အိမ်ထောင်ပြုခြင်းအပေါ် ဗုဒ္ဓဘာသာအမြင် သည် ဘာသာရေးနှင့် မပတ်သက်သည့် ကိစ္စဟု သတ်မှတ်ထားသည်။[၁] ထို့ပြင် အိမ်ထောင်ပြုခြင်းကို ဓမ္မနှင့် ဆက်စပ်သည့်အမှုဟု သတ်မှတ်ထားခြင်းလည်း မရှိပေ။[၂] ဗုဒ္ဓဘာသာဝင်များသည် သူတို့၏ လေးစားရသည့် အုပ်ထိန်းသူများက ထုံးတမ်းဥပဒေများနှင့်အညီ အိမ်ထောင်ပြုပေးခြင်းကို လေးစားလိုက်နာကာ ဆောင်ရွက်ကြသည်။[၂]
ဗုဒ္ဓဘာသာဝင် အများစုသည် လက်ထပ်မင်္ဂလာပွဲပြီးဆုံးသည့်အခါတွင် ရဟန်းများထံမှ ဆုတောင်းခံယူခြင်းကို ဆောင်ရွက်လေ့ရှိသည်။[၁]
ဂေါတမဗုဒ္ဓသည် အိမ်ထောင်ပြုခြင်းကို ဆန့်ကျင်သောစကား မည်သည့်အခါမျှ မပြောကြားခဲ့ပေ။[၃] သို့သော်လည်း အိမ်ထောင်ပြုရာတွင် ကြုံတွေ့လာရမည့် အခက်အခဲအချို့ကိုမူ ပြောကြားခဲ့သည်။[၃] ဗုဒ္ဓသည် ပရဘာဝ သုတ္တန်တွင် “မိမိ၏ မယားဖြင့် တင်းတိမ်မှုမရှိဘဲ အခြားသူများ၏မယားများနှင့် ပြည့်တန်ဆာများနှင့် သွားလာခြင်းသည် ထိုသူ၏ ပျက်စီးရာပျက်စီးကြောင်း ဖြစ်သည်”[၄] ဟု ဟောကြားတော်မူခဲ့သည်။
ပါဠိစာပေတွင် သာသနာ့ဘောင်သို့ ဝင်ရောက်လာသည့် အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးအတွက် လိင်တူဖြစ်စေ လိင်မတူဖြစ်စေ ကာမဆက်ဆံမှုသည် အတားအဆီးများ ဖြစ်သည်ဟု ဖော်ပြထားသည်။ လိင်တူကာမဆက်ဆံခြင်းကို အချို့စာပေများတွင် ပြင်းပြင်းထန်ထန်ပင် ရှုတ်ချထားသည်။ ဤသည်ကို ဒလိုင်းလားမားက “ဗုဒ္ဓဘာသာ၏ အမြင်အရ အမျိုးသားအချင်းချင်းနှင့် အမျိုးသမီးအချင်းချင်း ဆက်ဆံမှုသည် လိင်ပိုင်းဆိုင်ရာအရ ဆိုးသွမ်းသည့်အပြုအမူ” ဟု ပြောခဲ့သည်။[၅]
ဗုဒ္ဓဘာသာသည် အိမ်ထောင်ပြုခြင်းကို တိုက်တွန်းမှု၊ ဟန့်တားမှု မရှိသော်လည်း လိုက်နာသင့်သည့် စည်းမျဉ်းစည်းကမ်းများကို သိင်္ဂါလောဝါဒသုတ်တွင် ဟောကြားတော်မူခဲ့သည်။ ဤသုတ္တန်တွင် ခင်ပွန်း၏ ကျင့်ဝတ်များ၊ ဇနီး၏ ကျင့်ဝတ်များ စသည်တို့ကို ဟောကြားတော်မူခဲ့သည်။[၆][၇][၈]
ဒလိုင်းလားမားက အိမ်ထောင်ပြုခြင်း၏ အကျိုးနှင့် ပတ်သက်၍ “အနောက်နိုင်ငံမှ လူများစွာတို့သည် အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်၍ အရှုံးပေါ်နေကြသည်။ သူတို့သည် တစ်ဦးပေါ်တစ်ဦး နားလည်လေးစားမှုရှိခြင်း၊ အခြားသူတစ်ဦးတစ်ယောက်၏ လိုအပ်ချက်များဖြစ်သည့် နက်ရှိုင်းစွာ လေးစာမှု,ယုံကြည်မှု, နားလည်မှုများကိုလည်း နားလည်မှု မရှိပေ။ လွယ်လွယ်ရ လွယ်လွယ်စွန့်ခြင်းသည် သူတို့အား ပိုမိုလွတ်လပ်မှုများကို ပေးသည် ....... သို့သော် ကျေနပ်နှစ်သိမ့်မှုမှာမူ နည်းပါးလျက်ရှိသည်” ဟု ဆိုခဲ့သည်။[၉]
ဗုဒ္ဓဘာသာသည် အိမ်ထောင်ပြုခြင်းကို ဘာသာရေးနှင့်မသက်ဆိုင်ဟု သတ်မှတ်ထားသည့်အတွက်[၁] ကွာရှင်းခြင်း အပေါ်လည်း ကန့်သတ်ချက်များ မရှိပေ။[၁၀] Ven. K. Sri Dhammananda က “ခင်ပွန်းနှင့် ဇနီးဖြစ်သူတို့သည် အမှန်တကယ် အတူတကွ ပေါင်းသင်းရန် မဖြစ်နိုင်သည့်အခါတွင် စိတ်ပူပန်သောကများဖြင့် ဘဝကို ဖြတ်သန်းခြင်း၊ မနာလိုမှုများ, ဒေါသများနှင့် စိတ်နှလုံးနာကြည်းမှု စသည်တို့ ဖြစ်နေမည့်အစား လွတ်လပ်စွာကွာရှင်း၍ ငြိမ်းချမ်းစွာနေသင့်သည်” ဟု ဆိုခဲ့သည်။[၁၁]