သုခ | |
---|---|
စာရေးဆရာ၊ ဒါရိုက်တာ ဆရာကြီးဦးသုခ | |
မွေးဖွား | သိမ်းမောင် ၁၄ ဇန်နဝါရီ၊ ၁၉၁၀ ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ စာဖြူစုကျေးရွာ |
ကွယ်လွန် | ၇ ဒီဇင်ဘာ၊ ၂၀၀၅ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ | (အသက် ၉၅)
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၃၈ - ၂၀၀၅ |
မိဘ(များ) | ဦးစံခိုင် နှင့် ဒေါ်မျှင် |
သုခ (၁၉၁၀-၂၀၀၅) သည် အလင်္ကာကျော်စွာဘွဲ့ရ စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာ တစ်ဦး ဖြစ်သည်။
၁၉၁ဝပြည့်နှစ်၊ ဇန်နဝါရီလ(၁၄)ရက်၊ (၁၂၇၁-ခု၊တပို့တွဲလဆန်း(၅)ရက်၊သောကြာနေ့)တွင် ကျိုက်လတ်မြို့နယ်၊ စာဖြူစုကျေးရွာသူကြီး ဦးစံခိုင်၊ ဒေါ်မျှင်တို့မှ ဖွားမြင်သည်။ သားသမီး(၄)ယောက်အနက် အကြီးဆုံးဖြစ်သည်။ ငယ်မည်မှာ မောင်သိန်းမောင် ဖြစ်သည်။
၁၉၂၆တွင် ကျိုက်လတ်မြို့၊ အမျိုးသားကျောင်းမှ အလယ်တန်း အောင်မြင်ခဲ့သည်။ နောင်တစ်နှစ်၌ ဖျာပုံအမျိုးသားကျောင်းသို့ ပြောင်းရွှေ့ကာ အထက်တန်းပညာသင်ယူသည်။ အလယ်တန်းမှစ၍ ကဗျာ၊ ရတုများရေးသားစပ်ဆိုလာခဲ့ရာ အထက်တန်းကျောင်းသားဖြစ်လာသောအခါ ဝတ္ထုရေးရန် စိတ်သန်လာသည်။ နဝမတန်းအရောက်တွင် ကျောင်းမှထွက်ကာ ဖခင်ဦးစံခိုင် ရန်ကုန်တွင်တည်ထောင်သော အာဇာနည်ဂျာနယ်တိုက်တွင် လုပ်ရန် ရန်ကုန်သို့ထွက်ခွာခဲ့သည်။ ဂျာနယ်ပိတ်လိုက်ရသဖြင့် ကျိုက်လတ်သို့ ပြန်ခဲ့သည်။ ကျိုက်လတ်ပြန်ရောက်သောအခါ ကျိုက်လတ်ဆရာကြီးဦးဘမူ၏ အမျိုးသားကျောင်းတွင် မြန်မာစာပြဆရာအဖြစ်ဆောင်ရွက်ရင်း အမျိုးသားအောင်ပွဲနေ့များတွင် ကျင်းပသည့် ပဒေသာကပွဲများအတွက် ဇာတ်လမ်းရေးသားခြင်း၊ ကိုယ်တိုင်လည်းပါဝင်ကပြခြင်း၊ ဒါရိုက်တာလုပ်အဖြစ်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။
၁၉၃၈တွင် ချစ်အမျှ ရုပ်ရှင်ဇာတ်ညွှန်းကို ရေးသား၍ ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၄၂ ဂျပန်ခေတ်တွင် ပြဇာတ်များကို ရေးသားတင်ဆက်ခဲ့သည်။ ကန်တော်မိတ်ရုံတွင် ဂုဏ်၊ ဂျိုတီရုံတွင် မေတ္တာနှင့်သစ္စာ၊ မြိုင်ရုံတွင် ဩော်မိန်းမ - ဩော်ယောက်ျား၊ မိန်းမနဲ့ယောက်ျား၊ ဩော် --- လောက ပြဇာတ်များတင်ဆက်ခဲ့သည်။ စာရေးဆရာအသင်း ရန်ပုံငွေအတွက် ဝိဇယ 'ပေါ်ဦး' ပြဇာတ်များတွင် ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင်လည်းပါဝင်ကပြခဲ့သည်။ မောင်ဖေငယ် ပြဇာတ်အထူးလူကြိုက်များခဲ့သည်။ နောက်ပိုင်း ကာဌေးရုံတွင် ချစ်တော့ချစ်တယ်"၊ "ဝသုန်ဤမြေ၊ ဝင်းဝင်းရုံတွင် ကိုယ်ကြိုက်တာကိုယ်လုပ် ဇော်ရုံတွင် သားတို့ရုပ်ရည် ပြဇာတ်များကို ကိုယ်တိုင်အဓိကဇာတ်ဆောင်နေရာမှ ပါဝင်ကပြခဲ့သည်။
၁၉၄၈တွင် ချစ်အနုမြူ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူးခဲ့ရာ ထိုကားအတွက် စာရေးဆရာ အသင်းက ချီးမြင့်သော ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆုရရှိသည်။ ၁၉၅၄တွင် ဩော်မိန်းမဇာတ်ကားဖြင့် ရုပ်ရှင်ထူးချွန်ဆုဖြစ်သော ဒါရိုက်တာဆုရရှိခဲ့သည်။ နှစ်နှစ်အကြာတွင် ဘဝသံသရာဇာတ်ကားဖြင့် ဒုတိယအကြိမ် ဒါရိုက်တာဆုရရှိသည်။
၁၉၆၈၌ စကားပြောသောအသည်းနှလုံး ဇာတ်ကားရိုက်ကူး၍ ဒါရိုက်တာဆု ထပ်မံဆွတ်ခူးခဲ့သည်။ ၁၉၇၀ပြည့်တွင် ကျမမှာမိန်းမသား ဇာတ်ကားရိုက်ကူး၍ ဒါရိုက်တာဆု ချီးမြှင့်ခြင်း ခံရသည်။ ၁၉၇၃ တွင် ရိုက်ကူးသော ဘယ်သူပြိုင်လို့လှပါတော့နိုင် ဖြင့် အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့သည်။ ၁၉၇၅၏ ရွှေခြည်ငွေခြည်တန်းပါလို့ ဇာတ်ကားသည် ၎င်းကို ဆဋ္ဌမအကြိမ်မြောက် ရုပ်ရှင်ထူးချွန်ဆု၊ ဒါရိုက်တာဆုကို ရရှိစေခဲ့သည်။
ဗုဒ္ဓဘာသာတရားတော်များနှင့်ပတ်သက်၍ ရဟန်းစားရသော ဆွမ်းတစ်နပ်၊ ရဟန်းမစားရသော ဆွမ်းတစ်နပ်၊ တစ်ပါးသီလ ကဲ့သို့သော ရုပ်မြင်သံကြားဇာတ်လမ်းများရေးသား ရိုက်ကူးခဲ့သည်။
ဦးသုခသည် ရုပ်ရှင်နယ်ပယ်သာမက စာပေနယ်တွင်လည်း အထင်ကရစာရေးဆရာကြီးတစ်ဦးဖြစ်၍ စာအုပ်များစွာ ရေးသားထုတ်ဝေခဲ့သည်။ ၁၉၂၉တွင် စိန်သိန်းတန်အမည်ဖြင့် စံပယ်ပွင့် ဝတ္ထုရေး၍ ကဝိမျက်မှန်မဂ္ဂဇင်းတွင် ဖော်ပြခံခဲ့ရသည်။ စာမူခငွေ တစ်ဆယ်ကျပ်နှင့် မဂ္ဂဇင်း(၆)လဆု တို့ကိုရရှိခဲ့၏။ ၁၉၃၀ ပြည့်နှစ်၌ ရွှင်ပျော်ပျော်တိုက်ဝတ္ထုပြိုင်ပွဲတွင် မောင်သိန်းမောင်အမည်ဖြင့် မိန်းမသား ဝတ္ထုရွေးချယ် ခံရသည်။
၁၉၃၂ အသက်(၂၃)နှစ်အရွယ်တွင် ဖတ်ခဲ့မှတ်ခဲ့သော လောကီလောကုတ္တရာဆိုင်ရာ မှတ်စုများကို စတင်စုဆောင်းရေးသားခဲ့ရာ နောင်တွင် သုခမှတ်စု စာအုပ်အဖြစ် ထွက်ရှိခဲ့သည်။ ၁၉၃၄ တွင် ရွှင်ပျော်ပျော်တိုက်နှင့် လိုက်ဖက်စေရန် သုခ အမည်ခံယူသည်။ သုခအမည်ခံယူပြီးနောက်တွင် ဝတ္ထုအဆုံး၌ သုခိအတ္တာနံပရိဟရန္တု ဆုတောင်းကိုထည့်လေ့ရှိပြီး ရွှင်ပျော်ပျော်တိုက်အတွက် လုံးချင်းဝတ္ထုငယ်များ ရေးသားခဲ့သည်။ ထို့နောက် မိုက်မိတယ် လုံးချင်းဝတ္ထုထွက်ရှိခဲ့သည်။
၁၉၅၁၌ သုခဝတ္ထုတိုပေါင်းချုပ် စာအုပ်ထွက်ရှိကာ ထိုစာအုပ်ကို ၁၉၅၅၊ ၁၉၆၆၊ ၁၉၇၈၊ ၁၉၈၈ ခုနှစ်များတွင် ပြန်လည်ရိုက်နှိပ်ခဲ့သည်အထိ အောင်မြင်ခဲ့သည်။ ၁၉၅၇ မှ ၆၇ အထိ ရုပ်ရှင်နယ်၊ စာပေနယ်တွင် ကျင်လည်ခဲ့၍ စာအုပ်များစွာ ရေးသားခဲ့သည်။ ၁၉၉၄တွင် ရာမာခရစ္စနာ၏ သုတပုံပြင်များစာအုပ်ထွက်၍ တစ်နှစ်အကြာတွင် ရတနာသုတ် စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ၁၉၉၇တွင် ချယ်လီအလှစာအလှ၊ စိတ်ဆိုသောစိတ်၊ သုခမှတ်စု၊ သုတရသဓမ္မစာစုံ၊ အမေ စသောစာအုပ်များ ရေးသားခဲ့၏။
စာရေးဆရာ ဒါရိုက်တာကြီးဦးသုခသည် ၂၀၀၅-ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့ ဗုဒ္ဓဟူးနေ့မနက် ၁၁ နာရီ မိနစ် ၃၀တွင် အမှတ်(၂) စစ်ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ် ကျင်မေ၊ သား ကိုရဲအောင် (ကလောင်အမည် သုခ(သား)) တို့ ကျန်ရစ်ခဲ့သည်။
ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။ |
၁၉၈၃-၈၄နှစ်များ၌ ရန်ကုန်တိုင်း၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ တက္ကသိုလ်ဆရာလောင်း မွမ်းမံသင် တန်းတို့တွင် စကားပြောဟောနည်းပညာ၊ တရားဟောနည်းပညာ ဘာသာရပ်ပို့ချခဲ့သည်။ ဆရာကြီးဦးသုခ၏ လုံ့လထုတ်၍ ကြိုးပမ်းမှုဖြင့် ပြာသိုလပြည့်ကို မြန်မာနိုင်ငံ၏ အမေများနေ့အဖြစ် (၁၉၉၇)တွင် တရားဝင် သတ်မှတ်နိုင်ခဲ့သည်။ ၁၉၉၅ခုနှစ် မန္တလေးမြို့တွင် ဦးသုခ ဦးဆောင်၍ အမေများနေ့ အခမ်းအနားကို စတင်ကျင်းပနိုင်ခဲ့သည်။ ဒုတိယအကြိမ် အမေနေ့အခမ်းအနားတွင် ဆရာကြီးနဲ့အတူ သီတဂူဆရာတော်ပါ ကြွရောက်ဟောပြောခဲ့သည်။ [၁]
ဆရာကြီးဦးသုခသည် လုံးချင်းဝတ္ထုပေါင်း (အစောပိုင်းကာလက) ၁ဝဝမျှရေးခဲ့၍ ဝတ္ထုတိုပေါင်း(၂၀၀)ခန့် ရေးသားခဲ့သော်လည်း နောက်ပိုင်းတွင် ဘာသာရေးဆိုင်ရာများကိုသာ ဦးစားပေးခဲ့သည်။ ရုပ်ရှင်ကားပေါင်း (၃၃)ကားမျှ ဒါရိုက်တာလုပ်၍ ရိုက်ကူးခဲ့သည်။
၁၉၅၈ တွင် အလင်္ကာကျော်စွာ ဘွဲ့ကို ရရှိ၍ ၁၉၉၄ ဇန်နဝါရီလ(၄)ရက်နေ့တွင် မဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်ကို ချီးမြင်ခြင်းခံရသည်။ ၂၀၀၀ အောက်တိုဘာ ၂၆ ၌ ရန်ကုန်တက္ကသိုလ်မှ ဆရာကြီး ဦးသုခအား စာပေပါရဂူဘွဲ့(D.Litt) ပေးအပ်ချီးမြှင့်ခဲ့သည်။[၂]
ဦးသုခ၏ ထင်ရှားသောစာအုပ်အချို့မှာ :