ဥပ္ပလဝဏ်ထေရီသည် ဂေါတမမြတ်စွာဘုရားလက်ထက်တော်တွင် တန်ခိုးကြီးသောအရာ၌ ဧတဒဂ်ရ ထင်ရှားသော ဘိက္ခုနီမတစ်ပါးဖြစ်သည်။ သာဝတ္ထိပြည် ကုဋေ ၁၆ဝ ကြွယ်ဝသော သူဌေး၏ သမီးဖြစ်၍ ကြာညိုအဆင်းရှိသောကြောင့် ဥပ္ပလဝဏ်ဟု အမည်တွင်သည်။ ကိုယ်အနံ့လည်း ကြာညိုနံ့သင်းသည်။ ဥပ္ပလဝဏ်သည် အလွန်ချောမော လှပသောကြောင့် ဇမ္ဗူဒိပ်တစ်ကျွန်းလုံးမှ မင်းများနှင့် သူဌေးများက လာရောက်တောင်းကြလေသည်။ ထိုအခါ ဖခင်ကပရိယာယ်ဖြင့် တောင်းလာသူအားလုံးကို ကျေနပ်စေခြင်းငှာ၊ သမီးအား "ရဟန်းပြုနိုင်မည်လော" ဟု မေးမြန်းတိုက်တွန်းသည်။ သမီးဖြစ်သူမှာ မူလကပင် ရဟန်းပြုချင်သော ဆန္ဒပြင်းပြသဖြင့် ပြုနိုင်သည်ဟု ဝန်ခံ၍ ရဟန်းပြုသည်။ ရဟန်းအဖြစ်သို့ရောက်၍ များမကြာမီ ဆီမီးရောင်ကို မြင်ရသဖြင့် တေဇောကသိုဏ်းကို အာရုံပြုကာ မဂ်လေးတန်ရ၍ ရဟန္တာဖြစ်သည်။
ရဟန္တာဖြစ်သည်နှင့်တစ်ပြိုင်နက် တန်ခိုးအဘိညာဉ် ကြီးမားလှသောကြောင့် အများကပင် အံ့ဩကြည်ညိုကြသည်။ မြတ်စွာဘုရားသည် တိတ္ထိတို့အား တန်ခိုးပြာဋိဟာကို ပြမည်ပြုသောအခါ မိမိပြခွင့်ပြုရန်ပင် လျှောက်ထားဝံ့သည်။ ထို့ကြောင့် မြတ်စွာဘုရားက လက်ဝဲရံ အဂ္ဂသာဝိကအဖြစ် မြှောက်စား၍ တန်ခိုးအရာ၌ ဣဒ္ဓိမန္တဧတဒဂ်ဘွဲ့ ချီးမြှောက်တော်မူသည်။ ဥပ္ပလဝဏ်ထေရီသည် ပဒုမုတ္တရ ဘုရားရှင်လက်ထက် ဝိမလာဒေဝီ နဂါးမဘဝမှစ၍ ကဿပ ဘုရားရှင်လက်ထက်တွင် ကိကီမင်းကြီး၏သမီးတော် သမဏဂုတ္တာမင်းသမီးအဖြစ် ဆုပန်ခဲ့သည်။ ထို့နောက် ဥမ္မာဒန္တီအဖြစ်၊ ပဒုမဝတီမင်းသမီးအဖြစ် စသည်တို့၌လည်း ဆုပန်ခဲ့၍ တန်ခိုးထက်မြက်ခြင်း၊ သွားလေရာ၌ ဖဝါးချရာတွင်ကြာပွင့်ခံခြင်း၊ ကိုယ်နံ့မှာ ကြာညိုပန်းကဲ့သို့ မွှေးကြိုင်ခြင်း စသော အကျိုးတရားများနှင့် ပြည့်စုံရခြင်းဖြစ်သည်။ "ဥပ္ပလဝဏ်ထေရီသည်လည်းကောင်း၊ ဥပ္ပလဝဏ်သည် လည်းကောင်း ဤဗုဒ္ဓမြတ်စွာဘုရား၏ မြတ်သောတပည့်မ အဂ္ဂသာဝိကာ ဖြစ်ကုန်လတ္တံ့။" ဟု ကောဏ္ဍညဗုဒ္ဓဘုရားဟောခဲ့သည်။[၁]