အကြည့်လွှဲ ရွေ့လျားခြင်း လှည့်စားမှု (အင်္ဂလိပ်: peripheral drift illusion; အတိုကောက် - PDI ) သည် အရာဝတ္ထုတစ်ခုကို တိုက်ရိုက်စူးစိုက်ကြည့်မနေသည့်အခါ အလင်းပြန်မှု အနုအရင့်မတူသော ဒလက်သွားတစ်ခု၏ ပုံဖော်ထားမှုက ဖြစ်စေသော ရွေ့ရှားမှုဆိုင်ရာ လှည့်စားမှုတစ်ခုဖြစ်သည်။ ဖော်ပြပါ လှည့်စားမှုစနစ်ကို ၁၉၉၉တွင် ပထမဆုံး ဖော်ပြခဲ့သူမှာ ဂျိုစစ်လာ ဖုဘဲ (Jocelyn Faubert) နှင့် ဟားဘတ်(ဘာ့တ်)(Herbert) တို့ဖြစ်ကြသည်။ သို့သော်လည်း အထက်ဖော်ပြပါနည်းနှင့် တူညီသော 'escalator illusion' ကို ဖရေးဇာ (Fraser) နှင့် ဝစ်လ်ကော့ခ်စ် (Wilcox) တို့က ၁၉၇၉ တွင် ထုတ်ဖော်တင်ပြခဲ့ကြဖူးသည်။ ဤ PDI ၏ မူကွဲတစ်ခုကို ကီတာအိုကာ (Kitaoka Akiyoshi) က ၂၀၀၃ တွင် ဖန်တီးခဲ့၍ ဒလက်သွားအလင်းပြန်မှုကို အဆက်မပြတ်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ကာ ကြားရှိ မီးခိုးရောင်များကို ပြောင်းပြန်အနေအထား ပြန်ပြုလုပ်ခဲ့သည်။ ကီတာအိုကာသည် PDI နှင့်ပတ်သက်၍ များစွာသော မူကွဲများကို ဖန်တီးခဲ့ပြီး 'လည်နေသော မြွေများ' သည် အလွန်ကျော်ကြားသော လှည့်စားမှုတစ်ခုဖြစ်သည်။
လှည့်စားမှုကို အလွယ်တကူမြင်နိုင်ပေသည်။ တိုက်ရိုက်မကြည့်ဘဲ ပစ္စည်း၏ ဘေးသို့ စူးစိုက်ကြည့်ရှုရန်ဖြစ်ပြီး မျက်တောင်ကို ခပ်မြန်မြန် ပုတ်ခတ် ပုတ်ခတ် လုပ်ရန်ဖြစ်သည်။ ပုံ၏ အစွန်းဖျားက စာသားကို ဖတ်နေစဉ်တွင်လည်း ကြည့်ရှုသူများ လှည့်စားမှုကို အလွယ်တကူ မြင်နိုင်သည်။ ဤလှည့်စားမှု၏ ရွေ့လျားမှုအသွားမှာ အမှောင်-အလင်း လားရာပုံစံဖြစ်သည်။
PDI လှည့်စားမှုများကို ကြည့်မြင်ရာတွင် အာရုံကြောစနစ် ယန္တယားကို စစ်ဆေးလေ့လာထားသော စာတမ်းနှစ်စောင် ထုတ်ဝေခဲ့သည်။ (Backus & Oruç, 2005; Conway et al., 2005) ဖုဘဲ နှင့် ဟားဘတ် (၁၉၉၉) တို့က ညွှန်းဆိုဖော်ပြသည်မှာ ဤအမြင်လှည့်စားမှုသည် ရွေ့ရှားမှုစနစ်ကို လှည့်စားသည့် အချက်ပြမှုတစ်ခုကို ထုတ်လုပ်ပေးသော အလင်းပြန်မှုဆိုင်ရာ (အချိန်နှင့်အလိုက်)ကွဲပြားမှုများ အပေါ်တွင် အခြေခံသည်။ (ရွေ့သည်ဟု အထင်ရှိစေရန် အရောင်တို့၏ မတူညီသော အလင်းပြန်မှုများက ဖြစ်စေသော လှည့်စားမှု ဟုဆိုလိုသည်) ယင်း ၂၀၀၅ စာတမ်းဆောင်းပါးနှစ်ခုလုံးသည် ဤစိတ်ကူးသဘောနှင့် ကိုက်ညီသည်။ သို့သော် စာတမ်းက ဆက်လက်ဆိုသည်မှာ အရောင်(အလင်းပြန်မှု) သိသိသာသာ ကွဲပြားခြင်းသည် အရေးကြီးသော အချက်တစ်ခု ဖြစ်ဟန်တူသည်ဟု ဆိုထားသည်။
လည်နေသော မြွေများ သည် အမြင်ဆိုင်ရာ လှည့်စားမှုတစ်ခုဖြစ်၍ ပါမောက္ခ ကီတာအိုကာက ၂၀၀၃ တွင် တိုးတက်အောင်ပြုလုပ်ခဲ့သော နည်းဖြစ်သည်။[၁] အကြည့်လွှဲ ရွေ့လျားခြင်း လှည့်စားမှုပုံစံတစ်ခုဖြစ်သည်။ မြွေများကို အရောင်အသွေးအနည်းငယ်ဖြင့် ဖွဲ့စည်းပုံဖော်ထားကာ ရစ်ခွေနေသော မြွေနဂါးနှင့် ဆင်တူသည်ဟု ပုံမှာ အသေဖြစ်သော်လည်း မြွေများမှာ စက်ဝိုင်းပုံအတိုင်းရွေ့နေသည့် အထင်ကိုပေးသည်။ မြင်ရသည့် အရွေ့နှုန်းသည် ကြည့်သူ၏ မျက်စိကို (တမင်တကာမဟုတ်ဘဲ) ပေါ်အောက်ဝဲယာ အနည်းငယ်လောက်သို့ ဇာတ်ကနဲ ဖြတ်ကနဲဗပြာင်းသွားမှုအပေါ်တွင် မူတည်သည်။(Alexander & Martinez-Conde, 2019)