သုပ္ပဗုဒ္ဓ (ဒေဝဒဟပြည့်ရှင်) | |
---|---|
မွေးချင်းများ | မယ်တော်မာယာ မဟာပဇာပတိဂေါတမီ |
အိမ်ထောင်ဖက် | အမိတာ |
သားသမီးများ | ဘဒ္ဒကစ္စနာ, ဒေဝဒတ်, Dandapāni |
ခမည်းတော် | အဉ္စန |
မယ်တော် | ယသောဓရာမိဖုရားကြီး |
ဒေဝဒဟပြည့်ရှင်မင်းကြီး သုပ္ပဗုဒ္ဓ သည် ထေရဝါဒကျမ်းများနှင့် မဟာဝံသကျမ်းလာ မျိုးဆက်စာရင်းများအရ ဂေါတမဗုဒ္ဓနှင့် ယောက္ခမတော်စပ်သူလည်းဖြစ်၊ ဦးရီးတော် တော်စပ်သူလည်း ဖြစ်သည်။ [၁]
သုပ္ပဗုဒ္ဓဟူသည့် အမည်ကို ထေရဝါဒစာပေများတွင် များပြားစွာ မကြာခဏဖော်ပြထားသည်ကို တွေ့နိုင်သည်။
မဟာဝံသကျမ်းအရ သုပ္ပဗုဒ္ဓသည် အဉ္စနမင်းနှင့် ယသောဓရာတို့၏ သားဖြစ်သည်။ သိဒ္ဓတ္ထမင်းသား၏ ကြင်ယာတော် ယသောဓရာနှင့် ဒေဝဒတ်တို့၏ ဖခင်တော်စပ်သူ ဖြစ်သည်။ ဂေါတမဗုဒ္ဓ၏ မယ်တော် မာယာဒေဝီနှင့် မိထွေးတော် မဟာပဇာပတိဂေါတမီတို့၏ မောင်တော်စပ်သူလည်း ဖြစ်ပြီး ဒဏ္ဍပါဏိ၏ ညီတော်စပ်သူ ဖြစ်သည်။ ဗုဒ္ဓ၏ မယ်တော်သည် မာယာဒေဝီဖြစ်သည့်အတွက် သုပ္ပဗုဒ္ဓသည် ဗုဒ္ဓ၏ ဦးရီးတော် တော်စပ်သည်။ ထို့အပြင် သုပ္ပဗုဒ္ဓ၏ သမီးတော် ယသောဓရာသည် သိဓတ္ထမင်းသား၏ ဇနီးဖြစ်လာသည့်အတွက်ကြောင့် ယောက္ခမလည်း တော်စပ်ပြန်သည်။[၁]
ထေရဝါဒစာပေများတွင် သမီးတော် ယသောဓရာကို သိဒ္ဓတ္ထမင်းသားက ထားပစ်ခဲ့သည်ကတစ်ကြောင်း၊ မြတ်စွာဘုရားအားသားတော်စပ်သူ ဒေဝဒတ်က ရန်ငြိုးထားသူဖြစ်သည်ကတစ်ကြောင်း၊ မိမိထက် ငယ်ရွယ်၍ တူတော်စပ်သူအား အရိုအသေမပေးလို၍ သုပ္ပဗုဒ္ဓမင်းကြီးသည် မြတ်စွာဘုရားအပေါ် အငြိုးထားလျက်ရှိသည်။ ထို့ကြောင့်ပင် တစ်နေ့သောအခါ၌ မြတ်စွာဘုရား ဆွမ်းခံကြွတော်မူသည့်အခါတွင် သုပ္ပဗုဒ္ဓသည် မြတ်စွာဘုရားဆွမ်းခံကြွမည့်လမ်းတွင် သောက်ပွဲစားပွဲများ ကျင်းပကာ မြတ်စွာဘုရား သွားခွင့်မရအောင် နှောင့်ယှက်တားမြစ်မှုများ လုပ်ဆောင်ခဲ့သည်။ ထိုအခါ မြတ်စွာဘုရားနှင့် နောက်ပါရဟန်းများတို့သည် ပြန်လှည့်လာခဲ့ကြသည်။ ထို့နောက်တွင် မြတ်စွာဘုရားသည် အသျှင်အာနန္ဒာအား"ဦးရီးတော် သုပ္ပဗုဒ္ဓသည် မြတ်စွာဘုရား၏ သွားရာလမ်းကို နှောင့်ယှက်သည့်အတွက် ထိုအကုသိုလ်ကြောင့် ခုနစ်ရက်ကြာပြီးနောက်တွင် ပြာသာဒ်ခြေရင်း လှေကားရင်း၌ မြေမြိုခံရလိမ့်မည်" ဟု မိန့်ကြားတော်မူခဲ့သည်။[၁]
ထိုအခါ သုပ္ပဗုဒ္ဓဘုရင်သည် မြတ်စွာဘုရား၏ မိန့်ကြားတော်မူခြင်းကို ကြားသိရပြီးနောက် ဘုံ (၇) ဆင့်ရှိသည့် ပြာသာဒ်ထက်တွင် နေကာ မြတ်စွာဘုရား၏ စကားတော်မမှန်အောင်နေ၍ မြတ်စွာဘုရားအား မုသားစကားပြောဆိုမှုဖြင့် စွပ်စွဲမှု စိတ်အကြံဖြစ်ကာ ထိုအတိုင်းဘုံခုနစ်ဆင့်ထက်တွင် နေထိုင်လေသည်။ သို့သော်လည်း ခုနစ်ရက်မြောက်နေ့၌ မင်းကြီး၏ စီးတော်မြင်းသည် လွတ်ထွက်သွားကာ မြည်ဟီး၍ သောင်းကျန်းနေသဖြင့် မင်းကြီးသည် သတိလက်လွတ်ဖြင့် မြင်းအား တားဆီးရန် ပြာသာဒ်ထက်မှအဆင်း လှေကားခြေရင်း၌ မြေမြိုခြင်းခံရကာ အဝီစိငရဲသို့ ရောက်ခဲ့ရသည်။[၁]