သူများအတွက်

[ပြင်ဆင်ရန်]
အိုလီ စပိ(ခ်စ်)၏ "On the Road to Mandalay " သီချင်း ပိုစတာ (၁၉၀၇)

အဲလိယတ်သည် ဤကဗျာကို ၁၉၄၁ တွင်ဖြန်ချိခဲ့သော "ကစ်ပလင်၏ကဗျာများမှ စိတ်ကြိုက်စာစု"တွင် ထည့်သွင်းထား၍ "ကစ်ပလင်ရဲ့ ကဗျာတွေက အသံကျယ်ကျယ်နဲ့ဖတ်ရင် အကောင်းဆုံးပဲ ... နားဝင်ဖို့အတွက်ဆိုရင်လည်း ဘာလေ့ကျင့်မှုမှ မလိုဘူး။ ပြောင်မြောက်ပြီး အထာကျတဲ့ စကားလုံး၊ စကားစု၊ ကာရံတွေက ရိုးစင်းတဲ့ရည်ရွယ်ချက်နဲ့ လိုက်ဖက်ပါပေတယ်။" ဟုဆိုခဲ့သည်။[၁၈]

ဂျက်၏အမြင်တွင် ကဗျာသည် တစ်ဦးတစ်ယောက်ချင်းအပေါ်၌ ဗြိတိသျှအင်ပါယာ၏ အကျိုးသက်ရောက်မှုကို လှုံ့ဆော် သတိတရဖြစ်စေသည်။ ကစ်ပလင်က အလွန်အလှမ်းကွာဝေးလျက် ရှိသော မြန်မာမိန်းကလေးကို ကော့ခ်နီ လေသံ(လေယူလေသိမ်း)ဖြင့် ပြောဆိုနေသည်။ ကဗျာတွင် ပါဝင်ဖွဲ့စည်းထားသော စာကြောင်းရေ (၅၁) ကြောင်းတွင် "လူမျိုး၊ အဆင့်အတန်း၊ လိင်၊ ကာမရမက်၊ တိုင်းတပါး ဆိုသည့်ဝေါဟာရအနက်များပါရှိပြီး မနုဿဗေဒပညာရှင်များနှင့် သမိုင်းဆရာများ သတ်မှတ်ကြသည့် "နယ်ချဲ့ဝါဒနှင့်သက်ဆိုင်သော အာသာဆန္ဒ" လည်းပါဝင်လျက် ရှိသည်။[] ဂျက်ကပင် မှတ်ချက်တစ်ခုပြုခဲ့သေးရာ ထိုမှတ်ချက်တွင် ကစ်ပလင်ခေတ်ပြိုင်ပုဂ္ဂိုလ်များသည် ဤအချက်များကိုကား မကန့်ကွက်ကြ၊ သို့သော် ကစ်ပလင်၏ ဖော်ပြထားသော တည်နေရာအမှားဖြစ်သည့် ဘင်္ဂလားပင်လယ်အော်သည် အရှေ့ဘက်တွင်ရှိသည်ဟူသောအချက်၊ ထို့အတွက်ကြောင့် တရုတ်နိုင်ငံသည် ထိုပင်လယ်အော်တွင် တည်ရှိမနေဟူသောအချက်ကိုသာ ကန့်ကွက်ခဲ့ကြသည်။[]

အကျိုးသက်ရောက်မှု

[ပြင်ဆင်ရန်]

ဆက်(လ်သ်)၏ ပြောဆိုမှုအရ မန္တလေးကဗျာသည် မြန်မာနိုင်ငံ၊ အရှေ့ဖျားဒေသများနှင့်ပတ်သက်၍ အနောက်တိုင်း၏ ရေပန်းစားသောအမြင်သဘောထားအပေါ်၌ ရိုက်ခတ်မှုတစ်ခုရှိသည်။ ကဗျာသည် ဗြိတိန်၊ အမေရိက၊ ဗြိတိသျှအင်ပါယာ၏ အင်္ဂလိပ်စကားပြောနိုင်ငံများ၌ အလွန်ကျော်ကြားခဲ့သည်။ ဤကဗျာကိုပင် ဂီတအသွင်ဖြင့်သော်လည်းကောင်း၊ ကဗျာအသွင်များဖြင့်သော်လည်းကောင်း မှီငြမ်းပုံဖော် အတုခိုးခဲ့ကြသည်။ ထိုမှီငြမ်းရေးဖွဲ့ထားသော ဂီတ၊ သီချင်းများသည်လည်း ရုပ်ရှင်အချို့၌ပါဝင်လာခဲ့ကြကာ ဤဘဲလဒ်ပုံစံသည် သရော်ဟန် တုပထားသောမူ၊ မှီငြမ်းမူတို့အတွက် အလွန်လွယ်ကူစွာ ပြောင်းလည်းနိုင်သောကြောင့် ဆူဒန်တွင် ဖြစ်ပွားခဲ့သော ၁၈၉၆ စစ်ဆင်ရေးမှအစပြု၍ စစ်သီချင်းပေါင်း ခြောက်ပုဒ်ခန့်ထွက်ရှိလာခဲ့သည်။[] ဥပမာအနေဖြင့် :

By the old Soudani Railway, looking southward from the sea,
There's a camel sits a'swearin' – and, worse luck, belongs to me:
I hate the shadeless palm-tree, but the telegraphs they say,
'Get you on, you 'Gippy soldier, get you on to Dongolay.'[]

ဆက်(လ်သ်)က ကဗျာ၏အမည်သည် စီးပွားရေးနယ်ပယ်တွင်လည်း တန်ဖိုးရှိလာရာ စာအုပ်ပေါင်း (၃၀) ခန့်သည် ဤကဗျာခေါင်းစဉ်ကိုပင် အခြေပြု၍ အမည်ပေးခဲ့ကြပုံမှာ နမူနာအားဖြင့်The Road from Mandalay နှင့် Red Roads to Mandalay တို့ဖြစ်ကြသည်။[] ၁၉၀၇ တွင် ဟားယန့်ဇ် (H. J Heinz) က အချဉ်ရည်တစ်မျိုးကို "မန္တလေး ဆော့စ်" အမည်ဖြင့် ထုတ်လုပ်ခဲ့ပြီး ရမ်(အရက်) နှင့် သစ်သီးကော့တေးအရက် တို့၏ အမည်မှာလည်း မန္တလေးပင်ဖြစ်သည်။[]

On the Road to Mandalay သီချင်းအတွက် အိုလီ စပိ(ခ်စ်)၏ ဂီတနုတ် (ပထမစာရွက်) ၊ ၁၉၀၇

ကစ်ပလင်၏ စာသားကို အိုလီ စပိ(ခ်စ်)က မှီငြမ်း၍[၂၂] On the Road to Mandalay အမည်ဖြင့် ရေးဖွဲ့သီကုံးခဲ့ရာ လူသိအများဆုံးသီချင်းတစ်ပုဒ်ဖြစ်လာပြီး ပီတာ ဒေါဆန်က တဖန်လူကြိုက်များစေခဲ့သည်။[၂၃] စပိ(ခ်စ်) က ဂီတကို ၄/၄ တိုင်မင်၊ E-flat major ကီးဖြင့် စစ်(ချီ)သီချင်းဟန်အဖြစ် သတ်မှတ်သည်။[၂၂][၂၄]

ဤသီချင်းသည် ယခင်ကထွက်ရှိခဲ့ဖူးသည့် ဂီတေးသွား (၆) ပုဒ်ကို အစားထိုးနိုင်ခဲ့ရာ ၎င်းတို့မှာ ဂျရာ့ဒ် ကော့ဘ် (၁၈၉၂) ၊ အာသာ သေးယာ (၁၈၉၂) ၊ ဟန်နရီ ထရာဗဲနီယန် (၁၈၉၈) ၊ ဗားလ်တာ ဒါးန်ရော့ရှ် (၁၈၉၈) ၊ ဝေါလ်တာ ဟက်ဂျ်ကော့ခ် (၁၈၉၉) ၊ အာသာ ဝိုက်တင်း (၁၉၀၀) တို့၏ "မန္တလေး" ဂီတတေးသွား (၆) ပုဒ်တို့ပင်ဖြစ်သည်။ ပါစီ ဂရိန်ဂျာသည်လည်း ၁၈၉၈ တွင် မန္တလေးတေးသွားကို စပ်ဆိုခဲ့သော်လည်း ဖြန့်ချိခဲ့ခြင်းမရှိပေ။[] စုစုပေါင်းအနေဖြင့် ဂီတတေးသွားပေါင်း (၂၄) ပုဒ်ရှိ၍ အမျိုးအစားအနေဖြင့် ဂျက်ဇ်၊ ရက်ဂ်တိုင်း၊ ဆွင်း၊ ပေါ့ပ်၊ ဖို့ခ်၊ ကမ်းထရီးဂီတများဖြစ်ကြကာ အများစုမှာ ကဗျာ၏ပထမနှစ်ပိုဒ်နှင့် နောက်ဆုံးနှစ်ပိုဒ်ကိုသာ သံပြိုင်ပိုဒ်ဖြင့် ပေါင်းစပ်ဖွဲ့ဆိုထားခြင်းဖြစ်သည်။[] ပြင်သစ်၊ ဒိန်းမတ်၊ ဂျာမန်၊ ရုရှား စသည့်မူဟန်များဖြင့်လည်း ထုတ်ဝေမှုများရှိခဲ့သည်။[]

ဘီလီ မေ စီစဉ်ညွှန်ကြားသော စပိ(ခ်စ်)၏ တေးသွားသည် အဆိုတော် ဖရန့်ခ် ဆင်နားတာ၏ Come Fly with Me အခွေတွင် ပါဝင်ခဲ့သည်။ ကစ်ပလင်၏သမီးနှင့် ၎င်း၏အမွေဆက်ခံသူက ကစ်ပလင်၏ စာသားဖြစ်သော Burma girl ကို Burma broad ၊ the man, who east of Suez can raise a thirst နေရာ၌ a cat can raise a thirst ၊ temple-bells အား crazy bells စသည့်ပြောင်းလဲထားမှုကို ကန့်ကွက်ခဲ့ကြလေသည်။[၂၃] ဆင်နားတာက ဤသီချင်းကို ဩစတေးလျတွင် ၁၉၅၉ ၌ ဖျော်ဖြေခဲ့၍ ကစ်ပလင်မိသားစု၏ သီချင်းနှင့်ပတ်သက်၍ ကန့်ကွက်မှုအကြောင်း ပြောပြပေးခဲ့သည်။[၂၅]

ဘားတော့(လ်တ်) ဘရက်(ချ်တ်) စာသားသွင်း၍ ကာ့တ် ဗာယီလ်က ဂီတသံစဉ်မှုပြုသော မန္တလေးသီချင်း (Mandalay Song) သည်လည်း ကစ်ပလင်၏ကဗျာကို ရည်ညွှန်းသီဆိုခြင်းဖြစ်ပြီး ဂီတဆိုင်ရာပြဇာတ်/ဇာတ်လမ်း Happy End နှင့် နိုင်ငံရေးသရော်အော်ပရာပြဇာတ် Rise and Fall of the City of Mahagonny တို့တွင် ပါဝင်ခဲ့သည်။[၂၆][၂၇][၂၈]

မှတ်စု

[ပြင်ဆင်ရန်]
  1. It appeared in the Scots Observer on 21 June 1890.[]
  2. ပဒဆိုသည်မှာ ကဗျာလင်္ကာတွင် စကားလုံး နှစ်လုံး-သုံး-လေး စသည်ဖြင့် ပိုင်းခြားထားသော စကားစုများဖြစ်သည်[၁၄]
  3. သို့ရာတွင် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်သည် ၂၀၁၇ တွင် မြန်မာနိုင်ငံ၊ ရွှေတိဂုံစေတီသို့ရောက်ခိုက် ဤကဗျာကို ရွတ်ဆိုရာ၌ ဂျက်က စာနာထောက်ထားမှုမရှိဟု မှတ်ချက်ပြုခဲ့သည်။[]
  4. ဂီတခန်းမဆောင် (Music hall) များသည် ပြဇာတ်ရုံများကဲ့သို့ဖြစ်ပြီး ဂီတကို အထူးပြုဖျော်ဖြေကြသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ Mandalay။ The Kipling Society။ 19 September 2018 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ ၂.၅ "Boris Johnson was unwise to quote Kipling. But he wasn't praising empire"၊ The Guardian၊ 7 October 2017။ 
  3. Rudyard Kipling and Burma (May 2008)။ 1 June 2018 တွင် ပြန်စစ်ပြီး။
  4. ၄.၀၀ ၄.၀၁ ၄.၀၂ ၄.၀၃ ၄.၀၄ ၄.၀၅ ၄.၀၆ ၄.၀၇ ၄.၀၈ ၄.၀၉ ၄.၁၀ "Kipling, 'Mandalay' and Burma In The Popular Imagination" (2015). Southeast Asia Research Centre Working Paper Series (161). 
  5. ၅.၀၀ ၅.၀၁ ၅.၀၂ ၅.၀၃ ၅.၀၄ ၅.၀၅ ၅.၀၆ ၅.၀၇ ၅.၀၈ ၅.၀၉ "Musicology as Propaganda in Victorian Theory and Practice" (June 1998). Mosaic: An Interdisciplinary Critical Journal 31 (2): 35–56. 
  6. ၆.၀ ၆.၁ ၆.၂ ၆.၃ ၆.၄ ၆.၅ A poem and the politics of high imperialism။ New Mandala (22 February 2017)။
  7. Chubb၊ Capt H. J.; Duckworth၊ C. L. D. (1973)။ The Irrawaddy Flotilla Company 1865-1950။ National Maritime Museum။
  8. Kipling's Burma: A Literary and Historical Review | An address to the Royal Society for Asian Affairs။ The Kipling Society (16 June 1983)။ 19 September 2018 တွင် ပြန်စစ်ပြီး။
  9. The Annexation of BurmaThe Growth of the British Empire။ The Baldwin Project (2003)။ 20 September 2018 တွင် ပြန်စစ်ပြီး။
  10. Christian, John LeRoy (1944). "Thebaw: Last King of Burma". The Journal of Asian Studies 3 (4): 309–312. doi:10.2307/2049030. 
  11. Thant, Myint U။ The Making of Modern Burma (PDF)Cambridge University Press။ p. 1။ ISBN 978-0-521-79914-0
  12. ၁၂.၀ ၁၂.၁ From Sea to Sea (1899) Volume 2 Chapter 2 telelib.com
  13. Selth 2016, p. 24.
  14. Burmese Orthography, Myanmar Language Commission, 1993
  15. ၁၅.၀ ၁၅.၁ Moore၊ Steven (2015)။ William Gaddis: Expanded Edition။ Bloomsbury Publishing။ p. 115။ ISBN 978-1-62892-646-0
  16. Fenton၊ James (2003)။ An Introduction to English Poetry။ Penguin။ pp. 39–43။ ISBN 978-0-14-100439-6OCLC 59331807
  17. Hannis Jordan၊ Modeste (1915)။ The Art of Verse Making။ New York: The Hannis Jordan Company။ pp. 26–27။
  18. ၁၈.၀ ၁၈.၁ Eliot၊ T. S. (1963) [1941]။ A Choice of Kipling's Verse (Paperback ed.)။ Faber။ p. 11ISBN 0-571-05444-7
  19. Gilmour၊ David (2003)။ The long recessional : the imperial life of Rudyard Kipling။ Pimlico။ ISBN 978-0-7126-6518-6OCLC 59367512
  20. "At last, Kipling is saved from the ravages of political correctness"၊ The Daily Telegraph၊ 13 May 2003။ 
  21. Rudyard Kipling and the British EmpireThe Kipling Society (2001)။ 18 May 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 June 2021 တွင် ပြန်စစ်ပြီး။ (Notes Archived 8 October 2018 at the Wayback Machine.)
  22. ၂၂.၀ ၂၂.၁ On the Road to Mandalay (Speaks, Oley)။ IMSLP Petrucci Music Library။ 21 November 2017 တွင် ပြန်စစ်ပြီး။
  23. ၂၃.၀ ၂၃.၁ Selth 2016, pp. 112 and throughout.
  24. On the road to Mandalay။ Duke University Libraries။ 31 May 2018 တွင် ပြန်စစ်ပြီး။
  25. Friedwald၊ Will; Bennett၊ Tony (2018)။ Sinatra! The Song Is You: A Singer's Art။ Chicago Review Press။ p. 563။ ISBN 978-1-61373-773-6
  26. Happy End (1929)။ The Kurt Weill Foundation for Music။ 1 June 2018 တွင် ပြန်စစ်ပြီး။ A recording is linked from the synopsis and song list.
  27. Mandalay။ The Kipling Society။ 17 March 2018 တွင် ပြန်စစ်ပြီး။
  28. Selth 2016, p. 109.

ရင်းမြစ်

[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]