ဟော်ဘုရားကျောင်း (လာအို: ຫໍພຣະແກ້ວ) သည် လာအိုနိုင်ငံ၊ ဗီယန်ကျန်းရှိ ဝတ်ပြုရာ ဘုရားကျောင်းဆောင် ဖြစ်သည်။ ဝတ်သိသက္က၏ အရှေ့တောင်ဘက်၊ ဆဿသီရပ်လမ်းပေါ်တွင် ရှိသည်။ မြဘုရားအား ထားရန် ၁၅၆၅ ခုတွင် ဆောက်သည်။ ဘုရားကို ထိုင်းတို့ ယူသွားပြီးနောက် ကျောင်းဆောင်အလုံးသာ ကျန်ခြင်း ဖြစ်သည်။ စစ်ဒဏ်ကြောင့် အကြိမ်ကြိမ် ပြန်ဆောက်ရသည်။ ယခုမူ အတွင်းပိုင်းတွင် ဘာသာရေးဆိုင်ရာပြတိုက်နှင့် အရောင်းပြခန်းအဖြစ် ခင်းကျင်းထားသည်။ [၁]
နေပြည်တော်အား လွမ်ပရာဘွမ်မှ ဗီယင်ကျန်းသို့ ပြောင်းရွှေ့ပြီးနောက် ၁၅၆၅-၆၆ တွင် ဘုရင် ဆဿသီရပ်က ဆောက်သည်။ နန်းတော်မြေတွင် မြဘုရားထားရန် ဆောက်ခြင်း ဖြစ်သည်။ ဇင်းမယ် (ယခု ချင်းမိုင်) မှ မြဘုရားကို ပင့်လာခြင်း ဖြစ်သည်။ ဘုရားကျောင်းဆောင်အဖြစ်သာ သုံးသဖြင့် သီတင်းသုံးသော ဘုန်းကြီးမရှိ။ မြဘုရားမှာ ထိုကျောင်းဆောင်တွင် နှစ် ၂၀၀ ကျော် စံနေသော်လည်း ၁၇၇၉ ခုတွင် (လက်ရှိ စက္ကီမင်းဆက်နှင့် ထိုင်းနိုင်ငံကို တည်ထောင်သူ) ထိုင်းဗိုလ်ချုပ် ချောင်ဖယားစက္ကီက ဗီယင်ကျန်းကို သိမ်းရပြီးနောက် ဘုရားကို သုဝဏ္ဏဘူမိသို့ ပင့်သွားသည်။ ကျောင်းဆောင်ကိုလည်း ဖျက်ဆီးသွားသည်။ ယခု ထိုဘုရားမှာ ဘန်ကောက်မြို့၊ ဝတ်ဘုရားကျောင်း၌ ရှိနေပြီး ထိုင်းဂုဏ်ဆောင် ဖြစ်နေသည်။
ဆုံးသွားသော ဘုရားအစား ဆင်းတုသစ်ထည့်ကာ ၁၈၁၆ ခုတွင် ကျောင်းဆောင်ကို ပြန်တည်သည်။ [၂] သို့သော် ထိုင်းတို့အား ပုန်ကန်သည့် ၁၈၂၈ ခုတွင် ကျောင်းဆောင် ထပ်ဖျက်ခံရသည်။ မြို့အလုံးလည်း ဖျက်ဆီးခံရသည်။ ပြင်သစ်အင်ဒိုချိုင်းနား ကိုလိုနီခေတ်တွင် ၁၉၃၆ မှ ၁၉၄၂ အကြား လူးဝစ် ဒီလပို၏ ဓာတ်ပုံများကို မှီး၍ ပြင်သစ်တို့က ကျောင်းဆောင်ကို ပြန်တည်သည်။ မူလအပျက်ပုံကို အခြေခံကာ မွမ်းမံခြင်း ဖြစ်သည်။ ယခင်အဆောက်အဦကို အခြေခံသော်လည်း ပုံစံမှာ ၁၉ ရာစု ထိုင်းဗိသုကာလက်ရာနှင့် ပိုဆင်သည်။ ၁၉၇၀ ဝန်းကျင်တွင် ကျောင်းဆောင်ကို ပြတိုက်အဖြစ် ပြောင်းလိုက်သည်။ [၃] ၁၉၉၃ တွင် အကြီးစားမွမ်းမံမှု လုပ်သေးသည်။ [၄]
ဟော်ဘုရားကျောင်းကို လာအိုတို့၏ ဘာသာရေးအနုပညာလက်ရာများကို တွေ့နိုင်သည့် အကောင်းဆုံးနေရာများအနက် တခုဖြစ်သည်။ ကျောင်းစင်္ကြန်တွင် ဆင်းတုအချို့ ထားသည်။ ၆ ရာစုမှ ၉ ရာစုကြား ကျောက်ဆင်းတုများအပြင် နောက်ပိုင်းရာစုတို့မှ ထိုင်တော်မူ၊ ရပ်တော်မူ ကြေးဆင်းတုများလည်း ရှိသည်။ [၃] ဆင်းတုအများစုမှာ သိမ်ထဲတွင် ဖြစ်သည်။ သိမ်ကို ဘာသာရေးအခမ်းအနားများ ကျင်းပရန်လည်း သုံးသည်။ သိမ်အဝင်ရှိ ထွင်းတံခါးတို့မှာ မူလဗိမာန်မှ တံခါးရွက်များ ဖြစ်သည်။ ထိုင်းမှ မြဘုရားပုံတူ ထုထားသော ဆင်းတုလည်း ရှိသည်။ [၅] မြဘုရားတင်သည့် ပုလ္လင်၊ ခမာလက်ရာများ၊ သစ်သားပန်းပုများ၊ ကြေးဝါဖားစည်နှင့် ထန်းရွက်ပေါ်တွင် ရေးသော ဘုရားစာများ ရှိသည်။ [၆]
အဆောက်အဦကို ဥယျာဉ်ပြင်၌ ထားပြီး ထိုဥယျာဉ်၌ ပြထားသော ပစ္စည်းများအနက် တခုမှာ အိုးခင်းဟု နာမည်ကြီးသော ရှိန်းကောင်းကုန်းပြင်မြင့်မှ ရသည့် နှစ် ၂၀၀၀ သက်တမ်းရှိ ကျောက်အိုး ဖြစ်သည်။