သမိန်ထောရာမ (၁၅၅၁-၁၅၅၃)သည် မွန်မင်းဒုတိယဗညားရံ အိမ်နှိမ့်တွင် ဖွားမြင်သည့် သားဖြစ်သည်ဟုဆိုသည်။ တပင်ရွှေထီး ဟံသာဝတီကိုသိမ်းပိုက်ပြီး ရာမညမွန်သုံးရပ်ကို အုပ်ချုပ်ရာတွင် မကျေနပ်ကြသည့် မွန်များက ရဟန်းဝတ်ဖြင့်နေသည့် သမိန်ထောရာမအား လူဝတ်လဲစေပြီး အကြီးအမှူးတင်ကာ ပုန်ကန်ကြသည်။ သို့ဖြင့် ရဟန်းလူထွက် သမိန်ထောရာမမှာ တပင်ရွှေထီးအား ပုန်ကန်သူဖြစ်လာသည်။ အလွန်ဇွဲသတ္တိကောင်းလှသူအဖြစ် ကြော်ကြားသည်။ မကော်တွင် တပ်ချကာနေကြောင်းကြားလျှင် ဘုရင့်နောင်က ညီတော်နန္ဒယောဓာနှင့် မှူးမတ်များကို ချီတက်တိုက်ခိုက်စေသည်။ မကော်တွင် တိုက်ခိုက်ကြရာ သမိန်ထောရာမ တပ်ပျက်ကာနောက်လိုက်များဖြင့်ပြေးလေသည်။ နောက် သန်လျှင်စား နန္ဒကျော်ထင်(ဘုရင့်နောင်၏ညီ) ဟံသာဝတီတွင် ရောက်နေပြီး သန်လျှင်တွင်မရှိကြောင်းသိလျှင် သန်လျှင်ကိုဝင်တိုက်ကာ အခိုင်အလုံနေသည်။ ထိုသို့ သမိန်ထောရာမ၏ ပုန်ကန်မှုတစစ ကြီးထွားလာသည်ကို တပင်ရွှေထီးသိလျှင် ဘုရင့်နောင် ကိုယ်တိုင်ချီတက်မှသာ ပြီးလွယ်မည်ဟုဆိုကာ တပ်ကြီးဖွဲ့ပြီး စေလွတ်လေသည်။ သို့ဖြင့် သမိန်ထောရာမမှာ ဘုရင့်နောင်၏တိုက်စစ်ကြောင့် ဒလ(ယနေ့တွံတေး)သို့ပြေးရပြန်သည်။ ထိုအချိန်တွင် ဟံသာဝတီနန်းတော်မှ အရက်စွဲကာ အမှားအမှန်မခွဲခြားနိုင်တော့သည့် တပင်ရွှေထီးအား မွန်အမတ်ဖြစ်သူ သမိန်စောထွတ်က ပရိယယ်ပြုပြီးသတ်ဖြတ်ကာ သမိန်စက္ကာဝေါ ဘွဲ့ဖြင့် စစ်တောင်းတွင် တစ်ထီးတစ်နန်းထောင်ကာ မင်းပြုသည်။ သံသာဝတီနန်းစောင့်ဖြစ်သည့် တောင်ငူမင်းခေါင် ဟံသာဝတီမှခွာပြီး တောင်ငူသို့ပြန်လျှင် ကျန်ရစ်နေသည့် မွန်မှူးမတ်များက သမိန်စက္ကဝေါဘွဲ့ခံ သမိန်စောထွတ်ကို ပင့်ဖိတ်ကာ နန်းအပ်သည်။ ထိုအချိန်တွင် သမိန်ထောရာမမှာ ဒလမှ မုတ္တမသို့ပြောင်းရွေ့ပြီး အခြေအနေအရပ်ရပ်ကို စောင့်ကြည့်လေ့လာနေသည်။ သမိန်စောထွတ်အား မင်းကျင့်တရားနှင့် မညီသဖြင့်မှူးမတ်တို့က လုပ်ကြံနန်းချပြီး သမိန်ထောရာမကို နန်းအပ်ကြပြန်သဖြင့် သမိန်ထောရာမမှာ ဟံသာဝတီနန်းကို လွယ်ကာကူကာဖြင့် ရလေတော့သည်။ သို့သော် နန်းသက် တစ်နှစ်ကျော်၊နှစ်နှစ်မရှိသေးချိန်တွင် ပင်တောင်ငူမှ တဖန်အင်အားကြီးလာပြန်သည့် ဘုရင့်နောင် ၏စစ်ပြုလာခြင်းကိုခံရသည်။ ဆင်စီးချင်းထိုးပြီးတိုက်ရာ သမိန်ထောရာမ ဓနုဖြူ၊ပုသိမ် စသည့်အနောက်ဘက်သို့ ပြေးလေသည်။ ဘုရင့်နောင် လိုက်တိုက်သဖြင့် ဒလသို့ပြေးရပြန်သည်။ ဥဇနာလာရောက်တိုက်ခိုက်သော်လည်း သမိန်ထောရာမ စစ်ရေးသာကာ ဥဇနာကျသည်။ ထိုသတင်းကို ကြားလျှင် ဘုရင့်နောင် ကိုယ်တိုင်ချီတက်လာသဖြင့် ဒလတွင် တိုက်ပွဲကြီးဖြစ်သည်။ ရှုံးသဖြင့် သမိန်ထောရာမ စစ်သည်ဗိုလ်ပါ၊သားသမီး၊မိဖုရား နှင့်ယောက္ခမ ပါပစ်ကာကိုယ်လွတ်ရုန်းပြေးရပြန်သည်။ ထို့နောက် ရဟန်းဝတ်ဖြင့် နောက်လိုက် တစ်ကျိပ်ကျော်ကိုခေါ်ကာ မုတ္တမ သို့လှေဖြင့်ပြေးလေသည်။ မုတ္တမရောက်သော် ကဝေါဖက်သို့ပြေးသည်။ ကဝေါစားနှင့် ဘွယ်တိုင်စားတို့က လိုက်လံဖမ်းဆီးသဖြင့် ဓားဒဏ်ရာရကာပြေးရပြန်သည်။ နောက်ဒဏ်ရာသက်သာလျှင် တိုက်ကုလားတွင် လူသူစုရုံးပြီး စစ်တောင်းကိုတိုက်ရန် ချီတက်လာသည်။ ဘုရင့်နောင်လည်း နန္ဒသင်္ကြန်ကိုစေလွတ် တိုက်ခိုက်စေရာ သမိန်ထောရာမ တပ်ပျက်ပြေးရသည်။ တောတွင်းတွင်ခိုလုံနေစဉ် စတုရင်္ဂသူက စစ်သည် ၃၀ဝ နှင့်ဖမ်းရာ အဝတ်ချွတ်ဖြင့် ပြေးရပြန်သည်။ နောက်ဆုံး သက္ကရာဇ် ၉၁၄၊တန်ခူးလဆန်း ၁၃ ရက်တွင် ဇရွဲဘုံနယ်မှ ကရင်သူကြီးက ဖမ်းမိကာ ဟံသာဝတီသို့ဆက်သလာသည်။
အချို့ရာဇဝင်များတွင် သမိန်ထောရာမ တွင်နတ်တို့ပေးသည့် အစွမ်းထက်သော ဂါထာရှိသည်။ ထိုဂါထာကို ရေတွင်မန်းပြီးသုံးလျှင် သီးနှံတို့ ဆယ်ဆပိုသီးသည်၊ အနာမှန်သမျှ ချက်ချင်းပျောက်သည်ဟု ဆိုသည်။ ထိုကြောင့် သမိန်ထောရာမသည် မိမိဒူးကို ချိုးကာ ကရင်သူကြီးထံ အဖမ်းခံခြင်းဖြစ်သည်။ နောက် ဘုရင့်နောင်ရှေ့ရောက်လျှင် ပရိယာယ်ဖြင့် ရေသောက်ရန် ရေတောင်းပြီးမန်းကာ ဒူးကိုလောင်းသည်။ သို့သော် ဒူးပြန်မဆက်သဖြင့် ငိုယိုကြောင်းဆိုကြသည်။ ဘုရင့်နောင်လည်း သမိန်ထောရာမ ကို ကွပ်မျက်အပြစ်ပေးသည်။ သို့ဖြင့် မွန်တို့၏ခေါင်းဆောင် သမိန်ထောရာမမှာ ဘုရင့်နောင်လက်တွင် အရှုံးပေး အသက်ပါရလေသည်။