၂၀၁၄ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်း

၂၀၁၄ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်း

၃၀ မတ် ၂၀၁၄ (၂၀၁၄-၀၃-၃၀) – ၁၀ ဧပြီ ၂၀၁၄ (၂၀၁၄-၀၄-၁၀)

ယေဘုယျ သတင်းအချက်အလက်
နိုင်ငံမြန်မာနိုင်ငံ
ရလဒ်များ
စုစုပေါင်း လူဦးရေ51,486,253 (Increase 45.6%)
လူဦးရေ အများဆုံ; ​ဒေသရန်ကုန်တိုင်းဒေသကြီး (7,355,075)
လူဦးရေ အနည်းဆုံး ​ဒေသကယားပြည်နယ် (286,738)

၂၀၁၄ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်း (တရားဝင်အားဖြင့် ၂၀၁၄ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း) သည် ၂၀၁၄ခုနှစ်က မြန်မာနိုင်ငံတွင် ကောက်ယူခဲ့သည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းဖြစ်သည်။ နှစ်ပေါင်း (၃၁)နှစ်အကြာမှသာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြန်လည်ကောက်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၄သန်းခေါင်စာရင်း အစီရင်ခံစာအရ ၂၀၁၄ခုနှစ် မတ်လ (၂၉)ရက်နေ့ညအထိ မြန်မာနိုင်ငံ၏ လူဦးရေမှာ (၅၁,၄၈၆,၂၅၃) ဦးဖြစ်သည်။ အတိအကျကောက်ယူရရှိသော လူဦးရေမှာ (၅၀,၂၇၉,၉၀၀) ဦးဖြစ်ကာ လုံခြုံရေးနှင့် အခြားအခြေအနေများကြောင့် မကောက်ယူနိုင်သည့်ဒေသများ၏ ခန့်မှန်းလူဦးရေမှာ (၁,၂၀၆,၃၅၃) ဦးဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

သန်းခေါင်စာရင်းအသစ်ကောက်ယူရန် လိုအပ်လာခြင်း

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် နောက်ဆုံးကောက်ယူခဲ့သော သန်းခေါင်စာရင်းမှာ ဆိုရှယ်လစ်ခေတ်က ကောက်ယူခဲ့သည့် ၁၉၈၃ခုနှစ်သန်းခေါင်စာရင်းဖြစ်သည်။ နောက်ပိုင်းကာလများတွင် ထိုသန်းခေါင်စာရင်း၏ မွေးနှုန်းများကိုသာ ခန့်မှန်းတွက်ချက်ခဲ့သဖြင့် လူဦးရေမှာ တိကျမှန်ကန်ခြင်းမရှိတော့ပေ။တိကျသော သန်းခေါင်စာရင်းကောက်ယူမှသာ အစိုးရ၏ မူဝါဒများ၊ စီမံချက်များ ချမှတ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ၊ လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မှန်ကန်အကျိုးရှိမည်ဖြစ်သည်။ ၂၀၁၁ခုနှစ်တွင် အစိုးရစနစ်ပြောင်းလဲပြီး အသစ်တက်လာသော အစိုးရလက်ထက်တွင် နှစ်ပေါင်း(၃၀)နီးပါး မကောက်ယူနိုင်ခဲ့သည့် သန်းခေါင်စာရင်းကို ကောက်ယူရန် ပြင်ဆင်ခဲ့ကြသည်။ ၂၀၁၄သန်းခေါင်စာရင်းမတိုင်မီအထိ ခန့်မှန်းတွက်ချက်နှုန်းများအရ မြန်မာနိုင်ငံ၏ လူဦးရေမှာ သန်း(၆၀)ကျော်ဟု မှတ်ယူခဲ့ကြသည်။[]

၂၀၁၄သန်းခေါင်စာရင်းကောက်ယူခြင်း၏ ကောင်းကျိုးဆိုးကျိုးများ ဆန်းစစ်ခြင်း

[ပြင်ဆင်ရန်]

၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းတွင် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပက်သက်၍ ဘေးထွက်ဆိုးကျိုးနှင့် အန္တရာယ် ဆန်းစစ်လေ့လာမှု ပြုလုပ်ခဲ့ကြသည်။ သန်းခေါင်စာရင်းကောက်ယူရန်အတွက် နောက်ဆုံးသန်းခေါင်စာရင်းကောက်ယူခဲ့သည့် နှစ်ပေါင်း (၃၁)နှစ်အကြာ ၂၀၁၄ခုနှစ် မတ်လ-ဧပြီလတွင် ကောက်ယူရန် စီစဉ်ခဲ့ကြသည်။၂၀၁၄ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူလျှင် ရလာမည့် အကျိုးများနှင့် မကောက်ယူလျှင်ဖြစ်လာမည့် ဆိုးကျိုးများကို လေ့လာခဲ့ကြသည်။

၂၀၁၄ခုနှစ်တွင် ကောက်ယူပါက ၂၀၁၅ရွေးကောက်ပွဲတွင် အနိုင်ရပြီးတက်လာမည့် အစိုးရသည် သန်းခေါင်စာရင်းမှ ရရှိလာသော အချက်အလက်များကို အခြေခံ၍ မူဝါဒများ၊ စီမံကိန်းများ၊ ရင်းနှီးမြှပ်နှံမှုများကို မှန်ကန်တိကျစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။မကောက်ယူခဲ့ပါက ၂၀၁၆ခုနှစ်တွင် တက်လာမည့်အစိုးရသည် တိကျသောစာရင်းအချက်အလက်များ မရှိသဖြင့် မူဝါဒများချမှတ်ရာတွင် တိကျမှုရှိမည်မဟုတ်ပေ။ အစိုးရအသစ်လက်ထက်တွင်မှသာ သန်းခေါင်စာရင်းကောက်ခံပါက ထိုအစိုးရသက်တမ်း ကုန်ဆုံးခါနီးအချိန်အထိ အချက်အလက်များ အဆင့်သင့်ဖြစ်နိုင်မည် မဟုတ်ပေ။ထို့အပြင် ၂၀၁၅ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူ ခန့်မှန်းလူဦးရေစာရင်း (မဲစာရင်းအတိအကျမဟုတ်ပါ) အားလည်း ရရှိနိုင်မည်ဖြစ်သည်။သန်းခေါင်စာရင်းမှ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ ပညာရေး၊ ကျန်းမာရေး၊ ရေကောင်းရေသန့်ရရှိရေး၊ အခြေခံအဆောက်အအုံနှင့် အခြားလူမှုရေးကဏ္ဍများအတွက် အခြေခံအချက်အလက်များ ရရှိမည်ဖြစ်သည်။[]

သန်း​ခေါင်စာရင်း မ​ကောက်ယူမီ လုပ်ငန်းစဉ်များ

[ပြင်ဆင်ရန်]

စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်း

[ပြင်ဆင်ရန်]

ပင်မသန်းခေါင်စာရင်းမကောက်မီ တစ်နှစ်တိတိအလို (၂၀၁၃ခုနှစ် မတ်လ - ဧပြီလ) တွင် ဘာသာစကား၊ ဓလေ့ထုံးတမ်းမတူသော ဒေသများကိုရွေးချယ်၍ စမ်းသပ်သန်းခေါင်စာရင်းကို ကောက်ယူခဲ့သည်။ ဤသို့ ကောက်ယူခြင်းဖြင့် သန်းခေါင်စာရင်းကောက်ယူရာတွင် ကြုံလာနိုင်သည့် အခက်အခဲများကို ကြိုတင်သိရှိကာ ပြင်ဆင်လာနိုင်ခဲ့သည်။ သင့်လျော်သည့် မေးခွန်များရွေးချယ်ခြင်း၊ စာရင်းကောက်များနှင့် စာရင်းစစ်များအား သင်တန်းများပေးခြင်း၊ စာရင်းကောက်ရာတွင် စကားအသုံးအနှုန်းများကို ဆန်းစစ်လေ့လာနိုင်ခြင်း၊ လူထုပညာပေးအစီအစဉ်များ ဆောက်ရွက်နိုင်ခြင်း စသည်တို့ကို စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရာမှ ရရှိလာသော သင်ခန်းစာများမှ ကြိုတင်ပြင်ဆင်လာနိုင်ခဲ့သည်။ စမ်းသပ်သန်းခေါင်စာရင်းအား မြို့နယ်ပေါင်း (၂၀)ရှိ အိမ်ထောင်စုပေါင်း (၅၀၀၀)ဖြင့် ကောက်ယူခဲ့သည်။[]

၂၀၁၃ခုနှစ် ဇူလိုင်လ ၂၉ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က လူဦးရေနှင့် အိမ်အကြောင်းအရာ "သန်းခေါင်စာရင်းဥပဒေ "ကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေအရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို ဖွဲ့စည်းထားရှိသည်။ ဤဥပဒေအရ သန်းခေါင်စာရင်းအတွက် ကောက်ယူရရှိသော အချက်အလက်များကို သန်းခေါင်စာရင်းအတွက်မှလွဲ၍ အခြားသော အကြောင်းအရာများအတွက် အသုံးပြုခွင့်မရှိပေ။[]

ကြိုတင်ပြင်ဆင်ခြင်း

[ပြင်ဆင်ရန်]

သန်းခေါင်စာရင်းအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ သန်းခေါင်စာရင်း ပညာရှင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နည်းပညာရှင်များနှင့် တွေ့ဆုံကာ အကူအညီများလည်း ရယူခဲ့သည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရသည်။လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနမှ ဦးဆောင်၍ ဦးစီးဆောင်ရွက်ခဲ့ကာ ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ ဟူသောဆောင်ပုဒ်ကို ချမှတ်ခဲ့သည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်သည့်လုပ်ငန်းအားလုံးကို အကဲဖြတ်တွက်ချက်၍ သန်းခေါင်စာရင်းစီမံချက်ကို ၂၀၁၁ခုနှစ်မှစ၍ ရေးဆွဲခဲ့သည်။ မြေပုံရေးဆွဲခြင်းမှအစ အစီရင်ခံစာများထုတ်ပြန်ခြင်းအထိ လေ့လာဆန်းစစ်၍ စီမံချက်ချခဲ့ကြသည်။ ပထမအဆင့်အနေဖြင့် ၂၀၁၂ခုနှစ် ဇွန်လတွင် သင်တန်းများပို့ချကာ ရပ်ကွက်များကို မြို့ပြဒေသများ၌လည်းကောင်း၊ ကျေးရွာအုပ်စုများကို ကျေးလက်ဒေသများ၌လည်းကောင်း စာရင်းကောက်ကွက်မြေပုံများ ရေးဆွဲခဲ့ကြသည်။ ထို့နောက် မြို့နယ်ပေါင်း (၃၃၀)အား တစ်မြို့နယ်ချင်းစီလေ့လာကာ မြို့နယ်လဝကဝန်ထမ်းများမှ မြို့နယ်များရှိ အိမ်ထောင်စုနှင့် အဖွဲ့အစည်းအရေအတွက်ကို ရေတွက်ခဲ့ကြသည်။ ရရှိလာသော အချက်အလက်များအား စုစည်း၍ စာရင်းကောက်တစ်ဦးကောက်ယူရမည့် ကောက်ကွက်များကို သတ်မှတ်ခဲ့သည်။ နိုင်ငံအနှံ့ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း (၁၆,၀၀၀)အတွက် မြေပုံများရေးဆွဲကာ စာရင်းကောက်ကွက်ပေါင်း (၈၁,၇၅၀)ခန့် သတ်မှတ်ခဲ့သည်။ ကချင်၊ ရှမ်း၊ ကရင်ပြည်နယ်များရှိ ဒေသအချို့အတွက် ဂြိုဟ်တုဓာတ်ပုံများ အသုံးပြုခဲ့ရသည်။ []

၂၀၁၂ခုနှစ် ဇူလိုင်လတွင် ကုလသမဂ္ဂ၏ အခြေခံအချက်များ၊ မြန်မာနိုင်ငံရှိ ယခင်ပြည်လုံးကျွတ်သန်းခေါင်စာရင်းများဖြစ်သည့် ၁၉၇၃၊ ၁၉၈၃ အချက်အလက်များ၊ အာဆီယံနိုင်ငံများ၏ သန်းခေါင်စာရင်းအချက်အလက်များကို လေ့လာကာ သန်းခေါင်စာရင်းလက်စွဲစာစောင်၊ မေးခွန်းများကို ပြုစုခဲ့ကြသည်။သန်းခေါင်စာရင်းတွင် ခေတ်မီနည်းပညာများ အသုံးပြုရန် ရည်ရွယ်ခဲ့ပြီး ပုံရိပ်ဖတ်ခြင်း နည်းပညာ (Scan ဖတ်ခြင်း) ကို အဓိကအသုံးပြုခဲ့သည်။ပုံရိပ်ဖတ်ရန်အတွက် ခေတ်မီပုံရိပ်ဖတ်စက်ကြီး (၈)လုံး ထားရှိခဲ့သည်။ (၂)လုံးကို ဝယ်ယူပြီး (၆)လုံးကို ငှားရမ်းအသုံးပြုခဲ့သည်။ ထိုစက် တစ်လုံးသည် တစ်နာရီလျှင် ​မေးခွန်းပုံစံ (၄,၀၀၀)ခန့် ဖတ်နိုင်သည်။[]

မေးခွန်းပုံစံ (၁၁)သန်းခန့်ပါဝင်သော ပုံးပေါင်း (၂,၀၀၀၀)အား နိုင်ငံတဝန်းသို့ ကြိုတင်ဖြန့်ဝေခဲ့သည်။ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း (၈၁,၇၄၄) ကွက်သတ်မှတ်ထားရှိသည်။ အစီရင်ခံစာများကို ရှေ့ပြေးအစီရင်ခံစာ၊ ပင်မအစီရင်ခံစာ၊ သက်ဆိုင်ရာအကြောင်းအရာအလိုက် အသေးစိတ်အစီရင်ခံစာဟူ၍ အဆင့် (၃)ဆင့်ဖြင့် ထုတ်ပြန်ရန် စီစဉ်ခဲ့သည်။သန်းခေါင်စာရင်းကောက်ယူရန်အတ့က် အခြေခံပညာဦးစီးဌာနမှ ဆရာ/ဆရာမများကို တာဝန်ပေးအပ်ပြီး သင်တန်းပေးလေ့ကျင့်ပေးခဲ့သည်။ အကြောင်းမှာ ဆရာ/ဆရာမများကို ၎င်းတို့တာဝန်ထမ်းဆောင်သည့် ပတ်ဝန်းကျင်မှ လူများက သိရှိကြပြီး လေးစားယုံကြည်မှုရှိခြင်း၊ ဒေသခံများ၏ ပြောစကားကို နားလည်သဘောပေါက်ခြင်း၊ ဒေသခံများနှင့် အကျွမ်းတဝင်ရှိခြင်း၊ ပညာအဆင့်အတန်းရှိခြင်းတို့ကြောင့် ဦးစားပေးရွေးချယ်ခြင်းဖြစ်သည်။သန်းခေါင်စာရင်းမကောက်ယူမီ ၂ရက်အလိုကပင် စာရင်းကောက်ဆရာမများသည် သက်ဆိုင်ရာနေရာများသို့ ကြိုတင်ရောက်ရှိပြီး ပြင်ဆင်ခဲ့ကြသည်။

သန်းခေါင်စာရင်းကောက်ရန် သတ်မှတ်ချက်များ

[ပြင်ဆင်ရန်]

သန်းခေါင်စာရင်းကောက်ရာတွင် ၂၀၁၄ခုနှစ် မတ်လ (၂၉)ရက် ညသန်းခေါင်ယံအချိန် မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်သူများကို ထည့်သွင်းကောက်ခံခဲ့သည်။ထို​​နေ့ညသန်း​ခေါင်ယံ​ကျော်မှ ​သေဆုံးသူများလည်း ပါဝင်သည်။ထို့အပြင် နိုင်ငံခြားသို့​ရောက်ရှိ​နေ​သော မြန်မာနိုင်ငံသားများနှင့် မြန်မာသံရုံးဝန်ထမ်းများကိုလည်း ​ရေတွက်မည်ဖြစ်သည်။ထိုနေ့ညသန်းခေါင်ယံနောက်ပိုင်းမွေးသည့် ကလေးငယ်များနှင့် နိုင်ငံခြားသံရုံးများမှ သံတမန်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို ထည့်သွင်း​ရေတွက်ခြင်းမပြု​ပေ။ ထိုသို့ကောက်ယူရာတွင် အောက်ပါအတိုင်းအမျိုးအစားများ ခွဲခြားထားသည်။[]

  • ပုံမှန်အိမ်ထောင်စုများ - တစ်ဦး (သို့မဟုတ်) တစ်ဦးထက်ပိုသောသူများပါပြီး တစ်အိမ်တည်းနေ၍ တစ်အိုးတည်းစားသူများဖြစ်သည်။
  • အဖွဲ့အစည်း (သို့မဟုတ်) စုစည်းနေထိုင်သော အိမ်ထောင်စုများ - နေထိုင်သူများသည် သွေးသားတော်စပ်သည်ဖြစ်စေ၊ မတော်စပ်သည်ဖြစ်စေ (သို့မဟုတ်) လက်ထပ်ထားသည်ဖြစ်စေ လက်မထပ်ထားသည်ဖြစ်စေ အဆောက်အဦးတစ်ခုကို အိမ်အဖြစ် အတူတူမျှဝေသုံးစွဲကြသူများဖြစ်သည်။ ဥပမာ- ဟိုတယ်၊ ဘုန်းကြီးကျောင်း၊ ဘိုးဘွားရိပ်သာ၊ တပ်စခန်း၊ ထောင် စသည်တို့ဖြစ်သည်။
  • အထူးလူဦးရေအုပ်စုများ - အိုးမဲ့အိမ်မဲ့များ၊ လှည့်လည်နေထိုင်သူများ၊ လေဆိပ်နှင့် သင်္ဘောဆိပ်တွင် လေယာဉ်နှင့် သဘောၤ အပြောင်းအလဲလုပ်ရန် ခေတ္တရောက်နေသူများ၊ နယ်စပ်ဖြတ်ကျော်လာသူများ ဖြစ်ကြသည်။
  • ယာယီကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သူများ - ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ကြသူများဖြစ်သည်။

မေးခွန်းများ

[ပြင်ဆင်ရန်]

သန်းခေါင်စာရင်းကောက်ယူရာတွင် အိမ်ထောင်တစ်စုလျှင် အချက်အလက်များပါဝင်သည့် မေးခွန်းစာရွက် (၂)ရွက်ဖြင့် ကောက်ယူခဲ့သည်။ ထိုစာရွက်များတွင် ပါဝင်သောမေးခွန်းများမှာ[] (က) အမည် (ခ) ကျား/မ (ဂ) အသက် (ဃ) အိမ်ထောင်ဦးစီးနှင့်တော်စပ်ပုံ (င) အိမ်ထောင်ရေးအခြေအနေ (စ) ကိုးကွယ်သည့်ဘာသာ (ဆ) လူမျိုးနွယ်စု (ဇ) မသန်စွမ်းမှုအခြေအနေ (ဈ) ပြောင်းရွှေ့သွားလာနေထိုင်ခြင်းဆိုင်ရာမေးခွန်း (ည) ပညာရေးမေးခွန်း (ဋ) စီးပွားရေးဆိုင်ရာဆောင်ရွက်မှုအခြေအနေ (ဌ) အိမ်ရာနှင့် အိမ်ရာအသုံးအဆောင်ဆိုင်ရာမေးခွန်းများ (ဍ) အိမ်ထောင်စုတွင် လွန်ခဲ့သော (၁၂)လအတွင်းသေဆုံးမှုများ (ဎ) ပြည်ပတွင်သွားရောက်နေထိုင်သည့် မြန်မာလူမျိုးများ တို့ဖြစ်ကြသည်။

သန်းခေါင်စာရင်းကောက်ယူခြင်း

[ပြင်ဆင်ရန်]

သန်းခေါင်စာရင်းကောက်ယူရာတွင် အချက် (၁၄)ချက်ဖြင့် ဆောင်ရွက်ခဲ့သည်။[]

  • အိမ်ထောင်စုအားလုံးကို ကောက်ယူခြင်း
  • ကောက်ယူခဲ့သော အချက်အလက်များကို စစ်ဆေးအတည်ပြုခြင်း
  • မေးခွန်းပုံစံများကို သန်းခေါင်စာရင်းရုံးသို့ လုံခြုံစွာပြန်ပို့ခြင်း
  • မေးခွန်းပုံစံများကို လုံခြုံစွာ သိမ်းဆည်းထားခြင်း
  • ပုံစံလက်ခံသည့် လုပ်ငန်းစဉ်ကို စနစ်တကျဆောင်ရွက်ခြင်း
  • မေးခွန်းပုံစံများကို ပုံရိပ်ဖတ်ရန်ပြင်ဆင်ခြင်း
  • ပုံရိပ်မဖတ်မီ မှတ်ပုံတင်စာရင်းသွင်းခြင်း
  • အဆင့်မြင့်နည်းပညာသုံး ပုံရိပ်ဖတ်သည့် လုပ်ငန်းစဉ်
  • ကွန်ပျူတာစနစ်ဖြင့် စာရင်းများကို စစ်ဆေးခြင်း
  • အမှားပြင်ဆင်ခြင်း
  • စာရင်းချုပ်ပုံစံများကို စစ်ဆေးခြင်း
  • စောင့်ကြည့်လေ့လာခြင်းနှင့် ပံ့ပိုးကြီးကြပ်ခြင်း
  • အချက်အလက်များ မကိုက်ညီမှုကို ဖြေရှင်းဆောင်ရွက်ခြင်း
  • အချက်အလက်များကို ထိန်းသိမ်းကာကွယ်ခြင်း

အိမ်​ထောင်စုအားလုံးကို​ကောက်ယူခြင်း

[ပြင်ဆင်ရန်]

၂၀၁၄ခုနှစ် မတ်လ (၃၀)ရက်နေ့ နံနက် (၇:၀၀)အချိန်မှစ၍ အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများ၊ ရပ်ရွာတာဝန်ရှိသူများ၊ ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ၊ လုပ်အားပေးသူများမှနေ၍ မိမိ၏ သန်းခေါင်စာရင်းကောက်ကွက်အလိုက် အိမ်တိုင်ရာရောက် စတင်ကောက်ခံကြသည်။ စာရင်းကောက်ယူရာတွင် ပုံရိပ်ဖတ်စက်နှင့် ပုံရိပ်ဖတ်ရာတွင် အဆင်ပြေစေရန် ခဲတံများ အသုံးပြုခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ကြိုတင်ညှိနှိုင်းခဲ့သဖြင့် သန်းခေါင်စာရင်းကောက်ယူနိုင်ခဲ့သည်။ တစ်နိုင်ငံလုံးအနေဖြင့် (၉၈)ရာခိုင်နှုန်း ကောက်ယူနိုင်ခဲ့သည်။ကရင်ပြည်နယ်ရှိ အချို့နေရာများတွင် လူဦးရေအချက်အလက်များသာ ကောက်ယူနိုင်ခဲ့သည်။ တိုင်းရင်းသား (၁၃၅)မျိုးအတွက် ကုဒ်နံပါတ်များပေးခဲ့သည်။ တိုင်းရင်းသား (၁၃၅)မျိုးအတွက် ဖြေဆိုသူသည် မိမိကိုယ်ကို မည်သည့်တိုင်းရင်းသားမျိုးနွယ်အဖြစ် သတ်မှတ်ကြောင်း ဖြေဆိုသည့်အတိုင်း ကောက်ခံခဲ့သည်။ မိမိကိုယ်ကို တိုင်းရင်းသား သွေးနှောအဖြစ်သာ သတ်မှတ်လိုပါက ကုဒ်နံပါတ် (၉၁၄)အောက်တွင် ဖြည့်သွင်းခဲ့သည်။ ထိုအချက်များကို သန်းခေါင်စာရင်းမကောက်မီကပင် အစိုးရ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အဖွဲ့အစည်းများ တွေ့ဆုံကာ ကြိုတင်သဘောတူခဲ့ကြသည်။[]

သန်းခေါင်စာရင်းကို နိုင်ငံတဝန်း မတ်လ ၃၀ရက်မှစတင်ကောက်ခံသော်လည်း ရာသီဥတုနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် ရန်ကုန်တိုင်းရှိ ကိုကိုးကျွန်းမြို့နယ်၊ ကချင်ပြည်နယ်ရှိ ပူတာအိုခရိုင်၊ ရှမ်းပြည်နယ် မိုင်းလားဒေသများတွင် မတ်လပထမပတ်မှစတင်ကာ ကောက်ယူခဲ့သည်။အချို့သည် မြန်မာအစိုးရက တရားဝင်အသိအမှတ်မပြုထားသော လူမျိုးအမည်ကို ​ဖြေခွင့်မရသဖြင့် သန်း​ခေါင်စာရင်းအ​ကောက်မခံခဲ့ကြရာ ရခိုင်ပြည်နယ်​မြောက်ပိုင်းတွင် သန်းခေါင်စာရင်းမကောက်ယူခဲ့ရမှုများလည်း ရှိခဲ့သည်။ ကချင်ပြည်နယ်တွင် ကေအိုင်အိုလှုပ်ရှားမှုနယ်မြေများရှိ ဒေသအချို့ကို စာရင်းကောက်များအားဝင်ခွင့်မပေးခဲ့သဖြင့် ကျေးရွာပေါင်း (၉၁)ရွာကို ကောက်ခွင့်မရခဲ့ပေ။[]

ပြည်တွင်းပြည်ပမှ လေ့လာစောင့်ကြည့်ရေးအဖွဲ့မျာယသည် တိုင်း/ပြည်နယ်/ပြည်ထောင်စုနယ်မြေ (၁၅)ခုမှ ခရိုင် (၄၁)ခု၊ မြို့နယ် (၁၂၁)မြို့နယ်တို့အား သွားရောက်၍ လေ့လာကာ တွေ့ဆုံမေးမြန်းမှု (၂၁၉၃)ခုအား ပြုလုပ်ခဲ့ကြသည်။

နိုင်ငံအနှံ့ ကောက်ယူရရှိလာသော သန်းခေါင်စာရင်းစာရွက်များကို နေပြည်တော်ရှိ ပြည်သူ့အင်အားဦးစီးဌာနတွင် အဆောက်အဦးတစ်ခုဖြင့် စနစ်တကျ သိမ်းဆည်းထားရှိသည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ ပုံရိပ်ဖတ်ခြင်းအပါအဝင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်အားလုံးကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ကြသည်။

အစီရင်ခံစာများထုတ်ဝေခြင်း

[ပြင်ဆင်ရန်]

၂၀၁၄သန်းခေါင်စာရင်း၏ ပထမအဆင့်အဖြစ် ရှေ့ပြေးလူဦးရေစာရင်း (သန်းခေါင်စာရင်းအစီရင်ခံစာ အတွဲ ၁) ထုတ်ဝေခြင်းကို ၂၀၁၄ခုနှစ် ဩဂုတ်လတွင် ထုတ်ဝေခဲ့သည်။ ထိုအစီရင်ခံစာတွင် ပြည်ထောင်စု၊ ပြည်နယ်/တိုင်း/ပြည်ထောင်စုနယ်မြေ၊ ပြည်နယ်/တိုင်း မြို့တော်များ၏ လူဦးရေ၊ လူဦးရေသိပ်သည်းမှုများ စသည့်လူဦးရေအချက်အလက်များ ပါဝင်သည်။ ထိုအချက်အလက်များသည် ပင်မအစီရင်ခံစာနှင့် အနည်းငယ်ကွဲလွဲသည်။

၂၀၁၅ခုနှစ် မေလတွင် သန်းခေါင်စာရင်းအစီရင်ခံစာ အတွဲ (၂)အဖြစ် ပြည်ထောင်စုပင်မအစီရင်ခံစာ၊ သန်းခေါင်စာရင်းအစီရင်ခံစာ အတွဲ (၂ - က)အဖြစ် သန်းခေါင်စာရင်းကညွှန်းဆိုသော မြန်မာပုံရိပ်၊ သန်းခေါင်စာရင်းအစီရင်ခံစာ အတွဲ (၃ က မှ ဏအထိ )အဖြစ် ပြည်နယ်/တိုင်းဒေသကြီး/ပြည်ထောင်စုနယ်မြေအစီရင်ခံစာများကို ထုတ်ဝေခဲ့သည်။ ပင်မအစီရင်ခံစာများရှိ ကိန်းဂဏန်းအချက်အလက်များသည် ​နောက်ဆုံးစစ်​ဆေးရရှိထားသည့် အမှန်တကယ်အချက်အလက်များဖြစ်သည်။

၂၀၁၆ခုနှစ် မတ်လတွင် သန်းခေါင်စာရင်းအစီရင်ခံစာ အတွဲ (၂ - ခ)အဖြစ် ပြည်ထောင်စု(အလုပ်အကိုင်နှင့်လုပ်ငန်း)၊ ၂၀၁၆ခုနှစ် ဇူလိုင်လတွင် သန်းခေါင်စာရင်းအစီရင်ခံစာ အတွဲ (၂ - ဂ)အဖြစ် ပြည်ထောင်စု(ကိုးကွယ်သည့်ဘာသာ) တို့ကို ထုတ်ပြန်ကြေညာခဲ့သည်။ အသေးစိတ်ဆန်းစစ်သည့် သုတေသနစာတမ်း (၁၃)စောင်၊ သန်းခေါင်စာရင်းမြေပုံစာအုပ်တို့ကို ၂၀၁၆ခုနှစ်နှင့် ၂၀၁၇ခုနှစ်များတွင် ထုတ်ဝေခဲ့သည်။[]

အစီရင်ခံစာအတွဲ အစီရင်ခံစာအမည် ထုတ်ဝေသည့်ခုနှစ်
ရှေ့ပြေးအစီရင်ခံစာ ဩဂုတ်လ ၂၀၁၄ခုနှစ်
ပြည်ထောင်စု မေလ ၂၀၁၅ခုနှစ်
၂ (က) သန်းခေါင်စာရင်းကညွှန်းဆိုသော မြန်မာပုံရိပ်
၃ (က) ကချင်ပြည်နယ်
၃ (ခ) ကယားပြည်နယ်
၃ (ဂ) ကရင်ပြည်နယ်
၃ (ဃ) ချင်းပြည်နယ်
၃ (င) စစ်ကိုင်းတိုင်းဒေသကြီး
၃ (စ) တနင်္သာရီတိုင်းဒေသကြီး
၃ (ဆ) ပဲခူးတိုင်းဒေသကြီး
၃ (ဇ) မကွေးတိုင်းဒေသကြီး
၃ (ဈ) မန္တလေးတိုင်းဒေသကြီး
၃ (ည) မွန်ပြည်နယ်
၃ (ဋ) ရခိုင်ပြည်နယ်
၃ (ဌ) ရန်ကုန်တိုင်းဒေသကြီး
၃ (ဍ) ရှမ်းပြည်နယ်
၃ (ဎ) ဧရာဝတီတိုင်းဒေသကြီး
၃ (ဏ) နေပြည်တော်ကောင်စီနယ်မြေ
၂ (ခ) ပြည်ထောင်စု (အလုပ်အကိုင်နှင့် လုပ်ငန်း) မတ်လ ၂၀၁၆
၂ (ဂ) ပြည်ထောင်စု (ကိုးကွယ်သည့်ဘာသာ)
အသေးစိတ်ဆန်းစစ်သည့် သုတေသနစာတမ်း (၁၃)စောင် ၂၀၁၆၊ ၂၀၁၇
သန်းခေါင်စာရင်းမြေပုံစာအုပ်
ရင်းမြစ်

အချက်အလက်များ

[ပြင်ဆင်ရန်]

လူဦးရေပျံ့နှံ့နေထိုင်မှု

[ပြင်ဆင်ရန်]

၂၀၁၄သန်းခေါင်စာရင်းကောက်ယူချိန်တွင် မြန်မာနိုင်ငံ၌ ပြည်နယ်/တိုင်းဒေသကြီး/ပြည်ထောင်စုနယ်မြေ (၁၅)ခု၊ ခရိုင် (၇၄)ခရိုင်၊ မြို့နယ်/မြို့နယ်ခွဲ (၄၁၂)ခု ဖွဲ့စည်းထားရှိသည်။၂၀၁၄ခုနှစ်တွင်ပင် မြို့နယ်ခွဲစကားရပ်အား ပယ်ဖျက်ခဲ့ပြီး မြို့နယ်ခွဲများ၏ အစီရင်ခံစာများ ထွက်ရှိလာချိန်တွင် မြို့နယ်ခွဲများမှာ သက်ဆိုင်ရာမြို့နယ်များမှ မြို့အဖြစ်သာ ကျန်ရှိတော့သည်။မြို့ပြ​ဒေသတွင်​နေထိုင်သူများဆိုသည်မှာ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၏ သက်ဆိုင်ရာဝန်ကြီးဌာနမှ တရားဝင်အမိန့်ပြန်တမ်းထုတ်၍ ဖွဲ့စည်းသတ်မှတ်ထား​သော ရပ်ကွက်များတွင် ​နေထိုင်သူများဖြစ်သည်။​ကျေးလက်​ဒေသ​နေထိုင်သူများဆိုသည်မှာ ထိုရပ်ကွက်များမှအပ ကျန်ရှိ​သော ​ကျေးရွာအုပ်စုများတွင် ​နေထိုင်သူများဖြစ်သည်။

သန်းခေါင်စာရင်းအရ ၂၀၁၄ခုနှစ် မတ်လ (၂၉)ရက် ညသန်းခေါင်ယံတွင် ပြည်ထောင်စု၏ လူဦးရေမှာ (၅၁,၄၈၆,၂၅၃) ဦးဖြစ်ကာ အမျိုးသား (၂၄,၈၂၄,၅၈၆)ဦး၊ အမျိုးသမီး (၂၆,၆၆၁,၆၆၇) ဦးဖြစ်သည်။ ထိုစာရင်းတွင် သန်းခေါင်စာရင်းမကောက်ယူနိုင်သည့် ဒေသများ၏ ခန့်မှန်းဦးရေ (၁,၂၀၆,၃၅၃) ဦး အပါအဝင်ဖြစ်သည်။၁၉၈၃သန်းခေါင်စာရင်းထက် (၄၆)ရာခိုင်နှုန်း ပိုမိုများပြားလာသည်။ ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေအများဆုံးနယ်မြေဖြစ်ကာ ကယားပြည်နယ်သည် လူဦးရေအနည်းဆုံးနယ်မြေဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်မြောက်ပိုင်းခရိုင်သည် လူဦးရေအများဆုံးဖြစ်ကာ ကရင်ပြည်နယ်ရှိ ဖာပွန်ခရိုင်သည် လူဦးရေ အနည်းဆုံးဖြစ်သည်။

လူဦးရေသိပ်သည်းဆ

[ပြင်ဆင်ရန်]

၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် (၇၆)ဦးဖြစ်သည်။ ၁၉၈၃ခုနှစ်နှင့် နှိုင်းယှဉ်လျှင် (၄၆)ရာခိုင်နှုန်း တိုးလာခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးသည် တစ်စတုရန်းကီလိုမီတာလျှင် (၇၁၆)ဦး၊ မန္တလေးတိုင်းဒေသကြီးသည် (၂၀၀)၊ ဧရာဝတီတိုင်းဒေသကြီးသည် (၁၇၇)ဦးဖြင့် အများဆုံးများဖြစ်ကာ ကယားပြည်နယ်သည် (၂၄)ဦး၊ ကချင်ပြည်နယ်သည် (၁၉)ဦး၊ ချင်းပြည်နယ်သည် (၁၃)ဦးဖြင့် အနည်းဆုံးများဖြစ်ကြသည်။

မြို့ပြ/ကျေးလက်လူဦးရေ

[ပြင်ဆင်ရန်]

ပြည်ထောင်စုတွင် မြို့ပြနေရာခိုင်နှုန်း ၃၀ရာခိုင်နှုန်း၊ ကျေးလက်နေရာခိုင်နှုန်း ၇၀ရာခိုင်နှုန်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးသည် မြို့ပြနေရာခိုင်နှုန်း ၇၀ရာခိုင်နှုန်းနှင့် အများဆုံးဖြစ်ကာ ဧရာဝတီတိုင်းဒေသကြီးသည် ၁၄ရာခိုင်နှုန်းနှင့် အနည်းဆုံးဖြစ်သည်။

လူဦးရေပိရမစ်

[ပြင်ဆင်ရန်]

၂၀၁၄ မြန်မာ့လူဦးရေပိရမစ်သည် အိုးပုံဖြစ်သည်။ ၁၉၈၃သန်းခေါင်စာရင်းတွင် လူငယ်လူရွယ်များ များပြားခဲ့သော်လည်း ၂၀၁၄သန်းခေါင်စာရင်းတွင် မွေးဖွားနှုန်းကျဆင်းမှုကြောင့် (ဝ-၄)နှင့် (၅-၉) လူဦးရေအုပ်စုမှာ ကျဆင်းလာကာ အလုပ်လုပ်နိုင်သော အသက်အုပ်စုတွင် များပြားလာသည်ကိုတွေ့ရသည်။လူဦးရေတွင် အသက် (၁၅)နှစ်အောက်အုပ်စုမှာ (၂၈.၆)ရာခိုင်နှုန်း၊ အသက် (၁၅-၆၄) အုပ်စုမှာ (၆၅.၆)ရာခိုင်နှုန်း၊ အသက် (၆၅)နှစ်နှင့်အထက်အုပ်စုမှာ (၅.၈)ရာခိုင်နှုန်းရှိသည်။

စာတတ်မြောက်မှု

[ပြင်ဆင်ရန်]

ပြည်ထောင်စု၏ စာတတ်မြောက်နှုန်းမှာ ၈၆.၉ရာခိုင်နှုန်းဖြစ်သည်။မြို့ပြတွင်နေထိုင်သူများတွင် (၉၃.၇)ရာခိုင်နှုန်း၊ ကျေးလက်တွင်နေထိုင်သူများတွင် (၈၃.၈)ရာခိုင်နှုန်း ဖြစ်သည်။ရန်ကုန်တိုင်းဒေသကြီးသည် (၉၅.၅)ရာခိုင်နှုန်းနှင့် အမြင့်ဆုံး၊ ရှမ်းပြည်နယ်သည် (၅၉.၄)ရာခိုင်နှုန်းဖြင့် အနိမ့်ဆုံးဖြစ်သည်။

မသန်စွမ်းမှု

[ပြင်ဆင်ရန်]

၂၀၁၄သန်းခေါင်စာရင်းတွင် မသန်စွမ်းမှုမေးခွန်းအဖြစ် (အမြင်၊ အကြား၊ လမ်းလျှောက်/ အမြင့်တက်/ ပစ္စည်းကိုင်တွယ်၊ သင်ယူလေ့လာခြင်း/မှတ်ဉာဏ်/အာရုံစူးစိုက်မှု) (၄)မျိုးမေးမြန်းခဲ့သည်။ပြည်ထောင်စုတွင် မသန်စွမ်းသူ (၂,၃၁၁,၂၅၀) ဦးဖြစ်သည်။ထိုအထဲတွင် အမြင် (၂.၅)ရာခိုင်နှုန်း၊ လမ်းလျှောက်/ အမြင့်တက်/ ပစ္စည်းကိုင်တွယ် (၁.၉)ရာခိုင်နှုန်း၊ သင်ယူလေ့လာခြင်း/မှတ်ဉာဏ်/အာရုံစူးစိုက်မှု (၁.၇)ရာခိုင်နှုန်း၊ အကြားတွင်အခက်အခဲရှိသူ (၁.၃)ရာခိုင်နှုန်း ဖြစ်သည်။

လုပ်သားအင်အားပါဝင်နှုန်း

[ပြင်ဆင်ရန်]

ပြည်ထောင်စုတွင် အသက် (၁၅- ၆၄) လုပ်သားပါဝင်နှုန်း (၆၇)ရာခိုင်နှုန်း ဖြစ်သည်။

ကလေးမွေးနှုန်း/သေနှုန်း

[ပြင်ဆင်ရန်]

ကလေးမွေးနှုန်းဆိုသည်မှာ အမျိုးသမီးများ ကလေးမွေးနိုင်သည့် အသက် (၁၅-၄၉) အုပ်စုကိုကျော်၍ အသက်ရှင်နေထိုင်ပြီး လက်ရှိအသက်အုပ်စုအလိုက် ကလေးမွေးမည်ဆိုပါက အမျိုးသမီးတစ်ဦး ကလေးမွေးဖွားနိုင်သည့် နှုန်းဖြစ်သည်။ မွေးနှုန်းကြမ်းဆိုသည်မှာ တစ်နှစ်အတွင်း လူ(၁၀၀၀)တွင် မွေးသည့်နှုန်းဖြစ်သည်။ ပြည်ထောင်စု၏ ကလေးမွေးနှုန်းမှာ ၂.၃ဖြစ်ပြီး၊ မွေးနှုန်းကြမ်းမှာ ၁၈.၈ဖြစ်သည်။ ၅နှစ်အောက်ကလေးသေနှုန်းမှာ ၇၂ဖြစ်သည်။

အိမ်အကြောင်းအရာ

[ပြင်ဆင်ရန်]

ပြည်ထောင်စုတွင် အိမ်ထောင်စု (၅)စု (၄)စုက အိမ်ပိုင်ဖြစ်သည်။ မြို့ပြဒေသတွင် အိမ်ပိုင်ဆိုင်သောအိမ်ထောင်စု (၆၆)ရာခိုင်နှုန်းနှင့် အိမ်ငှား (၂၀)ရာခိုင်နှုန်းဖြစ်သည်။ ပြည်ထောင်စုတွင် ရေလောင်းအိမ်သာအသုံးပြုသူ (၇၂.၂)ရာခိုင်နှုန်း ဖြစ်သည်။

ပြည်ထောင်စုတွင် စွမ်းအင်အတွက် လျှပ်စစ်မီးအသုံးပြုမှု (၃၂.၄)ရာခိုင်နှုန်းရှိသည်။ အိမ်ထောင် (၅)စုလျှင် (၄)စုမှာ လောင်စာအတခက် ထင်းနှင့် မီးသွေးကို အသုံးပြုကြသည်။သောက်ရေအတွက် သောက်သုံးရန်သင့်လျော်ကောင်းမွန်သောရေကို အသုံးပြုသူ (၆၉.၅)ရာခိုင်နှုန်း ရှိသည်။

နိုင်ငံခြားရွှေ့ပြောင်းနှုန်း

[ပြင်ဆင်ရန်]

အိမ်ထောင်စုများတွင် နိုင်ငံခြားရောက်နေသူ (၂)သန်းခန့်ရှိသည်။ထိုအထဲတွင် (၇၀.၂)ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည်။

ကူညီပံ့ပိုးပေးသူများ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]