![]() | |
Overview | |
---|---|
ပိုင်ဆိုင်သူ | မြန်မာ့မီးရထား |
ဒေသ | ရန်ကုန်မြို့ |
ပို့ဆောင်ရေးအမျိုးအစား | Commuter rail |
ဘူတာရုံပေါင်း | ၃၉ |
နေ့စဉ်စီးနင်းသူ | ၁၀၀,၀၀၀-၁၅၀,၀၀၀ |
ရုံးချုပ် | ရန်ကုန်မြို့ |
တည်ထောင်ခြင်း | |
လည်ပတ်မှုစတင် | ၁၉၅၄ |
ယာဉ်အရေအတွက် | ၂၁ |
နည်းပညာအချက်အလက် | |
ပတ်လမ်းအရှည် | ၄၅.၉ km (၂၈.၅ mi) |
လမ်းကြောင်းအရေအတွက် | ၂ |
လမ်းကြောင်းစံအတိုင်းအတာ | ၁၀၀၀ mm (3 ft 3 3⁄8 in) |
ပျမ်းမျှမြန်နှုန်း | ၁၅.၃ km/h (၉.၅ mph) |
ရန်ကုန်မြို့ပတ်ရထားသည် ရန်ကုန်မြို့ပြဧရိယာအတွင်း ပုံမှန်အလုပ်ဆင်းသူများအတွက် အားထားရာ မြို့တွင်းရထားလမ်းကွန်ယက်တစ်ခုဖြစ်သည်။ မြန်မာ့ မီးရထား၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်နေပြီး ၄၅.၉-ကီလိုမီတာ (၂၈.၅-မိုင်) ရှည်လျားကာ ၃၉ ဘူတာပါဝင်ပြီး ရန်ကုန်မြို့ဝန်းကျင် မြို့နယ်များကို ရန်ကုန်မြို့ပြဧရိယာနှင့် ဆက်သွယ်ပေးထားသည်။ မြို့ပတ်ရထားသည် အကြိမ် ၂၀ ခန့်ပြေးဆွဲပြီး လက်မှတ် ၁၀၀,၀၀၀ မှ ၁၅၀,၀၀၀ ခန့် နေ့စဉ်ရောင်းချရသည်။[၁][၂][၃] မြို့ပတ်ရထား တစ်ပတ်ပြည့်စီးနင်းနိုင်ရန် အချိန် ၃ နာရီမျှ ကြာမြင့်ပြီး မြို့ပတ်ရထားစီးနင်းခြင်းဟာ ရန်ကုန်မြို့လူနေမှုဘဝကို အထင်းသားမြင်တွေ့နိုင်မည် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ရန်ကုန်မြို့ပတ်ရထားကို ဝင်ငွေနည်းသူ စီးနင်းသူများ သိပ်သည်းစွာ အသုံးပြုနေဆဲဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘတ်စ်ကားများနှင့် နှိုင်းယှဉ်လျှင် မြို့ပတ်ရထားသည် ရန်ကုန်မြို့ ပို့ဆောင်ဆက်သွယ်ရေးတွင် ဈေးအချိုဆုံး သယ်ယူပို့ဆောင်ရေး ဖြစ်သည်။[၄][၅]
မြို့ပတ်ရထားပြေးဆွဲချိန်သည် နေ့စဉ် မနက် ၃ နာရီ ၄၅ မိနစ်မှ ည ၁၀ နာရီ ၁၅ မိနစ်အထိ ဖြစ်သည်။ မြို့ပတ်ရထားလတ်မှတ်တန်ဖိုးမှ ၁၅ မိုင်အတွင်း အကွာအဝေးကို ၂၀၀ ကျပ် (~eighteen US cents)နှင့် ၁၅ မိုင်အထက်အကွာအဝေးကို ၄၀၀ ကျပ် (~37 US cents) ကျသင့်သည်။[၆]ရထားလက်မှတ်များကို ပုံသေ ၁၀၀ ကျပ်ဖြင့် မြို့ပတ်ရထားလမ်းရှိ ဘူတာများအားလုံးတွင် ရောင်းချပေးသည်။ ရန်ကုန်ဘူတာကြီးတွင် စင်္ကြန်အမှတ် ၇ ရှိ စင်္ကြန်ပေါ်၌ လက်မှတ်ရောင်းသော ရုံငယ်တစ်ခု တည်ရှိပြီး အဆိုပါဘူတာရုံမှ မြို့ပတ်ရထားအတွက် လတ်မှတ်များကို ရောင်းချပေးသည်။
ရန်ကုန်မြို့ပတ်ရထားလမ်းကို ဗြိတိသျှကိုလိုနီခေတ်တွင် ဗြိတိသျှတို့မှ ရန်ကုန် - ကြည့်မြင့်နိုင် - တညင်းကုန်း လမ်ပိုင်းအဖြစ် ပြေးဆွဲပေးခဲ့သည်။[၇] ဗြိတိသျှတို့မှ ရန်ကုန် - ပြည် ရထားလမ်းပိုင်း ဖွင့်လှစ်ပြီးနောက် ရန်ကုန် ဆင်ခြေဖုံး၌ ခရီးသည်ပို့ဆောင်ရေးအတွက် မဟုတ်ဘဲ ကုန်ရထားများအတွက် (၆)မိုင်အရှည်ရှိသော ကုန်းရထားလမ်းတိုအဖြစ် စတင်ဖောက်လုပ်ခဲ့ပြီး ၁၈၈၀ ခုနှစ် မတ်လ (၁)ရက်နေ့ ဖွင့်လှစ်ပေးခဲ့သည်။ ထို့မှ အရှည်(၃.၅) မိုင်ရှိသော ရန်ကုန် - ကြည့်မြင်တိုင်လမ်းပိုင်း အား ၁၈၈၉ ခုနှစ် အောက်တိုဘာလ ၃၀ရက်နေ့တွင်လည်းကောင်း ၊ အရှည် (၅.၅)မိုင်ရှိသော ကြည့်မြင့်တိုင် - အင်းစိန် လမ်းပိုင်းအား ၁၈၉၀ခုနှစ် ဇန်နဝါရီလ ၁၀ရက်နေ့လယ်းကောင်း ၊ အရှည် (၇.၉၂)မိုင်ရှိသော အင်းစိန် - လှော်ကားလမ်းပိုင်းအား ၁၉၀၅ ခုနှစ် အောက်တိုဘာလ ၂၃ရက်နေ့တွင် လည်းကောင်း အသီးသီး ဆက်လက် ဖွင့်လှစ်ပေးခဲ့သည်။ [၈]
ရန်ကုန်မြို့နှင့် ဆင်ခြေဖုံးအရှေ့ပိုင်းဒေသမျာရှိ ပြည်သူလူထုတို့ ဆက်သွယ်သွားလာရာ၌ လွယ်ကူ သက်သာစေရေးအတွက် မြို့ပတ် ရထားလမ်းကို ဆက်လက် ဖောက်လုပ်ရန် စီမံကိန်းတစ်ခုရှိခဲ့သော်လည်း ဒုတိယကမ္ဘာစစ်ကြီး ရုတ်တရက်ဖြစ်ပွားလာ၍ အဆိုပါ စီမံကိန်းကို အကောင်အထည် မဖော်နိုင်ခဲ့ပေ။
ရပ်နားခဲ့ရသော ရန်ကုန်အရှေ့ပတ်ခြမ်း မြို့ပတ်ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်း ကို ဗိုလ်ချုပ်ကြီးနေဝင်း ဦးစီးသည့် အိမ်စောင့် အစိုးရ လက်ထက်တွင် လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ပြီး ၁၉၅၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် မြေသိမ်းယူခြင်း လုပ်ငန်းများကို စတင်ပြုလုပ်ခဲ့သည်။ နောက်တစ်နေ့ ဒီဇင်ဘာလ (၁၁) ရက် နေ့တွင် တောရှင်းခြင်း၊ မြေတိုင်းထွာခြင်း၊ ပန္နက် ရိုက်ခြင်းစသည့်လုပ်ငန်းများကို ဆက်၍လုပ်ကိုင်ခဲ့ကြသည်။ ၁၉၅၀ခုနှစ်၊ဒီဇင်ဘာလ (၂၂) ရက်နေ့မှစ၍ စက်အားကိုသုံးလျက် ဒညင်းကုန်းရှိ နိုင်ငံတော်အစိုးရအုတ်ကျွပ်စက်သံလမ်းဆုံးမှစတင်၍ ဖောက်လုပ်ခဲ့ပြီး တောရှင်းခြင်း၊ မြေဖို့၊ မြေပြို၊ မြေညှိ၊ တံတားတည်ဆောက်ခြင်း စသည့်လုပ်ငန်းများကို လုပ်ကိုင်ရသော လုပ်ငန်းဘက်ဆိုင်ရာ အပိုင်းနှင့် လမ်းခင်းခြင်း လုပ်ငန်းကိုလုပ်ကိုင်ရသော လမ်းခင်းဘက်ဆိုင်ရာ အပိုင်းဟူ၍ နှစ်ပိုင်းခွဲပြီး လုပ်ကိုင်ခဲ့သည်။[၉]
ပထမအဆင့်အဖြစ် ဂေါက်ကွင်းဘူတာ မှ ပြည်လမ်း ကျိုက္ကလဲ့ဘူတာအထိ လမ်းပိုင်းကိုလုပ်ကိုင်ခဲ့ရာ ၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်တွင် ပြည်လမ်းအထိ မြေညှိလုပ်ငန်း ပြီးဆုံးခဲ့သည်။ လုပ်ငန်းဆိုင်ရာပြီးဆုံးသွားသည့်အပိုင်းကို သံလမ်းခင်းခြင်းလုပ်ငန်းက ချက်ချင်းလိုက်၍လုပ်ဆောင်ခဲ့ကြသည်။ ထိုသို့လုပ်ဆောင်ရာတွင် ယခင်လုပ်ရိုးလုပ်စဉ်နည်းဖြစ်သော ရှေးဦးစွာ ဇလီဖားတုံးများ ခင်းပြီးမှ သံလမ်းကိုထပ်၍ ခင်းခြင်းမျိုးမဟုတ်ဘဲ၊ သံလမ်းနှင့် ဇလီဖားကို တစ်ပြိုင်တည်းတပ်ဆင်ပြီးမှ ထိုတပ်ဆင်ပြီးသားလမ်းများကို စက်များဖြင့်လိုက်၍ခင်းသည့်နည်းကို အသုံးပြု၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယလမ်းပိုင်းမှာ မြင့်မားရှည်လျားသော မင်္ဂလာဒုံ ကျိုက္ကလဲကြား လမ်းကွေ့ အလျှား (၁၅၀ဝ)ပေရှိ တာဘောင်ကြီးကိုအမြင့် (၁၈) ပေအထိ မြေဖို့ပေးခြင်းဖြစ်သည်။ ဆက်လက်၍ ဂျိုးဖြူပိုက်နှင့် ပြည်လမ်း အကြား မြေဖို့လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ၁၉၅၉ ခု၊ မတ်လပထမပတ်တွင် မြေဖို့လုပ်ငန်း များအားလုံး ပြီးစီးသွားခဲ့သည်။ သံလမ်းခင်းခြင်းလုပ်ငန်းပိုင်းမှာ ဒညင်းကုန်း ဘက်မှလည်းကောင်း၊ မင်္ဂလာဒုံဘက်မှ လည်းကောင်း နှစ်ပိုင်းခွဲ၍ လုပ်ဆောင်လာခဲ့ရာ ၁၉၅၉ ခုနှစ်၊ မတ်လ ( ၁ ) ရက်နေ့ နေ့လယ် (၃) နာရီအချိန်တွင် အချင်းချင်း ဆုံမိကြလျှက် ရန်ကုန်မြို့ပါတ်မီးရထားလမ်းကြီးသည် အောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့သည်။[၉]
မြို့ပါတ်ရထားလမ်းတခုလုံး၏ မိုင်ရှည် မှာ(၂၈) မိုင်ဖြစ်သည်။ ၎င်းအနက် တညင်းကုန်းရှိ နိုင်ငံတော်အစိုးရ အုတ်ကြွပ်စက်ရုံ အရှေ့မှနေ၍ မင်္ဂလာဒုံအထိလမ်းသစ်ကို ဖောက်လုပ်ပေးရသော မိုင်မှာ (၃.၇) မိုင် ဖြစ်ပေသည်။ မြို့ပတ်ရထားလမ်းတွင် အသစ်ဆောက်လုပ်သော ဘူတာရုံ(၄)ရုံ အပါအဝင် ဘူတာရုံ (၃၀) ရှိပြီး အသစ်ဖောက်လုပ်ခဲ့သော လမ်းပိုင်းတွင် တံတားသစ် (၁၇)စင်း နှင့် လူသွားဂုံးကျော်တံတား (၁၆)ခု ရှိသည်။ (၆)လအတွင်း အပြီးဖောက်လုပ်ခဲ့သော မြို့ပတ်ရထားလမ်း၏ စုစုပေါင်း ကုန်ကျစရိတ်မှာ ထိုခေတ်ကာလ ကျပ်ငွေ ၂,၀၅၄,၃၇၅ ဖြစ်သည်။ [၉]
ခရီးဝေးရထားကြီးများနှင့် မြို့ပတ်ရထားများ အန္တရယ်ကင်းစွာ နှင့် တသီးတခြားစီ ခုတ်မောင်းနိုင်ရေးအတွက် မြို့ပတ်ဒွေးလမ်းများကို မလွှကုန်း မှ (၈.၇၅) မိုင်ရှိသော မင်္ဂလာဒုံ - ကန်တိုမင်သို့ မူလရှိသော တစ်လမ်းကို ဒွေးလမ်းအဖြစ် လည်းကောင်း၊ မင်္ဂလာဒုံ- ကန်တိုမင်မှ (၄.၂၅) မိုင်ရှိသော ဒညင်းကုန်းသို့ ဒွေးလမ်းအဖြစ်လည်းကောင်း ဖောက်လုပ်ခဲ့ရသည်။ ၁၉၆၈ ခုနှစ် မေလ(၁)ရက်နေ့မှ စတင်ခဲ့သော မြို့ပတ်ဒွေးလမ်းများ ဖောက်လုပ်ခြင်း လုပ်ငန်မှာ ၁၉၆၃ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ပြီးစီးခဲ့သည်။ အဆိုပါလုပ်ငန်းအတွက် ထိုခေတ်ကာလ ကျပ်ငွေ ၃,၃၅၀,၉၁၃ ကုန်ကျခဲ့သည်။ [၉]
၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနသည် ရန်ကုန်မြို့ပတ်ရထားလမ်းကို ပုဂ္ဂလိကပိုင် ပြုလုပ်မည်ဟု ကြေညာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အစိုးရမှ ဦးစီးသောစနစ်သည် အရှုံးပြနေသောကြောင့် ဖြစ်သည်။ ရန်ကုန်မြို့ပတ်ရထားအတွက် အစိုးရမှ လစဉ်ကုန်ကျငွေ ၂၆၀ မီလီယံ ကျပ်ငွေ(US$325,000) ကုန်ကျပြီး ပြန်လည်ရရှိသော ဘဏ္ဍာငွေ ၄၂ မီလီယံကျပ် (US$52,500) သာရှိသည်။[၁၀] မြို့ပတ်ရထားလတ်မှတ်သည် ဝန်ကြီးဌာန၏ ထောက်ပံ့ပေးမှုကြောင့် ဈေးနှုန်းချိုသာလျက်ရှိသည်။[၁၁]
၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် Japan International Cooperation Agency နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ပူးပေါင်း၍ ဆောင်ရွက်သော မဟာရန်ကုန်ဒေသ ဖွံဖြိုးတိုးတက်ရေး master plan တွင် အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်များအတွက် ထည့်သွင်းစဉ်းစားမည့်အချက်များ ပါဝင်သည်။[၁၂]
၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ပတ်လိုင်းနှင့် ရန်ကုန် - အင်းစိန်လိုင်းများတွင် DEMU တွဲဆိုင်းသစ် (၆)ဆိုင်းဖြင့် ပြောင်းလဲပြေးဆွဲခဲ့သည်။ ထိုပြင် ဒီဇယ်ဈေးမြင့်တက်လာမှုကြောင့် ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၀) ရက်မှ စတင်ကာ လက်မှတ်ခနှုန်းထားများကို သုညမိုင်မှ မိုင် (၂ဝ) ခရီးအတွက် ယခင် (၂ဝဝ) ကျပ်အစား (၄ဝဝ) ကျပ်၊ မိုင် (၂ဝ) နှင့်အထက် မြို့တစ်ပတ်ခရီးအတွက် ယခင် (၃ဝဝ) ကျပ်အစား (၈ဝဝ) ကျပ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ [၁၃]
လွတ်လပ်ရေးမရခင်လက်ထက်တွင် ရေနွေးငွေ့စက်ခေါင်းများဖြင့် ပြေးဆွဲပေးခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် မြန်မာ့မီးရထားဌာန(BR)မှ စွမ်းရည်ကျလာသော ကိုလိုနီခေတ်လက်ကျန် ကျန်ရေနွေးငွေ့စက်ခေါင်းများအစား ခေတ်မီ ဒီဇယ်စက်ခေါင်းသစ်မျာဖြင့် ပြောင်းလဲပြေးဆွဲခဲ့သည်။
ထို့အတွက် စက်ခေါင်းသစ်ဝယ်ယူခြင်းများကို ၁၉၅၇ ခုနှစ်ဝန်းကျင်မှစ၍ အသုတ်လိုက်ဝယ်ယူခဲ့ရာ ဒုတိယအသုတ်ဝယ်ယူမှုတွင် အနောက်ဂျာမဏီနိုင်ငံ Talbot Co.ထုတ်လုပ်သော အလျား ၁၈၉ပေ ၄လက်မ ၊ အနံ ၉ပေ ၃လက်မ ၊ အမြင့် ၁၁ပေ ၆လက်မ ၊ အလေးချိန် ၈၆.၂ တန် မြင်းကောင်ရေအား ၇၀၄ ရှိ သံလမ်းပြေးဒီဇယ်တွဲဆိုင်းရထား (DMU) ၈ စီးအား ငွေကျပ်တန်ဖိုး ၈,၈၅၀,၉၇ဝိ/ဖြင့်ဝယ်ယူပြီး ၁၉၅၉ခုနှစ် ဩဂုတ်လ ၉ရက်နေ့တွင် ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် စတင်ပြေးဆွဲ၍လည်းကောင်း၊ ဟန်ဂေရီနိုင်ငံ Ganz_MAVAG Co.ထုတ်လုပ်သော အလျား ၁၈၇ပေ ၈လက်မ အလေးချိန် ၁၀၄.၃တန် မြင်းကောင်ရေအား ၅၆၀ ရှိသော သံလမ်းပြေးဒီဇယ်ရထားတွဲဆိုင်း (DMU) ၂ ဆိုင်းအား ငွေကျပ်တန်ဖိုး ၂,၅၇၃,၂၇ဝိ/ ဖြင့်လည်းကောင်းဝယ်ယူပြီး ၁၉၆၀ ဇွန်လပိုင်းမှစတင်ပြီး ခရီးတိုလော်ကယ်ရထားအဖြစ်ပြေးဆွဲခဲ့သည်။ [၉]
ရန်ကုန်မြို့ပတ်လမ်းပိုင်းမှာ တွဲဆိုင်း ၈ ဆိုင်းဖြင့်ပြေးဆွဲမှုမလုံလောက်တော့၍ အိမ်စောင့်အစိုးရလက်ထက် ၁၉၅၉ ခုနှစ် မြို့ပတ်ရထားလမ်း ဒညင်းကုန်း-မင်္ဂလာဒုံလမ်းပိုင်းသစ်ဖောက်လုပ်ပြီးနောက် တတိယအသုတ် ၄ စီးအား ငွေကျပ်တန်ဖိုး ၄,၄၅၉,၅၂ဝိ/ ဖြင့် ထပ်မံဝယ်ယူခဲ့ပြီး ၁၉၆၁ခုနှစ်မှ နိုဝင်ဘာလမှာ စတင်အသုံးပြုခဲ့သည်။ ဝယ်ယူပြီး(DMU/DRC) သံလမ်းပြေးဒီဇယ်ရထားများပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် အင်းစိန်တွင် သံလမ်းပြေးဒီဇယ်စက်ခေါင်းစက်ရုံ အားတည်ထောင်ပြီး ၁၉၆၅ စက်တင်ဘာလမှ စတင်အသုံးပြုခဲ့သည်။
ယင်းကဲ့သို့စနစ်တကျစီမံဆောင်ရွက်ခဲ့သော်လည်း အခြေအနေအကြောင်းအမျိုးမျိုးကြောင့် တွဲဆိုင်းသစ်၊ အပိုပစ္စည်းစသည်တို့ ထပ်မံဖြည့်တင်းဝယ်ယူပေးနိုင်ခြင်းမရှိတော့ဘဲ သက်တမ်းကုန်ဖျက်သိမ်းလိုက်ရပြီး အဆိုပါရထားကိုယ်ထည်များကို ရန်ကုန်မြို့ပတ်လူစီးတွဲများအဖြစ် ပြန်လည်တည်ဆောင်ခဲ့ကာ ၂၀၁၅ခုနှစ်အထိအသုံးပြုခဲ့သည်။ ၂၀၁၅ခုနှစ်နောင်းပိုင်းတွင် အဆိုပါတွဲဆိုင်းများအစား ၂၀၀၃ ခုနှစ်မှစတင်၍ ဂျပန်နိုင်ငံတွင် အသုံးပြုခြင်း ရပ်နားခဲ့သော ဒီဇယ်ကားများဖြစ်သော Kiha 40 Series၊ JR Tokai Kiha 40 Series နှင့် Kiha 11 ဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းများတွင် တဖြည်းဖြည်း ပြောင်းလဲပြေးဆွဲလာခဲ့သည်။
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြင့်တင်ခြင်း လုပ်ငန်းများ ပြီးစီးပြီနောက်ပိုင်း ပြေးဆွဲရန်အတွက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ဂျပန်နိုင်ငံမှ မစ်ဆူဘီရှီ နှင့် စပိန်နိုင်ငံရှိ CAF တို့မှ ဒီဇယ်လျှပ်စစ်ကားခြောက်စီးပါ ဒီဇယ်လျှပ်စစ်စွမ်းအင်သုံး ရထား (DEMU) ၁၁ စီးကိုဝယ်ယူရန်အတွက် စာချုပ်ချုပ်ဆိုခဲ့သည်။[၁၄]
ရန်ကုန်မြို့ပတ်ရထားကွန်ယက်တွင် ဘူတာရုံ ၃၉ ခု ပါဝင်ပြီး ရန်ကုန်မြို့၏ ဒေသအသီးသီးနှင့် ချိတ်ဆက်ထားသည်။
မြို့ပတ်ရထားပတ်လမ်း အစသည် ရန်ကုန်ဘူတာကြီးမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး မင်္ဂလာဒုံဘူတာအထိဖြစ်သည်။ ထိုမှတဆင့် အင်းစိန်မှ အနောက်ဘက်သို့ ဥက္ကလာပမှ အရှေ့ဘက်သို့ ဆက်လက်မောင်းနှင်သည်။
အဓိကဘူတာရုံများမှာ အောက်ပါအတိုင်းဖြစ်သည်-[၁၅]